ဒုတိယအကြိမ် ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲ

1909702_662523257234402_18329146804205129_nနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့မှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် နုိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်၂၃ရက်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုုပ်ခဲ့ပါသည်။

အဖြူရောင်ဝိဉာဉ်တို့အား ဂုဏ်ပြုကြပါစို့
==========================
ကျော်စွာလင်း ( မြန်မာစာ )

မဆလ တစ်ပါတီအာဏာရှင် ဦးနေဝင်းလက်ထက်မှစတင်ရေတွက်လျှင် ၅၄ နှစ်၊ ရာစုနှစ်တစ်ဝက် ကျော်၊ ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ရေတွက်လျှင် ၂၈ နှစ် ကျော် အမှောင်ကာလများတို့သည် အတိတ်တွင် တိတ်ဆိတ်ငြိမ်သက်စွာကျန်ရစ်ခဲ့ပြီလော၊
မြန်မာဒီမိုကရေစီရေးကြိုးပမ်း မှုကာလတစ်လျှောက်လုံး ခက်ခဲပြီးကြမ်းတမ်းသော အမှောင်လမ်းရှည် ကြီး တစ်ခုကို လျှောက်ခဲ့ကြရပေသည်။ ထိုကာလ များအတွင်း မြန်မာပြည်သူတစ်ရပ်လုံးမှာ စစ်အာ ဏာရှင်အမျိုးမျိုး၏ နည်းမျိုးစုံသော ဖိနှိပ်ညှင်းပန်းမှု ဒဏ်များကို ခါးစီး၍ခံခဲ့ကြရသည်။ လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီရေးတို့ ပျောက်ကွယ် ဆိတ်သုန်းခဲ့ရပြီး အကျဉ်းစခန်းများ၊ စစ် ကြောရေးစခန်းများ၊ရဲဘက်စခန်းများ တို့တွင် အမှန်တရားကို မြတ်နိုးကြသော ဒီမိုကရေစီကိုမြတ်နိုး ကြသောရဟန်းရှင်လူကျောင်းသားပြည်သူ နိုင်ငံရေးအကျဉ်းသားတို့ဖြင့် ပြည့်နှက်ခဲ့ရပေသည်။ ထို့ ကြောင့် အကျဉ်းစခန်းတို့သည် သူရဲကောင်းတို့၏ ပြတိုက်များဖြစ်ကြသည်ဟု တင်စားခဲ့ကြသည်။ တော်လှန်ရေးခရီးလမ်းခုလတ် စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင်များ နှင့် ရဲဘက်စခန်းများအ တွင်း ကျဆုံးအသက်ပေးသွားကြသည့် သူရဲကောင်းများစွာရှိခဲ့ကြပါသည်။ သူတို့သည် မိမိယုံ ကြည် ရာ၊ မိမိမြတ်နိုးရာ နိုင်ငံရေးအယူဝါဒ၊ အမှန်တရားနှင့် အခွင့်အရေးတို့ကို ခိုင်ခိုင် မတ်မတ်ဆုပ် ကိုင်၍ အာဏရှင်တို့ရှေ့မှောက်တွင် ဒူးမထောက်၊အညံ့မခံ၊ ခေါင်းမငုံ့၊ အလျှော့မပေးပဲ အသက်စွန့်သွား ခဲ့ကြသည်။ ထို့အပြင် အကျဉ်းထောင်များအတွင်း နှစ်ပေါင်းများစွာနေထိုင်ကျော်ဖြတ်ခဲ့ကြပြီး ပြန်လည် လွတ်မြောက်လာကြသော်လည်း ထောင်တွင်းနှိပ်စက်မှုဒဏ်၊ အစာရေစာမလုံလောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုမရှိသောဒဏ်များကြောင့် အတွင်းကြေဒဏ်ရာများအဖြစ်ပါရှိလာကာ အပြင်ကာလအ ရောက် အချိန်တိုကာလလေးအတွင်းမှာပင် ၎င်းတို့ချစ်သော၊ မြတ်နိုးတန်ဖိုးထားသော မိသားစုနှင့် လူ့ အဖွဲ့အစည်းကို စွန့်ခွါသွားကြရသူများလည်းရှိပေသည်။ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဦးခင်မောင်မြင့် (PPP)၊ဦးမောင်ကို၊ ဆရာဦးသော်က၊ သက်ဝင်းအောင် (အကသ) တို့မှစ၍ အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများအတွင်း အသက်ပေးသွားကြသူအများအပြားရှိခဲ့သလို ကိုမင်းဟန်၊ ကိုခင်ဇော် (ကိုရစ်)၊ ကိုညီညီဦး(သံလျှင်)၊ ကိုဂျော်လီထွန်း၊ ကိုလှမျိုးနောင်၊ တို့ကဲ့သို့ အကျဉ်းထောင်ပြင်ပ ရောက်မှ ထောင်တွင်းတွင်ရရှိခဲ့ကြသည့် အတွင်းကြေဒဏ်ရာတို့ဖြင့် အကြွေစောခဲ့ကြ သည့်သူ များလည်းမြောက်မြားစွာရှိခဲ့ကြသည်။ ထိုသူတို့၏ အမည်နာမတို့အား မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်းတွင် သမိုင်းမှတ် တမ်းတင်ကဗ္မည်းမော်ကွန်း ရေးထိုးကြရမည်ဖြစ်သည်။
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ ၊ တော်ဝင်နှင်းဆီ သီရိခမ်းမတွင် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ ပူးပေါင်း၍ စစ်ကြောရေး၊ အကျဉ်းထောင်နှင့်ရဲဘက်စခန်းများအတွင်း ကျဆုံးအသက်စွန့်သွားခဲ့ကြ သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပခဲ့ ကြပါသည်။ တနည်းအားဖြင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံပေးဆပ်ခဲ့မှုတို့အား ဦးညွှတ်ဂုဏ်ပြုကြခြင်း ပင်ဖြစ်သည်။ ၎င်းအခမ်းအနားတွင် ကျဆုံး နိုင်ငံရေးအကျဉ်းသား ၆၁ ဦး၏ မိသားစုဝင်များအား ဖိတ် ကြားခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ ထောက်ပံ့ကြေးငွေ ငါးသိန်းကျစီ ပေးအပ်ခဲ့ကြပါသည်။ပထမ အကြိမ် ကျဆုံးနိုင်ကျဉ်းဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်တွင်ကျင်းပနိုင်ခဲ့ပြီး ကျဆုံးနိုင်ကျဉ်း ၅၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအား တစ်ဦးလျှင် ကျပ်ဆယ်သိန်းကျစီ ထောက်ပံ့ဂုဏ်ပြုငွေ ပေးအပ် နိုင်ခဲ့ကြပါသည်။ နိုင်ငံရေးကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စုဆောင်းရရှိထား သည့်မှတ်တမ်းများအရ ကျန်ရှိနေသေးသည့် ကျဆုံးနိုင်ငံရေးအကျဉ်းသားဦးရေမှာ ၁၂ရ ဦးရှိသည်ဟု ထိုအခမ်းအနားတွင်ကြေငြာခဲ့ပါသည်။ ထိုအခမ်းအနားသို့ SNLD မှ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကို်အောင်ဒင် ၊ နိုင်ကျဉ်းဟောင်း ဆရာတော်သံဃာတော်များ၊ ကယန်းပြည်သစ်ပါတီမှတွဲဘက်အတွင်းရေးမှုး ဗိုလ်မှုးကြီးစောလွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော သံတမန်များ၊ ကျဆုံးနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များ၊ အရပ် ဖက်အဖွဲ့အစည်းများ၊နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများမှ တက်ရောက်ခဲ့ကြပါသည်။ ကျဆုံးနိုင်ငံရေး အကျဉ်းသားဂုဏ်ပြုပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို အေအေပီပီ အတွင်းရေးမှုး ကိုတိတ်နိုင်မှ ပြောကြားရာတွင် “နိုင်ငံရေးအကျဉ်းသားတစ် ယောက်ဖြစ် လာဖို့အတွက် တိုင်းပြည်အတွက် စေတနာ ကောင်းရှိရပါမယ်၊ ကိုယ်ကျိုးစွန့်နိုင်ရပါမယ်၊ ယုံကြည် ချက်ခိုင်မာဖို့လိုပါတယ်၊ နေထိုင်စားသောက်မှု ဆင်းရဲဒဏ်ကိုခံနိုင်ရပါမယ်၊ ညှင်းပန်းနှိပ်စက်တဲ့ဒဏ် ကိုခံနိုင်ဖို့အဆင်သင့်ရှိရပါမယ်၊ လူ့ဂုဏ်သိက္ခာ ကိုကုန်းကောက်စရာမရှိအောင် နင်းပြားဘဝကို ရင် ဆိုင်ရဲရပါမယ်၊ မိသားစုဘဝတွေ ဖရိုဖရဲဖြစ်မှုဒဏ် ကိုခံနိုင်ရပါမယ်၊ နောက်ဆုံး ထောင်ထွက်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ သူစိမ်းဆန်မှုတွေကို ရင်ဆိုင်ရဲရမှာ ဖြစ်ပါတယ်၊ ဒါတွေဟာ ကျနော်တို့ကိုယ်တို်င် ရင် ဆိုင်ကျော်ဖြတ်ခဲ့ရတာပါ ” ဟု နိုင်ငံရေးအကျဉ်းသား တစ်ယောက်၏ ဘဝကိုရုပ်လုံးဖေါ်တင်ပြ ခဲ့ပါသည်။ အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းတွေထဲကမထွက်ရပဲ လမ်းခုလတ်မှာ အသက် ပေးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာရှိခဲ့ပြီး စုဆောင်းရရှိ ထားသမျှစာရင်းအရ ၂၄၂ ဦးရှိကြောင်း ၎င်းတို့သည် ယုံကြည်ချက်အတွက်၊ ပြည်သူ့အတွက် အသက်ကိုပင် စတေးခဲ့ကြသည့် သူရဲကောင်းတွေဖြစ်ကြောင်း၊ ထိုသူရဲကောင်းတွေသည် လေးစား တန်ဖိုးထား အပ်သည့်သူများဖြစ်ပြီး ဦးညွတ်ဂုဏ်ပြုထိုက်သည့်သူတွေဖြစ်ကြောင်း ကိုတိတ်နိုင်မှ ပြောကြားခဲ့ပါသည်။ “ ကျနော်တို့ ကျဆုံးနိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေကိ်ု ဂုဏ်ပြုနေ ချိန်မှာပဲ ကျူးလွန်ခဲ့တဲ့ လူတွေက တော့ တရားဥပဒေရဲ့ကင်းလွတ်ခွင့်ရနေဆဲပါ၊ ဆက်လက်ကျူးလွန် နေဆဲပါ၊ ကျနော်တို့ အနေနဲ့ လက်တုန့်ပြန်လိုချင်စိတ်မရှိရိုးအမှန်ပါ၊ ဒါပေမယ့်ခုလို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာဟာ ဆက် လက်ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုရာရောက်သလို အနာဂါတ် နိုင်ငံထူထောင်ရာမှာ တရား ဥပဒေစိုးမိုးရေးအတွက်လည်း ကြီးစွာအဟန့်အတားဖြစ်ပါတယ်၊ လက်တုန့်ပြန်ခြင်းဟာ ကျနော် တို့လိုချင်တဲ့ အဖြေကိုမရနိုင်သလို သင်ပုန်းခြေရေး ဆိုတာဟာလည်း တရား မျှတမှုအတွက် အဖြေမဟုတ်ပါဘူး၊ တရားမျှတမှုအတွက် နည်းလမ်းတွေရှာကြ၊ စီစဉ်ကြရမှာပါ၊ ဒါ ကြောင့် တရားမျှတရေးအစီအစဉ်ဟာ အသွင်ကူးပြောင်းရေးကာလမှာ မဖြစ်မနေလုပ်ဆောင်ဖို့လိုနေ တာပါ ” ဟု ကိုတိတ်နိုင်မှ ဆက်လက်ပြောကြားခဲ့ပါသည်။အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် အားပြောကြားရာတွင် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများနှင့် မိသားစုများကိုဂုဏ်ပြုလိုခြင်း၊ ထိုသူရဲကောင်းများ ရည်မှန်းခဲ့သည့် ပန်းတိုင်ကို ကျနော်တို့အပါအဝင် ဒီမိုကရေစီချစ်မြတ်နိုးသူတိုင်း ခရီးဆုံးသည်အထိ ဆက်လက်လျှောက်လှမ်းရန် တိုက်တွန်းလိုခြင်း၊ နောင်အခါဒီလိုကြီးမားသည့် ဆုံးရှုံးမှုမျိုးထပ်မံမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်စေလိုခြင်း တို့ဖြစ်ကြောင်းပြောကြားသွားပါ သည်။ များမကြာမီကာလမှာ နိုင်ငံတော်က ကြီးမှုးကျင်းပမယ့် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျဆုံးသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆန္ဒပြုမျှော်လင့်တောင့်တနေပါကြောင်း ကိုလည်း ကိုတိတ်နိုင်မှ ထည့်သွင်းပြောကြားသွားပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးစိုင်းညွန့်လွင်(SNLD)မှ ပြောကြားရာတွင် ချောတိုင်တက်ပွဲနှင့် ဥပမာပေးနှိုင်းယှဉ်ခဲ့ပြီး ချောတိုင်ထိပ် ဖျားမှ အောင်လံတော်ကိုလက်ဝယ်ရရှိ ပိုင်ဆိုင်ခဲ့ခြင်းသည် တိုင်အောက်ခြေဖျားမှ အနာခံပုခုံးထမ်း တင်ပေးခဲ့သူများ၊ အနစ်နာခံခဲ့ကြသူများ ကြောင့်ဖြစ်ကြောင်း ၊ ၎င်းတို့၏ကျေးဇူးတရားကို မမေ့အပ် ကြောင်း၊ ပန်းပုထုဆစ်သူပန်းပုဆရာများ သည် သစ်ခုတ်သမားများ၏ ကျေးဇူးတရားကို အစဉ်သတိရ အသိအမှတ်ပြုနေရန်လိုကြောင်း အပြုသဘောဆောင် သတိပေးပြောကြားခဲ့ပါသည်။ ထိုအခမ်းအနား ဖြစ်မြောက်ရေးအတွက် လိုအပ်သောအလှူငွေများကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ၊ အသင်းအဖွဲ့များ၊ပြည်တွင်းလုပ်ငန်း ရှင်များ၊ တစ်ဦးချင်းပြည်တွင်းအလှူရှင်များ၊ နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းလွှတ်တော်ကိုယ်စား လှယ်များတို့မှ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
များမကြာမီရက်ပိုင်းအတွင်းတွင် မြန်မာပြည်သူတစ်ရပ်လုံးမှ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ဒီမိုကရေစီအရပ်သားသမ္မတသစ်နှင့် အစိုးရသစ်တို့သည့် နိုင်ငံတော်တာဝန်များကို လွှဲပြောင်းတာဝန် ယူကာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်ကြရတော့မည်ဖြစ်သည်။ပြည်သူ့တာ ဝန်များကိုသယ်ပိုးထမ်းရွက်ကြရတော့မည်ဖြစ်သည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး တို့ဖြင့် ပြည့်ဝသည့် ဖယ်ဒရယ်ဒီမိုကရက်ပြည်ထောင်စုကြီးကိုဝိုင်းဝန်းပုံဖေါ်ကြရတော့မည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူ့အောင်ပွဲဖြစ်သည်။ ထိုအောင်ပွဲရလဒ်သည် မည်သူတစ်ဦးတစ်ယောက်၏ ပေးစာကမ်းစာကြောင့်ရရှိလာသည့်ရလဒ်မဟုတ်၊ ရဟန်းရှင်လူကျောင်းသားပြည်သူတို့၏ အသက် သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ကြပြီးမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ ထိုကျေးဇူးတရားတို့ကိုအစဉ်မမေ့ အပ် အလေးဂရုပြု ဦးညွတ်နေဖို့လိုပါသည်။ ထိုသူတို့ ယုံကြည်မျှော်လင့် ရည်မှန်းခဲ့ကြသည့် ခရီးလမ်း ပန်းတိုင်ရောက်သည်အထိ မမှိတ်မသုန်သော ဇွဲ ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ယုံကြည်မှုတို့လက်ယှက်ထိုး ကာ နိုင်ငံတော်သစ်ကိုတည်ဆောက်ရင်း၊ များမကြာမီကာလမှာ နိုင်ငံတော်က ကြီးမှုးကျင်းပမည့် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျဆုံးသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကြီးကိုမျှော်လင့် စောင့်စား နေမိပါကြောင်းနှင့် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း အသက်ပေးလှူသွားကြသော ဝိဉာဉ်ဖြူတို့အား ဦးညွတ်အလေးပြုရေးသားလိုက်ရပါတော့သည်။
ကျော်စွာလင်း (မြန်မာစာ)
၂၄၊ ၃၊ ၂၀၁၆ ( ကြာသပတေးနေ့)