ရွေးကောက်ခံနိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်စားလှယ်များသို့ ဂုဏ်ပြုလွှာ

AAPP New Letterhead

ရက်စွဲ။       ။ ၂ဝ နိုဝင်ဘာ ၂၀၁၅

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအား အောင်မြင်စွာကျင်းပပြီး ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ရင်တမမ ဖြင့် စောင့်စားခဲ့ကြသည်။ ရွေးကောက်ပွဲ ကာလတွင်လည်း အခက်အခဲအမျိုးမျိုးကြားမှ မဲဆန္ဒပေးခွင့်ရနိုင်ရန် အစွမ်းကုန် ကြိုးစားကြသည်ကိုလည်း တွေ့မြင်ကြရပါသည်။ ရွေးကောက်ပွဲကာလ ဆန္ဒမဲပေးရာတွင်လည်း အဆင်မပြေမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုအထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များသည် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက် ထက်ကျော်လွန်၍ ၇၅% ကျော် အနိုင်ရရှိခဲ့ကြပါသည်။

နိုင်ငံရေးပါတီအသီးသီးနှင့် တသီးပုဂ္ဂလများ ပါဝင်ယှဉ်ပြိုင် အရွေးခံကြသော ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစု လွှတ်တော်များအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးအကျဉ်းသာဟောင်းများ အနက်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၉ ဦး (လက်လှမ်းမီသမျှ စုဆောင်း ရရှိထားသော စာရင်းဖြစ်ပါသည်။ ထို့ထက်ပိုနိုင်ပါသည်) အနိုင်ရရှိပါသည်။ ထိုသို့ တိုင်းပြည်အကျိုးရှေ့ရှုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်း ကိုယ်စားလှယ်များကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အထူး ချီးကျူး ဂုဏ်ပြုကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အနိုင်ရရှိခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်စားလှယ်များအနေဖြင့် တိုင်းကျိုး ပြည်ကျိုး အတွက် စိတ်အားထက်သန်စွာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဟုလည်း မိမိတို့ အေအေပီပီမှ အကြွင်းမဲ့ ယုံကြည်ပါသည်။ ထို့အပြင် ဖြေရှင်းရန်ကျန်နေသေးသည့် ဘဝတူ နိုင်ငံရေးအကျဉ်းသားများ အရေးကိစ္စအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပြန်လည်ကုစားရေး၊ ပြန်လည်ပြုစုပျိုးထောင်ရေးနှင့် တရားမျှတသည့် အခွင့်အရေးများ ပြန်လည်ရရှိရေးဆိုသည့် အရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်ဖြစ်ရာ သက်ဆိုင်ရာလွှတ်တော်များတွင် အဆိုပြု၊ ဆွေးနွေး၊ ဖြေရှင်းကြလိမ့်မည်ဟု မိမိတို့ အေအေပီပီမှ များစွာမျှော်လင့်မိပါသည်။ မိမိတို့ အနေဖြင့်လည်း ထိုအရေးကိစ္စများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍ၊ သက်ဆိုင်ရာ နေရာ၊ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် တတ်စွမ်းသ၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။

လေးစား ဂုဏ်ယူစွာဖြင့်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

တိတ်နိုင်                 +၆၆(၀) ၈၁၂၈၇၈ ၇၅၁

ကိုအောင်မျိုးကျော်   +၉၅(၀) ၉၄၂၈၁၁ ၇၃၄၈

ရွေးချယ်ခံရသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်စားလှယ်များစာရင်း Member of Parliament list of FPP

Member of Parliament list of FPP(Eng)

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်စားလှယ်များသို့ ဂုဏ်ပြုလွှာ ဒေါင်းလော့ရယူရန်   Statement about FPPs Rep