စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၆၂၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၈၈) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၇၆၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၅၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက်အလက် များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပုသိမ်မြို့မှ ကဗျာဆရာလူစစ်နိုင် (ခ) တင်ကိုထက်၊ ကိုရဲလင်းထက် (ခ) သားပု၊ ကိုထွန်းလင်းဦး၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း (ခ) မောင်ဇော်၊ ကိုဇင်လင်းထိုက် (ခ) တွတ်နီ၊ ဦးထွန်းအေးနှင့် ငပုတောမြို့နယ်မှ ကိုဇော်လှိုင်ဦး (ခ) မင်းမင်းတို့ ရှစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညအချိန်တွင် ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သော ကဗျာဆရာ လူစစ်နိုင်ကို အကြမ်းဖက်စစ်အုပ်စုမှ ၎င်း၏ နေအိမ်တံခါးအား ချိုးဖျက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နီးပါးအကြာ၌ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင် ကျောင်းသားသမဂ္ဂ၏ ဥက္ကဌဟောင်းဖြစ်သူ ကိုစိုးမြတ်မင်းကို နိုဝင်ဘာလကုန်ပိုင်းတွင် ပြည် အကျဉ်းထောင်တွင်း အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ခုနှစ် နှစ် ထပ်မံ ချမှတ်ခဲ့သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုစိုးမြတ်မင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အမူ လေးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ ကိုစိုးမြတ်မင်းသည် ၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ပြည်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဇနီးဖြစ်သူ မစုဝေဖြိုးသည် မေလ ၈ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထို့ပြင် မစုဝေဖြိုးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ခုနှစ် နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း