စစ်အာဏာသိမ်းမှုအောက် နွေဦးတော်လှန်ရေးကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ အမျိုးသမီးများ

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားလုယုချိန်မှစ၍ အမျိုးသမီးများ အပါအဝင် ကလေးသူငယ်များ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် အမျိုးသားများမှာ စစ်အုပ်စု၏ လက်အောက်ခံ စစ်သားများ၊ ရဲတပ်သားများ၊ အကျဉ်းဦးစီးဝန်ထမ်းများနှင့် စစ်အုပ်စုလက်ပါးစေများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတဝန်း၌ ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အချို့သူများမှာ အသက်သေဆုံးသည်အထိ အကြမ်းဖက်ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သည့် နစ်နာခံစားရသူများနှင့် ၎င်းတို့မိသားစုဝင်များအနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်ခံစားနေကြရကာ လူမှုဘဝပြန်လည်ထူထောင်ရာ၌လည်း စိန်ခေါ်မှုများကို ရုန်းကန်ကျော်လွှားနေကြရသည်။

စစ်အုပ်စုက နွေဦးတော်လှန်ရေးကာလ၌ အမျိုးသမီးများအပေါ် လူမဆန်စွာအကြမ်းဖက်ခြင်း၊ လူ့ဂုဏ်သိက္ခာ ထိပါး၍ ရိုက်နှက်နှိပ်စက်ကာ ဖမ်းဆီးစစ်ကြောခြင်း၊ အကျဉ်းထောင်အတွင်း အရှက်သိက္ခာ မငဲ့ကွက်ဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် အဓမ္မပြုကျင့်၍ ရက်စက်စွာ သတ်ဖြတ်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိနေသော်လည်း ကဏ္ဍအသီးသီးမှ အမျိုးသမီးများ၏ တက်ကြွစွာ ပါဝင်လှုပ်ရှားမှုများသည် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ ဆိုးရွားရက်စက်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံတကာတရားဥပဒေကြောင်းများအရ ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံး ဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)