စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၇၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၉၇၃) ဦးရှိပြီး ထိုအထဲမှ  (၁၇၇၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၈၀၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၂၂၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ မီဒီယာစောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ နေရာများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား တိုက်ခိုက်လာပြီး မေလ ၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာနှင့် ဗန်တလန်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မာလ်ဆောမ်ကျေးရွာမှ နှစ်ခြင်းဘုရားကျောင်းနှင့် ဗန်တလန်ကျေးရွာမှ နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မေလ ၅ ရက်နေ့တွင်လည်း ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကို လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာပြီး မေလ ၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုကို အလုံတောင်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အလူးအလယ်ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့သည့်အပြင် အဆိုပါ လက်နက်ကြီးကျည်စထိမှန်၍ အလူးအနောက်ကျေးရွာမှ ဒေသခံ နှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ရရှိသော အချက်အလက်များအရ မေလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကို အင်အား ၅၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ က စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါစစ်ကြောင်းနှင့် တွေ့ဆုံမိသည့် ဒေသခံ ၁၅ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၄ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပိတ်ခရားကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဂျက်ဖိုက်တာလေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ခုနှစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ပြီး တခြားအရပ်သား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါကျည်စထိမှန် သေဆုံးသူများမှာ ဒေါ်မြင့်ဝင်း၊ ဦးသန်းဆွေ၊ ဒေါ်အုန်းစိန်၊ ဒေါ်မာမာအေး၊ မောင်ဇာနည်လင်းခက်၊ မမေစုနိုင်နှင့် မအိအိစိုးတို့ ဖြစ်ကြသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း