ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်

နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ၎င်းတို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်နှင့် တွဲလျက် မျှတမှုမရှိသည့် ရာဇဝတ်မှုပြစ်ဒဏ်မှတ်တမ်းနှင့် ထောင်တွင်းကာလကြာမြင့်စွာ နေထိုင်ခဲ့ရသည့်အတွက် အလုပ်အကိုင်များ ပြန်လည်ရရှိရေး (သို့) ပညာဆက်လက် သင်ကြားနိုင်ရေးတို့အတွက် ခွဲခြားဆက်ဆံခံရမှုများ တွေ့ကြုံနေကြရပါသည်။  အတိတ်ကာလများတွင် အလုပ်ရှင်များမှ နိုင်ငံရေးအကျဉ်းသားများအား အလုပ်ခန့်ခဲ့ပါက ထိုအလုပ်ရှင်များသည် ခြိမ်းခြောက်နှောက်ယှက်ခံရခြင်းများ တွေ့ကြုံရပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ဘဝများ ပြန်လည်ထူထောင်ရာတွင် ၎င်းတို့၏သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ထောက်ပံမှုဖြင့် အလုပ်အကိုင်ရှာဖွေရာ နေ့စဉ်ဘဝများအား ခက်ခဲစွာ ဖြတ်သန်းခဲ့ရပါသည်။  ထိုအထက်ပါအစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများအား တက္ကသိုလ်အဆင့်မြင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ကားမောင်းသင်တန်း၊ ဘာသာစကား သင်တန်းများကို ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။   ထိုအစီအစဉ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလမှ အစပြုပြီး မြန်မာနိုင်ငံတစ်ဝှမ်း၏ နေရာတော်တော်များနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားမြောက်များစွာအား ထောက်ပံ့ကူ ညီပေးနိုင်ခဲ့ပါသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများ ထောင်ချခံရခြင်းသည် ၎င်းတို့ကန့်သတ်ချုပ်ချယ်ခံရသည်သာမက မိသားစု ဝင်ငွေမလောက်မင ဖြစ်ခဲ့သည့်အတွက် ၎င်းတို့၏ သားသမီးများ၊ မိသားစုဝင်များပါ ကျောင်းနေခွင့်များ ဆုံးရှုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများသည် ၎င်းတို့၏ အဓိကဝင်ငွေ မရှိပဲ ရပ်တည်ရသည့်အတွက် အခြေခံပညာရေးအဆင့် သင်ကြားရန်ပင် အဆင်မပြေမှုများနှင့် မကြာခဏ ကြုံခဲ့ရပါသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသူ/သားတို့၏ သား၊သမီး ဦးရေပေါင်း (၂၃၄) ဦးကို အခြေခံပညာ ရေးနှင့် အထက်တန်းပညာရေးတို့အတွက် ကျောင်းများ တက်ခွင့်ရရန် ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီး ထိုပညာသင်ကြေးမှ ကျောင်းသူ/သားများ၏ ကျောင်းဝတ်စုံ၊ ကျောင်းစရိတ် နှင့် ပညာရေး သင်ထောက်ကူပစ္စည်းများ၊ အစားအစာနှင့် ပို့ဆောင်ရေးတို့အတွက် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါသည်။ လက်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ မိသားစုဝင်များ နှင့် ၎င်းတို့၏ အရွယ်ရောက်သားသမီးများ စုစုပေါင်း (၃၄) ဦးအတွက် တက္ကသိုလ် အဆင်မြင့်ပညာရေးများကို အေအေပီပီ၏ အထက်ပါ အစီအစဉ်မှ ကူညီပံ့ပိုးပေးခဲ့ပါသည်။  စုစုပေါင်း (၁၂၈) ဦးအား ကွန်ပျူတာသင်တန်းများ တက်ရောက်ရန် ကူညီပေးနိုင်ခဲ့ပြီး (၄၆) ဦး အား ကားမောင်းသင်တန်းများ တက်ရောက်နိုင်ရန် ကူညီပေးနိုင်ခဲ့ပါသည်။  ၂၀၁၄ ခုနှစ်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဆက်လက်ဖမ်းဆီးဆဲ ဖြစ်နေသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်ခံစားနေရသည်များကို လျော့ပါးနိုင်သမျှ လျော့ပါးနိုင်စေရန်အတွက် ဆက်လက်ကူညီထောက်ပံ့ပေးရန် လိုအပ်ပါသည်။ လက်ရှိနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတို့၏ မိသားစုဝင်များ၊ သား/သမီးများအား ပညာရေးအတွက် ကူညီထောက်ပံ့ပေးခြင်းသည် အေအေပီပီ ထောက်ပံ့ရေး အစီအစဉ်၏ အဓိက အခန်းကဏ္ဍဖြစ်ပါသည်။