အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို အဓမ္မလုယူမှု (၂) နှစ်ပြည့် ထုတ်ပြန်ချက်

ဖေဖေါ်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည်   မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူတို့၏ ဆန္ဒအစစ် အမှန်ဖြင့် ရွေးကောက်တင်မြောက်ထားသော အရပ်သားအစိုးရ၏ နိုင်ငံတော်အာဏာကို မတရားအာဏာလုယူ သည်မှာ (၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် အာဏာလုယူသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို လုယူခြင်း၊ သိမ်းဆည်းခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းစသည့် ရက်စက်ကြမ်းကြုတ်မှု တို့ကို ယနေ့အထိ နေ့စဉ်နှင့်အမျှ ကျူးလွန်လျက် ရှိနေဆဲဖြစ်သည်။

ထို့အပြင် ယနေ့အချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် မသမာသော နည်းလမ်းများဖြင့် တရားမဝင် ရွေးကောက် ပွဲ ကျင်းပ၍ စစ်အာဏာသက်ဆိုးရှည်ရန် ကြိုးပမ်းလျက်ရှိသည်။

မိမိတို့ အေအေပီပီ၏ စုဆောင်းကောက်ယူထားသော မှတ်တမ်းများအရ စစ်အုပ်စု အာဏာလုချိန်မှ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အပြစ်မဲ့ပြည်သူ (၂၉၄၀) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၁၇၅၇၂) ဦးဖမ်းဆီး၍ ထောင်သွင်းအကျဉ်းချကာ နှိပ်စက်ညှဉ်းပန်းမှုများကို ကျူးလွန်လျက်ရှိသည်။

ထိုအထဲတွင် ထိန်းသိမ်းခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ (၁၀၁) ရှိပြီး၊ (၄၂) ဦးအား မျက်ကွယ် သေဒဏ်ချမှတ် ထားခဲ့ရာ ထောင်တွင်း၊ထောင်ပြင်၌ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၃) ဦးရှိသည်။ ဖမ်းဆီးခံခဲ့ရသူများ ထဲမှ (၁၃၇၆၃)ဦး မှာ ယနေ့အထိ အကျဉ်းကျခံနေရဆဲဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီး (၂၇၇၁) ဦးနှင့် ကလေး သူငယ် (၃၇၇) ဦးပါဝင်သည်။

အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က “အကြမ်းဖက်စစ်အုပ်စုက အာဏာလုယူပြီးတဲ့နေ့က စပြီး လူမျိုးတုန်း သတ်ဖြတ်မှုများ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့လုပ်ရပ်များနဲ့ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူး လွန်နေတာဖြစ်တယ်။ ဒီလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုများကို ပြည်သူများက လုံးဝလက်မခံဘဲ အာဏာသိမ်းသည့်နေ့မှစ၍ ဒီကနေ့အထိ နည်းမျိုးစုံနဲ့ တွန်းလှန် တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ မကြာမီအချိန်မှာ စစ်အုပ်စုဟာ ဒင်းတို့ ကျူးလွန်ခဲ့တာတွေအတွက် ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုကို ခံကြရမှာပါ” ဟု ပြောဆို လိုက်သည်။

တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း “ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ရမ်းကားမှုတွေကြောင့် နိုင်ငံတွင်းသာမက ဒေ သန္တရနိုင်ငံများရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိပါးလာနေတာဖြစ်တယ်။ ဒီအခြေအနေတွေကို နိုင်ငံတကာက လက်မခံ ရှုတ်ချရုံနဲ့မပြီးဘဲ လက်တွေ့ ထိရောက်တဲ့အရေးယူမှုတွေ အရေးတကြီးလိုအပ်နေပြီး ဒီလိုတုံ့ပြန်နိုင်မှ သာအပြစ်မဲ့ပြည်သူတွေကို ကာကွယ်နိုင်မှာဖြစ်တယ်” ဟု ပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းများကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စွမ်းအားရှိသ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှန်တရားဖေါ်ထုတ်ရေးနှင့် ကျူးလွန်ခံရသူများ၏ တရားမျှတမှုရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေနှင့်လည်း မြန်မာပြည်သူများ ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာမှ အပြင်းအထန် ကန့်ကွက် ထားသည့် စစ်အုပ်စုမှ ကျူးလွန်လျှက်ရှိသော စစ်ရာဇဝတ်မှုများ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ် မှုများကို နိုင်ငံတကာ ဥပဒေများဖြင့် ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

စတိတ်မန့်အားဒေါင်းလော့ရယူရန် Burmese_Statement on Two years of the Coup (1-Feb-2023)