နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

AAPP New Letterhead

ရက်စွဲ။  ။ ဧပြီလ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်

၁) ၂၀၁၆ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင်ထုတ်ပြန်လိုက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ အား မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ လေးနက်စွာ ထောက်ခံကြိုဆို လိုက်ပါသည်။

၂) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဤသို့ဆောင်ရွက်နိုင်ရန် နည်းလမ်း သုံးသွယ်အနက် အမြန်ဆုံးလွတ်မြောက်နိုင်မည့် နည်းလမ်း နှစ်သွယ်ဖြင့် ဦးစွာကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိပါသည်။

၃) ပြည်သူများ၏ ဆန္ဒကို လေးစားတန်ဘိုးထားပြီး ထုတ်ပြန်လိုက်သော ဤကြေညာချက်သည် သမ္မတ ဦးထင်ကျော်၏ ပြည်သူ့အစိုးရအား ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝ ရရှိစေမည့် ကြေညာချက်ဖြစ်သည့်အပြင် နိုင်ငံတကာမှလည်း ကြိုဆိုထောက်ခံနေမည်ဖြစ်သည်။

၄) မိမိတို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ စုဆောင်းရရှိထားသော အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦးနှင့် အမှုရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူများမှာ ၄၁၄ ဦးရှိပါသည်။ ထိုစာရင်းသည် မိမိတို့ လက်လှမ်းမီသလောက်စုဆောင်းထားသောစာရင်းဖြစ်၍ ထို့ထက်ပိုနိုင်ပါသည်။

၅) ထောင်ဒဏ်ကျခံပြီးသော နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူ အားလုံး နှစ်သစ်တွင် အမြန်ဆုံးပြန်လည်လွတ်မြောက်လာလိမ့်မည်ဟု မိမိတို့ အေအေပီပီအနေနှင့် အလေးအနက် ယုံကြည်ပါသည်။ ထိုနည်းတူစွာ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် ဘေးကင်းလုံခြုံစွာ ပါဝင်လာနိုင်ရေး၊ နောင်အခါ နိုင်ငံရေးအကျဉ်းသားများမရှိစေရန်အတွက် ပြည်သူလူထုအား အကျိုးမပြုသော၊ ဖိနှိပ်ချုပ်ချယ်သော ဥပဒေများကို စိစစ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို အမြန်ဆုံးပြုလုပ်နိုင်မည်ဟုလည်း ယုံကြည်ပါသည်။

ထို့အပြင် တိုင်းပြည်ပြင်ပရောက် နိုင်ငံရေးလှုပ်ရှားသူများ အမိမြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ရန်လည်း မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

၆) ထိုသို့ အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံတော်အစိုးရအား အလေးအနက် တိုက်တွန်းလိုပြီး မိမိတို့အနေဖြင့်လည်း ထိုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ကဏ္ဍများတွင် အစွမ်းကုန် ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်။  ။ ကိုတိတ်နိုင် (အတွင်းရေးမှုး)              +၆၆(၀) ၈၁ ၂၈ရ ၈၇၅၁

ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှုး)    +၉၅(၀) ၉၄ ၂၅၃ဝ ၈၈၄၀

AAPP Statement on State Counselor Office statement