ထောက်ခံအားပေးမှုနှင့် တိုက်တွန်းလှုံ့ဆော်ခြင်း

၂၀၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့သည် အေအေပီပီအတွက်  မှတ်တိုင်စိုက်ထူနို်င်ခဲ့သော ကာလတစ်ခု ဖြစ်ခဲ့ပါသည်။ အတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်တို့သည် ၁၉၉ရ ခုနှစ်နှင့် ၁၉၉၉ ခုနှစ် မှအစပြုကာ မြန်မာနိုင်ငံမှ အသီးသီးထွက်ခွါခဲ့ကြပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိ ခဲ့ကြပါသည်။  ထိုအချိန်မှ အစပြု၍ ၂၀၁၃ ခုနှစ်ကာလတစ်လျှောက်လုံး ၎င်းတို့နှစ်ဦးသည်  မြန်မာနိုင်ငံအတွင်း အနေများခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် အေအေပီပီ ရုံးခွဲနှစ်ခု ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပါသည်။  မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးများအတွက် လုပ်ကိုင်နေကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ဖေါ်ကိုင်ဖက်များအား ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်အတွက် ၎င်းတို့ (၂) ဦးစလုံးသည် ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်။  မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိ်မ်ရောက်ရှိစဉ်အတွင်း အေအေပီပီ (မြန်မာနိုင်ငံ) သည် သမ္မတရုံး ဝန်ကြီးများနှင့်တွေ့ဆုံခဲ့ပြီး အစိုးရနှင့် စတင်စကားပြောဆိုဆွေးနွေးနိုင်ခဲ့သလို ပြည်တွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လည်း ပြောဆိုဆွေးနွေးနိုင်ခဲ့ပါသည်။

အေအေပီပီ၏ အဓိကအခန်းကဏ္ဍသည် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသောအဖြစ်အား အရေးကြီးသည့် ကိစ္စရပ်တစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းအား သိရှိစေပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံအစိုးရအား ဆက်လက်တိုက်တွန်း ဖိအားပေးရန် ဖြစ်သည်။  ၂၀၁၃ ခုနှစ် အကုန်တွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ကြောင်း ကမ္ဘာအား ပြောကြားခဲ့ပါသည်။ ထိုပြောဆိုမှုသည် မမှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရနှင့် စီစစ်သဘောတူညီမှုအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၃၁) ဦးသည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပါသေးသည်။ အေအေပီပီအနေဖြင့် ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်း လက်ရှိကာလတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အသိအမှတ်ပြုပြီး ၎င်းတို့ အကျဉ်းထောင်များမှ လွတ်မြောက်ရေးအတွက်လည်း ဆက်လက်လှုံ့ဆော်လုပ်ကိုင်သွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအရေး အစိုးရအဖွဲ့ဝင်များနှင့်ဆွေးနွေးလုပ်ကိုင်မှုများသည် ခက်ခဲကာ တိုးတက်ဖြစ်ထွန်းမှု နှောင့်နှေးသော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီသည် အနာဂတ်နိုင်ငံရေးအကျဉ်းသား အရေးကိစ္စအတွက် အလွန်ပင်အရေးကြီးလှပါသည်။  အေအေပီပီ (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်သည် ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တွင်လည်း ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။  အေအေပီပီ (မြန်မာနိုင်ငံ)သည် ထိုကော်မတီ၏လုပ်ငန်းစဉ်များအား ဆက်လက်ထောက်ခံမည်ဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံး၏ လွတ်မြောက်မှုအတွက်လည်း ဆက်လက် လှုံ့ဆော်စည်းရုံး သွားမည်ဖြစ်သည်။

မြန်မာပြည်အတွင်းတွင် အေအေပီပီ၏အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးမှ အစိုးရအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်များအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် အပါအဝင် လူထုအခြေပြုအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြားဩဇာရှိသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့ပါသည်။  နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုသိရှိနိုင်ရန်အတွက် ကိုတိတ်နိုင်နှင့် ကိုဘိုကြည်တို့သည် မြန်မာနိုင်ငံတဝှမ်းလုံးအား သွားရောက်ခဲ့ပြီး အေအေပီပီပြည်တွင်းတွင် တည်ရှိနေကြောင်း ခိုင်မာစေရန် နှင့် အေအေပီပီမှ ၎င်းတို့၏ လုပ်ဖေါ်ကိုင်ဖက်များနှင့် အတူပူးပေါင်းဆက်ဆံရေး မြဲမြံစေရန် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်သည် လက်ရှိနိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများကို သိရှိစေရန်အတွက် ကမာ္ဘ့ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကွင်တားနားနှင့် တွေ့ဆုံခဲ့ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အေအေပီပီရုံးမှလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့အား နောက်ဆုံးရရှိထားသော နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်များ နှင့် သတင်းမှတ်တမ်းများကို  ပေးအပ်ခဲ့ပါသည်။

အေအေပီပီသည် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်ကြီး၏ ကိုယ်စားလှယ်များ နှင့် ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတကာမှ အရေးပါသော ပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပါသည်။  အေအေပီပီမှ အမေရိကန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ချက် ရီပတ်ဘလစ်၊ ဩစတေးလျ နိုင်ငံများအပါအဝင် ကမာ္ဘတစ်ဝှမ်းမှ သံအမတ်များ သံရုံးကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံခဲ့သလို ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။  အေအေပီပီမှ ကိုတိတ်နိုင်နှင့် ကိုဘိုကြည်တို့သည်  နိုင်ငံတကာမှကျင်းပပြုလုပ်သည့် ညီလာခံများတွင်လည်း မိန့်ခွန်းများ ပြောကြားခဲ့ကြသလို နိုင်ငံတကာနှင့် ပြည်တွင်းမှ သတင်းဌာနများ၏ တွေ့ဆုံမေးမြန်းခန်းများကိုလည်း ဖြေကြားခဲ့ကြပါသည်။  ထိုတွေ့ဆုံမေးမြန်းမှုများပြုလုပ်သည့် ပြည်တွင်းသတင်းဌာနများတွင် ဒီမိုကရက်တစ်မြန်မာ့အသံ၊ ဧရာဝတီနှင့် လွတ်လပ်သော အာရှအသံတို့လည်း ပါဝင်ပါသည်။