ဒီဇင်ဘာလအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ချက်

 

တစ်လအတွင်းသုံးသပ်ချက်

ဒီဇင်ဘာလအတွင်း စုစုပေါင်း 18 ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို 18 ဦးအနက်မှ ကရင်နီတောင်သူ ၁ဝ ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၄၇၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ၊ ရခိုင်ပြည်နယ်မှ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ (က) နှင့် ၅၂ (က)၊ အောင်သပြေရွာသား ငါးဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၆ ဦးရှိခဲ့ပြီး ၎င်းတို့သည် ရခိုင်ပြည်နယ်ရှိ မင်းပြားမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဖြစ်ကြသည်။

ဒီဇင်ဘာလအတွင်း စုစုပေါင်း ရှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ရှစ်ဦးအနက်မှ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ အရပ်သား သုံးဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ ၁၅၃ သို့မဟုတ် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇၊ အောင်သပြေကျေးရွာမှ ရာအိမ်မှူး တစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း စုစုပေါင်း ၁၉ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလအတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း၊ မြောက်ဦးမြို့အတွင်းမှ လူငယ် ၂၄ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ.ဝ.က)မှ ဝန်ထမ်း သုံးဦး၊ Mytel ကုမ္ပဏီ ညွှန်ကြားရေးမှူး တစ်ဦးနှင့် ဝန်ထမ်း တစ်ဦးနှင့် အောင်တံခွန်(၇)ရေယာဉ်ပေါ်တွင် လိုက်ပါလာသော ယဉ်မောင်း (၁၆)ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

ဒီဇင်ဘာလ ၁ဝ ရက်နေ့သည် (၇၁) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများသည် အဖက်ဖက်မှ ဆိုးရွားစွာ ယိုယွင်း လျက်ရှိသည်။ မြန်မာနိုင်ငံတွင်း (၇၁) နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ချိုးဖောက်ခံရမှုများသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများ မည်ရွေ့၊မည်မျှအထိရှိနေသည်ကို ထုတ်ဖော် ပြသလျက်ရှိသည်။ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို ပို၍ ပေါ်လွင် ထင်ရှားစေရန် ထုတ်ဖော်ပြသနေ သည့် အခြင်းအရာ တစ်ရပ်မှာ-

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကျရောက်သော (၇၁) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံသည် ကမာ္ဘ့ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်  (Genocide Convention) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည်ဟူသော စွပ်စွဲချက်ကို  နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ စတင်ကြားနာခဲ့သည်။ ထိုအခြင်းအရာမှ အစိုးရသည် ၎င်း၏ နိုင်ငံသား တိုင်း၏ လူ့အခွင့်အရေးစံနှုန်းကို လေးစား လိုက်နာ၍ ကာကွယ်မှုပေးရန် လိုအပ်လျက်ရှိနေသည်ကို ထုတ်ဖော် ပြသနေပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများ တိုးတက်စေရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်ကို ထုတ်ဖော် ပြသနေသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးအခြေအနေများ တိုးတက် စေရန် အမြန်ဆုံး ဆောင်ရွက်ရာတွင် 

လူ့အခွင့်အရေး ချိုးဖောက်သူများ  ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေခြင်းကို အဆုံးသတ်၍ ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိလာစေရန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း၊ 
နစ်နာခဲ့ကြရသူများအတွက် ပြန်လည် အစားထိုးပေးလျော်ခြင်း အစီအစဉ်များ၊ ပြန်လည် ထူထောင်ခြင်းဆိုင်ရာ အစီအစဉ်များကို ဖော်ဆောင်မှုပြုပေးခြင်း
နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခြင်း၊ 
လွှတ်တော်အနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက် ဆက်နွယ်သည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း (အထူးသဖြင့် ခွဲခြားဆက်ဆံမူနှင့်ပတ်သက်သည့် ဥပဒေများ၊ လွတ်လပ်စွာပြောဆို၊ရေးသား၊ စီတန်းလှည့်လည် သည်များနှင့် သက်ဆိုင်သောဥပဒေများ)၊ 
ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းနှင့် တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လယ်သမားများ၊ အလုပ်သမားများ၊ အရပ်သားများအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းပေးခြင်း၊
အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းအားဖြင့် လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်မှု ပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

အသွင်ကူးပြောင်းရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာ၍ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အခြေအနေသည် ရုန်းကန်မှုများဖြင့်သာ ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဒီဇင်ဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ကြသော တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများသည် ဆက်လက်၍ ဖိနှိပ်ခံနေ ကြရဆဲ ဖြစ်သည်။ ဒီဇင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် စုစုပေါင်း ခုနှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်း၊ မခင်ချိုနိုင်နှင့် ကိုဇော်မြင့်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် မဆုရတနာမြင့်တို့ ဖြစ်ကြသည်။ 

လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ် ၍  ကာကွယ်မှုပေးထားသည်။ သို့သော်လည်း အသွင်ကူးပြောင်းရေးမှ ဒီမိုကရေစီသို့ ဦးတည်နေသော မြန်မာနိုင်ငံတွင် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်လျက်ရှိသည်ကို ပြသနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏  အပိုဒ် ၃၅၄(က) တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဌာန်းထားရှိသော်လည်း လေးစား လိုက်နာမှုမရှိခြင်းကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ပြဌာန်းထားသော နိုင်ငံတကာ စံနှုန်းများကို လေးစား လိုက်နာရန်မှာ အလှမ်းကွာဝေးဆဲဖြစ်သည်။ ထို့ကြောင့် ကမာ္ဘ့ကုလသမဂ္ဂ၏ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)ကို လက်မှတ်ရေးထိုး အတည်ပြုရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ရန်မှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ အစိုးရအား ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေ စံနှုန်းများကို လေးစားလိုက်နာခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်  အခြေခံလူ့အခွင့်အရေးကို မြှင့်တင်မှုပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

 

နိုင်ငံသားတို့၏လွတ်လပ်ခွင့်အပေါ်တားမြစ် ကန့်သတ်ခြင်းများ

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဖိနှိပ်မှုများအောက်တွင် ရောက်ရှိနေချိန်တွင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်များသည်လည်း တားမြစ် ကန့်သတ်မှုများအောက်တွင် ကျရောက်နေဆဲဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ အောင်သပြေ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီး တရားစွဲဆိုခြင်းခံထားရသည့် အောင်သပြေကျေးရွာမှ ဒေသခံ ငါးဦးဖြစ်သော ကိုနိုင်ထွန်းအောင်၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျနှင့် ရာအိမ်မှုး ကိုမိုးလင်းတို့သည် ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီး ၎င်းတို့အနက်မှ ကိုမိုးလင်းသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ အရပ်သားများ ထိုကဲ့သို့ ဖမ်းဆီး၊တရားစွဲဆိုမှုများ၊ ပြစ်ဒဏ် ချမှတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် နိုင်ငံသားများ အခွင့်အရေးများ ဆုံရှုံးဆဲဖြစ်သည်ကို ပြသနေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း နှောင့်နှေးစေ သည့် အခြင်းအရာ တစ်ရပ်လည်း ဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အမြန်ဆုံး မြှင့်တင်ခြင်းအားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့် ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population)၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွင်း အခြေအနေများသည် ဆက်လက် ဆိုးရွားနိမ့်ကျနေဆဲဖြစ်သည်။ အကျဉ်းထောင် တွင်း  အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်း၏ အကျိုးဆက်အနေဖြင့် အကျဉ်းထောင်များအတွင်းတွင် အမျိုးမျိုးသော ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် အကျဉ်းသားများ ၎င်းတို့၏ အခွင့်အရေးများ ချိုးဖောက်ခံနေကြရခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေကြရခြင်း၊ ခွဲခြားဆက်ဆံခံနေကြရခြင်းစသည်တို့ကို ရင်ဆိုင်နေကြရသည်။ ၎င်းပြင် ဒီဇင်ဘာလအတွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံအကျဉ်းထောင်တွင်း ထောင်ဆူပူမှု ဖြစ်ပွားခဲ့သည်။ ထိုအခြင်းအရာများ စနစ်တကျ ဆက်လက်ဖြစ်ပွားနေခြင်းမှ ရပ်တန့်ရန်နှင် အဆုံးသတ်ရန်အတွက် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လည်း အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အတွက် အစိုးရအား အစဉ်တစိုက် တိုက်တွန်းလျက်ရှိပြီး အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေး အလားအလာ အစီရင်ခံစာ၊ အကျဉ်းထောင်အတွင်း လူဦးရေ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာ စသည့် အစီရင်ခံစာများကိုလည်း       ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)၊ သက်ဆိုင်ရာ လွှတ်တော် ကော်မတီများ၊ အကျဉ်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း အသီးသီး နှင့် လက်တွဲ ဆောင်ရွက်လျက်ရှိပြီး အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ကျင်းပ ပြုလုပ်လျက်ရှိသည်။ 

ထိုကဲ့သို့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်း များရှိ ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population) ကာကွယ်စောင့်ရှောက်မှု ရရှိရန် မှာလည်း မဖြစ်မနေ လိုအပ်ပါသည်။ Key Population များသည် ထိခိုက်လွယ်သူများဖြစ်သည့်အတွက် အကျဉ်းထောင် အတွင်းတွင်လည်း သာမန်ထက်ပို၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ခံစား နေကြရသူများဖြစ်သည်။ သို့ဖြစ်၍ Key Population များအတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဆောင်၍ မြန်မာနိုင်ငံတွင်း Key Population များအတွက် လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင် ပါဝင်သော အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ AAPP ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပ ပြုလုပ်ခဲ့သည်။ ၎င်းပြင် ဒီဇင်ဘာလ ရ ရက်နေ့တွင် AAPP မှ ဦးဆောင်၍ ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ရှစ်ဦး၊ Key Population အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲ၌လည်း ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population) အတွက်ကို ထည့်သွင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးတွင် ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population)၏ အခန်းကဏ္ဍ ဟူသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်စောင်ကို ၂၀၂ဝ ခုနှစ်၊ မတ်လတွင် ထုတ်ဝေမည်ဖြစ်ပြီး အစိုးရ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီအသီးသီးကို ထိုအစီရင်ခံစာအား မျှဝေမည်ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ရခိုင်ဒေသတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီ ဖြစ်သည်။ ထိုလက်နက်ကိုင်တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်လာ လျက်ရှိခြင်းနှင့်အတူ ဌာနေတိုင်းရင်းသားများသည် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များ၏ သံသဖြင့်ဟူသော စွပ်စွဲမှုများဖြင့်  လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တချို့မှလည်း ထင်ရှားစွာ တွေ့မြင် နိုင်သည်။

ဖမ်းဆီးခံရခြင်းများ

ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်နွယ်မှုရှိသည် ဟူသော သံသယဖြင့် တပ်မတော်မှ ရခိုင်ဒေသခံ အရပ်သား (၁၆)ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအရပ်သား (၁၆)ဦးအနက် (၂)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းကို ခံထားရသည်။ 

ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ကိုသန်းလှိုင်နှင့် ကိုမောင်ကျော်လှတို့သည် ဈေးဝယ်ရာမှ ပြန်လာစဉ် ကျောက်တော်တောင်တွင် တပ်စွဲထားသော တပ်မတော်သားများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသောကြောင့် ကိုမောင်ကျော်လှသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ 

သတ်ဖြတ်ခံရခြင်းများ

တပ်မတော်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်၏ အလောင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့သည်။ ဦးကျော်အေးမောင်သည် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု တပ်မတော်မှ ထုတ်ပြန် ခဲ့သော်လည်း မိသားစုဝင်များနှင့် AA မှ ငြင်းဆိုခဲ့သည်။
ဒီဇင်ဘာလအတွင်း ပျောက်ဆုံးသွားခဲ့သော ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဒေသခံ ဦးနီသန်း နှင့် ဦးကင်းချေတို့ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။  ၎င်းတို့ စပါးသိမ်းရန်သွားရောက်သော နေရာအနီးတွင် တပ်မတော် တပ်မ(၆၆) ရှိနေသဖြင့် တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များမှ ယူဆကြသည်။

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ခဲ့သည့် အတွက် အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ အရပ်သား ခြောက်ဦးသည် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ၎င်းပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြောက်ဦး၊ မြေပုံနှင့် ပလပ်ဝ မြို့နယ်တို့မှ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ခုနှစ်ဦး သေဆုံးခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပလပ်ဝ မြို့နယ်တို့မှ ကလေးငယ် ခြောက်ဦးအပါအဝင် အရပ်သား ၃၅ ဦးသည် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ 

ရက္ခိုင့်တပ်တော်မှ ဖမ်ဆီးမှုများ

ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်တော် (AA)မှ အရပ်သား စုစုပေါင်း (၄၆) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအရပ်သား (၄၆) ဦးအနက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း သည် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း AA မှ သတင်း ထုတ်ပြန်ခဲ့သည်။ 

လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသောကြောင့် နစ်နာခဲ့သူ များအတွက် တရားမျှတမှုရှာဖွေရန်မှာ ရပ်တန့်သွားခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများကို ကျော်လွှားနိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများမှ တားဆီး ကာကွယ်ရန် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေသော သဘောသဘာဝကိုလည်း အဆုံးသတ်ရမည် ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးအတွက် အာမခံချက်ရှိသော နိုင်ငံတကာသဘောတူစာချုပ်များ ဖြစ်သည့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)၊ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)စသည့် နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး အတည်ပြု ရမည် ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ရခိုင်ဒေသ ပဋိပက္ခနှင့် ဆက်နွယ်၍ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ စာရင်းပြုထားချက်များအရ  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ ရခိုင်ဒေသ၌ တစ်နှစ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် ရခိုင်ဒေသခံ နိုင်ငံရေးအကျဉ်းသား  (၇) ဦးရှိပြီး  ထောင်တွင်း၌ တရားရင်ဆိုင်နေကြရသော ရခိုင်ဒေသခံ (၁၂၁) ဦးနှင့် ထောင်ပြင်ပ၌ တရားရင်ဆိုင်နေကြရသော ရခိုင်ဒေသခံ (၉) ဦး ရှိသည်။ အောက်ဖော်ပြပါပုံတွင်လည်း ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။

ကလေးစစ်သားအဖြစ်စုဆောင်းခံရခြင်းများ

မြန်မာနိုင်ငံသည် ကမာ္ဘ့ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု ဆိုင်ရာ နောက်ဆက်တွဲ အခြေပြုစာချုပ် ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံရမှုများသည် ဆက်လက် ရှိနေဆဲဖြစ်သည်ကို တွေ့ရှိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ပျောက်ဆုံးသွားခဲ့သော ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ အသက် ၁ရ နှစ်အရွယ် မောင်အောင်နိုင်ဝင်းသည် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရပြီး ဒီဇင်ဘာလအတွင်းတွင် တပ်မတော်မှ ၎င်းကို ၎င်း၏ဖခင်ထံ ပြန်လည် အပ်နှံခဲ့သည်။ 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်အောလွီစေးနှင့် ဖယ်ခုံမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာမှ အသက် ၁ရ နှစ်အရွယ် မောင်အာဗြာဟန် တို့သည် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံထားကြရပြီး ၎င်းတို့၏ မိခင်နှစ်ဦးမှ ၎င်းတို့၏ ကလေးနှစ်ဦး  ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရသည့်အခြေအနေများကို ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍  ရှင်းလင်း တင်ပြခဲ့ကြသည်။  ထို့ပြင်မောင်အောလွီစေးသည်  ညဏ်ရည်  ချို့ယွင်းသော ကလေးတစ်ဦး ဖြစ်ကြောင်းလည်း သိရှိ ရသည်။

အရွယ်မတိုင်မီတွင် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ကြရသည့်အတွက် ကလေးသူငယ်များတွင် ၎င်းတို့၏ ရှေ့ဆက် ရမည့် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်သာမက ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင်လည်း ထိခိုက်မှုများကို ရင်ဆိုင် ခံစားကြရမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စာချုပ် နှစ်ခုကို လက်မှတ်ရေးထိုး အတည်ပြုပြီးသည့် နိုင်ငံဖြစ်သည့်အလျှောက် ထိုစာချုပ်ပါ ပြဌာန်းချက်များကို လေးစားလိုက်နာ၍ ကာကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ မြန်မာနိုင်ငံတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံထားရမှုများကို ဆန်းစစ် လေ့လာ၍ ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ 

လယ်ယာမြေရေးရာ ကိစ္စရပ်များ

ဒီဇင်ဘာလအတွင်းတွင်လည်း သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများ ပြဿနာများသည် လျော့ကျ သွားခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်ကို တွေ့ရှိရသည်။ ဒီဇင်ဘာလအတွင်း လယ်ယာမြေအရေး နှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြထားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံမြေယာများအား လျော်ကြေးမပေးဘဲ အမှုပိတ်သိမ်းမည်ဟု ဆုံးဖြတ်ခဲ့၍ လျော်ကြေးရရှိရေးအတွက် မူလမြေပိုင်ရှင်များမှ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဒူးယားကျေးရွာမှ သိမ်းဆည်းခံ ခြံမြေ၊ လယ်ယာမြေများနှင့် အသုံးမပြုသော မြေကွက်များကို ပြန်လည် ပေးအပ်ရန် ဒူယားကျေးရွာ ဒေသခံ ၅ဝ ခန့်မှ ဆန္ဒ ဖော်ထုတ်ခဲ့သည်။
မြန်မာယန်စီကုမ္ပဏီမှ ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းထားသည့် မြေယာများကို လျော်ကြေး ပေးအပ်ရန်နှင့် ချင်းတွင်းမြစ်ရေ သုံးစွဲခွင့်ရရှိရေးအတွက် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ဒေသခံ ၂၀ဝ ခန့်မှ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။ 

၂၀၁၆ ခုနှစ်၊ မေလတွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုဗဟိုဗဟိုကော်မတီသို့  သုံးနှစ်အတွင်း တိုင်ကြားစာပေါင်း ၃၄၈ဝ ပေးပို့ခဲ့သော်လည်း ငါးစောင်သာ အကြောင်းပြန်ကြားကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ကြောင့် လယ်ယာရေးရာကဏ္ဍသည် အလွန်အမင်း ထိခိုက်လွယ်သော အနေအထားသို့ ရောက်ရှိနေပြီး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာ ဆက်လက် ဖြစ်ပွားဆဲဖြစ်သော သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများ ပြေလည်နိုင်ခြင်းမရှိခြင်းသည် ဌာနေတိုင်းရင်းသားများနှင့် တောင်သူလယ်သမားများကို ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်သောအားဖြင့် လယ်ယာမြေအရေးကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                                           +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည်   တွဲဘက်အတွင်းရေးမှူး                            +၆၆(၀) ၈၁၉  ၆၂၈  ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ                          +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈ 














 
















ရက်ခိုငျ့တပျတောျမှ ဖမျဆီးမှုမြား








လယျယာမွရေေးရာ ကိစ်စရပျမြား




 









