လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် နိုဝင်ဘာလအတွက် လစဉ်အစီရင်ခံစာထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

နိုဝင်ဘာလအတွင်း စုစုပေါင်း ၆၃ ဦးသည် အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၆၃ ဦးအနက်မှ ပန်ဒါ အလုပ်သမားသပိတ်ကို ဦးဆောင်သူ အလုပ်သမား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၈၊၁၉၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ အဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သား တစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ လယ်သမားခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၀၊ ၅၀၆၊ ၁၁၄၊ ၃၃၂၊ ၂၉၄၊ စကြီးရွာသား ၅ဝ ဦးသည် ပြည်သူ့ ဝန်ထမ်းကို နှောင့်ယှက်ဟန့်တားမှုဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာလတွင်း စုစုပေါင်း ၂ဝ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၂ဝ ဦးအနက် အရပ်သား ၁ဝ ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၄ရ ဖြင့် လယ်သမားတစ်ဦး၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ABSDF မှ အဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သား တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀၊ ၅၀၆၊ ၁၁၄၊ ၃၃၂၊ ၂၉၄ ဖြင့်  လယ်သမားခြောက်ဦးတို့ကိုမှု သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလတွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၁၆ ဦးရှိသည့်အနက်မှ လယ်သမားတစ်ဦးနှင့် လယ်သမားအရေး လှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ အရပ်သားတစ်ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နောက်ထပ် အရပ်သား တစ်ဦးသည် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)၊ အောင်သပြေကျေးရွာမှ လယ်သမား ငါးဦးသည် ရာဇသတ်ကြီး ပုဒ်မ ၃၄၁ တို့ဖြင့် အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လယ်သမား လေးဦးနှင့် အီလဲဗင်း သတင်းဌာနမှ သတင်းသမား သုံးဦးတို့အား စွဲဆိုထားသော စွဲချက်များကိုမှု သက်ဆိုင်ရာ တရားရုံးအသီးသီးမှ ရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သည်။

နိုဝင်ဘာလတွင်း စုစုပေါင်း ၂၉ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်း နှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေသည် ဖိနှိပ်ထားသော ဥပဒေတစ်ခု ဖြစ်ဆဲကို နိုဝင်ဘာလတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ် များဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ မွေးနေ့တွင် ၎င်း၏ရုပ်ပုံပါသည့် မီးပုံးပျံကို လွှင့်တင်ခဲ့ခြင်းအတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ အရပ်သား ဦးလှထွန်းကျော်သည် ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်တစ်ဦး မိုးညှင်းမြို့တွင် ကွယ်လွန် သွားသဖြင့် ABSDF ၏ မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦးမှ ပြန်တမ်းစာလာဖတ်ခြင်းကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၏ လှုပ်ရှားမှုနယ်မြေအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခဲ့သည်ဟု ဆိုကာ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင်တို့ကို ဖမ်းဆီး၊အမှုဖွင့်ခဲ့ခြင်းတို့မှ ထင်ရှားစွာ ပြသနေသည်။ ၂၀၀၅ ခုနှစ်ကတည်းက ABSDF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခြင်းခံထားရ ပြီးသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ ထိုဖမ်းဆီးမှု သည် NCA အပေါ် လေးစားလိုက်နာမှု၊ အသိအမှတ်ပြုမှု မရှိသည်ကို ညွှန်းဆိုပြသနေသည့်ပြင် NCA လက်မှတ်ရေးထိုး ပြီးသည့် အဖွဲ့အစည်းများအပေါ် ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည့်အတွက် ထိုအခြင်းအရာသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို နှောင့်နှေး၊ဆုတ်ယုတ်သွားစေသော ပြယုဂ်တစ်ခုဖြစ်သည်။ ထို့ပြင် NCA လက်မှတ် ရေးထိုးရခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်မှုကိုလည်း ပျက်ပြားသွားစေနိုင်မည့် အခြင်းအရာလည်း ဖြစ်သည်။ NCA ၏ အပိုဒ် ၈(က)တွင် လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာသွားလာ ခွင့်ပြုရန်ဟု ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရနေဖြင့် ရေရှည် တည်တံ့သော၊ အပြုသဘောဆောင်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်ရန်အတွက် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသူများအားလုံးကို ချွင်းချက်မရှိ၊ အမြန်ဆုံး လွှတ်ပေးပါရန် တိုက်တွန်းပါသည်။ ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ ကြိမ်ဖန်များစွာ တိုက်တွန်း လျှက်ရှိသည့် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ၁၉၀၈ မတရားအသင်း ဆက်သွယ်မှုဥပဒေကို ရုပ်သိမ်းပေးပါရန်လည်း တိုက်တွန်းပါသည်။

ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားများသည် မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှု များကို ဆက်လက် ရင်ဆိုင်နေကြရဆဲဖြစ်ပြီး ထိုလုပ်ရပ်များကို အာဏာရှိသူများမှသာ အများဆုံးကျူးလွန်လေ့ရှိသည်။ နိုဝင်ဘာလ တွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှလည်း ထပ်မံ၍ ထုတ်ဖော်ပြသလျှက်ရှိသည်။

  • တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် လူငယ်ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း၊ ကျောက်မဲမြို့နယ်တွင် ဒေသခံရွာသား တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း
  • တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၁ဝ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် အရပ်သား ငါးဦးကို ပြန်လည် လွှတ်ပေးခဲ့ခြင်း
  • ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဝတ်စုံ ဝတ်စုံဝတ်ဆင်ထားသူများ ကနေသည့် သီချင်းမှတ်တမ်း ကို ဖုန်းအတွင်း ထည့်ထားသည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ဘေးရှောင် စခန်းတွင် နေထိုင်ကြသူ နှစ်ဦးကို  တပ်မတော် တပ်ဖွဲ့ဝင်များမှ  ငါးနာရီကြာ ဖမ်းဆီး ရိုက်နှက်ခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးကို  ပြန်လည် လွှတ်ပေးခဲ့သည်။

မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများသည် လူတစ်ဦး၏ လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တိုက်ရိုက် ချိုးဖောက် ခြင်းဖြစ်သည်။ စစ်အစိုးရဟောင်းများလက်ထက်မှ အရပ်သားအစိုးရလက်ထက်ထိတိုင်အောင် ထိုအခြင်းအရာများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ယခင်ကဖြစ်ပွားခဲ့သော ချိုးဖောက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းကြောင့် ဖြစ်သည်။ ကျူးလွန်သူများအပေါ် ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသရွေ့ နိုင်ငံသားများ ၏ လုံခြုံခွင့်ကို ဆက်လက် ခြိမ်းခြောက်နေဦးမည်ဖြစ်သည်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၅၃အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိိုဒ် ၅ နှင့် အပိုဒ် ၉နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ရ နှင့် အပိုဒ် ၉ တို့တွင် မည်သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မည်သူ့ကိုမျှ ဥပဒေအရ ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည့်အတွက် အစိုးရအနေဖြင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ကာကွယ်မှုပေးပါရန် တိုက်တွန်းပါသည်။

တိုင်းရင်းသားဒေသများတွင် နေထိုင်သူများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ခြိမ်းခြောက်လျှက်ရှိချိန်တွင်       တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ၏ လုပ်ရပ်များကြောင့် ပြည်သူများကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

  • နိုုဝင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အလုံမြို့နယ် ရဲတပ်ဖွဲ့မှ Babylon Trekking & Camping Tour ၏ ဒါရိုက်တာဖြစ်သူ ကိုအောင်စိုးထိုက်ကို ဖုုန်းသူခိုုးတရားခံနှင့်မှားယွင်းဖမ်းဆီးခဲ့ပြီး နှိပ်စက်ဝန်ခံခိုင်းခဲ့သည်။
  • နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုုင်းဒေသကြီး၊ ထားဝယ်မြို့မရဲစခန်းမှ ထားဝယ်ဆေးရုံကြီးဝင်း အတွင်း၌ နေထိုင်သော နဝမတန်းကျောင်းသား တစ်ဦးအား သူခိုးဟုစွပ်စွဲ၍ သံသယဖြင့် ဖမ်းဆီးရိုက်နှက် စစ်ဆေး ခဲ့သောကြောင့် ထိုကျောင်းသားသည် ဆေးကုသမှုခံယူနေရသည်။

တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ မတရားသဖြင့် ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်၊ စစ်ဆေးခြင်းများသည် အသွင်ကူးပြောင်းရေးအတွက် အားယူလျှက်ရှိသော မြန်မာနိုင်ငံအတွက် နောက်ပြန်ဆုတ် စေသော အခြင်းအရာတစ်ရပ်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ဥပဒေများကို လေးစားမှု၊ လိုက်နာမှုနှင့် သဘောပေါက် နားလည်မှု ရှိ၊မရှိဆိုသည်ကိုလည်း သံသယဖြစ်လာစေသည်။ ကမာ္ဘ့ကုလသမဂ္ဂ၏ ဥပဒေကို ကြပ်မတ် ထိန်းသိမ်းသူ များအတွက် ကျင့်ဝတ် စည်းမျဉ်းများ အပိုဒ် ၈ တွင် ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူများသည် ဥပဒေနှင့် ၎င်းတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး မည်သည့် ချိုးဖောက်မှုများကိုမဆို ဆန့်ကျင်၍ တားဆီးကာကွယ်ရမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ရာဇသတ်ကြီး ပုဒ်မ ၃၃ဝ နှင့် ပုဒ်မ ၃၃၁ တို့တွင် ချောက်လှန့်၍ ဖြောင့်ချက်ယူရန်ဖြစ်စေ၊ ပစ္စည်းကို ပြန်ပေးအောင် အတင်းအဓမ္မ ပြုလုပ်ရန်ဖြစ်စေ မိမိအလိုအလျောက် နာကျင်စေမှုဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်နေသူများကို ၎င်းတို့၏ ဌာနဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့်သာ အရေးယူခြင်းသည် လုံလောက်ခြင်းမရှိသည့်အတွက် ရာဇသတ်ကြီးဥပဒေဖြင့်လည်း ထိရောက်စွာ အရေးယူရမည်ဖြစ်သည်။ ထို့ပြင် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်းတို့ကြောင့် နစ်နာခဲ့ရသူများကို ပြန်လည်ကုစားပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ပေးပါရန် လည်း အစိုးရအား တိုက်တွန်း၊အကြံပြုအပ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း သံသယဖြင့် ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်မှုများကြောင့် တရားစီရင်ရေးကဏ္ဍကို တိမ်းစောင်းမှုများ ဖြစ်ပေါ်စေသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးမှ စစ်တွေမြို့တွင် လက်လုပ် မိုင်းသုံးခု ပေါက်ကွဲခဲ့မှုနှင့် ဆက်နွယ်၍ သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသူ စစ်တွေမြို့မှ ဦးမောင်အေးဝင်းအား ထောင်ဒဏ်အနှစ် ၃ဝ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမှုကိုလိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်မှ အမှုများကိုု စစ်ဆေးရာတွင် အစိုးရဘက်မှ မျက်မြင်သက်သေတစ်ဦးမှ တင်ပြနိုင်ခြင်းမရှိဘဲ ကြီးလေးသည့်ပြစ်ဒဏ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တိုးတက်ကောင်းမွန်သော တရားမျှတမှုရရှိစေရန် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း(၂၀၁၈-၂၀၂၂)ကို အကောင်အထည်ဖော်လျှက်ရှိချိန်တွင် ထိုအခြင်းအရာသည် တရားစီရင်ရေးကဏ္ဍအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထို့ကြောင့် တရားစီရင်ရေးကဏ္ဍတွင် ချို့ယွင်း၊အားနည်းမှု များဖြစ်ပေါ်ခြင်းမရှိစေရန် အစိုးရအနေဖြင့် ထိုအမှုဖြစ်စဉ် အား ပြန်လည်သုံးသပ်၍ လွတ်လပ်၍ အမှီအခိုကင်းစွာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးပါရန် တိုက်တွန်းပါသည်။

ငြိမ်း၊စု၊စီဥပဒေသည် တက်ကြွလှုပ်ရှားသူများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှ ရပ်တန့်သွားစေရန်အတွက် ကန့်သတ်၊ဖိနှိပ်ထားလျှက်ရှိပြီး နိုဝင်ဘာလတွင်းတွင် အလုပ်သမားများကိုပါ ကန့်သတ်၊ ဖိနှိပ်ထားလျှက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပန်ဒါချည်မျှင်နှင့် အထည်ချုပ်စက်ရုုံမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်ပွဲ တွင်  ဦးဆောင်ပါဝင်ခဲ့ခြင်းအတွက်  နိုဝင်ဘာလ ၉  ရက်နေ့တွင် အလုပ်သမား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုုဒ်မ ၁၈၊ ပုဒ်မ ၁၉  ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံကျသော လူ့အခွင့်အရေး ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၃၅၄တွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မှု ပေးထားသည်။ အခြေခံကျသော လူ့အခွင့်အရေးများ ဆုံးရှုံးနေသရွေ့ စစ်မှန်သော ဒီမိုကရေစီအသိုင်းအဝန်း တည်ဆောက်ခွင့်သည်လည်း ဆုံးရှုံးနေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ငြိမ်း၊စု၊စီဥပဒေကို ပြန်လည် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ငြိမ်း၊စု၊စီဥပဒေဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများအားလုံးကို အမြန်ဆုံး လွှတ်ပေးခြင်းတု့ိကို ဆောင်ရွက်ခြင်းအားဖြင့် ၎င်း၏နိုင်ငံသားများအတွက် အခြေခံကျသော အခွင့်အရေးများကို ဖော်ဆောင်ပေးပါရန် တိုက်တွန်း အကြံပြုပါသည်။

နိုဝင်ဘာလအတွင်းတွင်လည်း လယ်ယာမြေအရေးသည် ခြိမ်းခြောက်မှုများအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ အစိုးရမှ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင်ဆင်၍ အသစ်ပြဋ္ဌာန်း ခဲ့သည်။ သို့သော်လည်း ထိုဥပဒေ ပြဋ္ဌာန်းချက်များအရ ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားဒေသများ၊ ဘိုးဘွား စဉ်ဆက် လုပ်ကိုင်လာပြီး မြေယာ ပိုင်ဆိုင်မှု စာရွက်စာတမ်း မရှိသည့်ပြင် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် နေထိုင်သည့် တောင်သူလယ်သမားများအတွက် ခြိမ်းခြောက်မှုများဖြစ်စေ၍ ကန့်ကွက်မှုများဖြစ်ပေါ်လျှက်ရှိသည်။ ထို့ပြင် ကချင်၊ ရှမ်း အပါအဝင် တိုင်းရင်းသား စစ်ဘေးရှောင်များ၏ မြေယာများကို ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ မှတ်ပုံတင်ကာ သိမ်းပိုက်ရယူသွားမည်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှလည်း စိုးရိမ်လျှက်ရှိသည်။ ထိုမျှသာမက အဆိုပါ ဥပဒေကို ချိုးဖောက်ပါက ပို၍ ပြင်းထန်သော ပြစ်ဒဏ်များလည်း ချမှတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် လယ်ယာမြေများ ဆုံးရှုံးရမည့်အရေးကို ရင်ဆိုင်နေကြရသည့် ဒေသခံတိုင်းရင်းသားများ နစ်နာမှုမရှိစေရန်အတွက် အစိုးရမှ ဒေသခံဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ဓလေ့ထုံးတမ်းအရ စီမံပိုင်ဆိုင်ခွင့်များကို  သုံးသပ်၍ ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးကာ ထိုဥပဒေအား ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်ပေးပါရန် တိုက်တွန်းပါသည်။

စစ်အစိုးရဟောင်းများလက်ထက်တွင် သိမ်းဆည်းခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရန်၊ လုံလောက်သော နစ်နာကြေးများရရှိရန် တောင်းဆိုမှုများ၊ အငြင်းပွားလယ်ယာမြေအရေးကြောင့် ပြစ်ဒဏ်ချမှတ်မှုများသည် ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ နိုဝင်ဘာလတွင်းဖြစ်ပွားခဲ့သော လယ်ယာမြေအငြင်းပွားမှုများအနက်မှ တချို့ကို အောက်တွင် ကောက်နှုတ် ဖော်ပြထားသည်။

  • ၁၉၉ဝ ခုနှစ်တွင် တပ်မတော်မှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တောင်သူ ၁ရ ဦးပိုင်သည့် ဥယျာဉ်ခြံမြေများကိုု စစ်တန်းလျား ဆောင်လုုပ်ရန်ဟုဆိုကာ နစ်နာကြေးတစ်စုံတစ်ရာပေးလျော်ခြင်းမရှိဘဲ သိမ်းဆည်းခဲ့ခြင်းအတွက် အဆိုပါမြေများအား ပြန်လည်ပေးအပ်ရန် ဒေသခံများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့ခြင်း
  • မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာတွင် ရေတံခွန်တောင်ဂေါက်ကွင်း တည်ဆောက်ရန် သိမ်းဆည်းခဲ့သော ယာမြေများပေါ်တွင် လူနေအဆောက်အအုုံများ ဆောက်လုပ်ခဲ့ခြင်း အတွက် တောင်သူ ဦးမြင့်အောင်နှင့် မြေယာအရေးတက်ကြွလှုပ်ရှားသူ ဦးမျိုးဝင်းတို့သည် ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း
  • နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဧရာဝတီမြစ်ဆိပ်အနီးရှိ မူလတောင်သူ ဦးပေါက်စမိသားစု စိုက်ပျိုးလုပ်ကိုင်နေသည့် အငြင်းပွား လယ်ယာမြေပေါ်တွင်  ကာရံထားသည့် ခြံစည်းရိုးနှင့် တဲအဆောက်အအုံများကို ဖျက်ဆီးဝင်ရောက်ခဲ့သည်။  ထို့နောက် မန္တလေး အမှတ် ရ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တောင်သူဦးပေါက်စနှင့် ၎င်း၏ မိသားစုဝင် ငါးဦးတို့ကို ဖမ်းဆီး၊ အမှုဖွင့်ခဲ့ခြင်း
  • မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသော ကျောက်မီးသွေး သုံး ဘိလပ်မြေ စက်ရုံ၏ အဝင်၊အထွက်လမ်းကို တားဆီးပိတ်ပင်သည်ဟုဆိုကာ ဒေသခံတောင်သူ ငါးဦးသည် မတရားတားဆီးကန့်ကွက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၄၁ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရခြင်း

လယ်ယာမြေသိမ်းဆည်းမှုများကို ဖြေရှင်းရာတွင် နှောင့်နှေးခြင်းနှင့် လုံလောက်သော နစ်နာကြေးများ ပေးအပ်ခြင်း မရှိခြင်းတို့သည် လယ်သမားများအပေါ် ထိခိုက်နစ်နာစေပြီး အစိုးရမှ လယ်ယာမြေအရေးကို ကိုင်တွယ်ဆောင်ရွက် ရန် ကြိုးပမ်းမှုများကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ ထို့ကြောင့် လယ်သမားများ၏ အသက်မွေးဝမ်ကြောင်းကို နစ်နာမှုမရှိစေရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် အစိုးရမှ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လေးစားလိုက်နာပါရန် တိုက်တွန်းပါသည်။

 

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်အတွင်းရေးမှူး+၆၆ (၀)၈၁၂၈၇၈၇၅၁

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈၁၁၇၃၄၈

တလအတွင်းသုံးသပ်ချက်အားဒေါင်းလော့ရယူရန်            Burmese MiR Template for November

တလအတွင်းသတင်းစုစည်းမှု ဒေါင်းလော့ရယူရန် Burmese Chronology Template for November

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 36 Remaining PP list Updated On Nov 30, 2018 Burmese

အမှုရင်ဆိုင်နေရဆဲစာရင်းဒေါင်းလော့ရယူရန် 269 facing trial list updated on November 30, 2018

ဆက်သွယ်ရေးဥပဒေဖြင့်ဖမ်းဆီးတရားစွဲခံရသူများစာရင်း 66 (D) total list(new) Updated