စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၆) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၃၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၉၈၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၆၁၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၆) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၈) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၁၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။ 

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခြင်းခံထားရသော အလွတ်တန်းသတင်းထောက် မသူဇာ (ခေါ်) အလှလေးသူဇာကို အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ မသူဇာသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင်နေထိုင်သော  မအေးသီရိ (ခ) ဖူးဖူးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကျပ် ငါးထောင် ထောက်ပံ့သည်ဟု စွပ်စွဲခြင်းခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ မအေးသီရိသည် ခန္တီးမြို့ရှိ ၎င်း၏နေအိမ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ခန္တီးခရိုင်ရဲစခန်းအချုပ်၌ ကိုးလကျော်ကြာ ထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ မအေးသီရိသည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိဘဲ ဖမ်းဆီးခြင်းခံထားရချိန်၌ မကြာခဏ သတိလစ်ကြောင်း သိရှိရသည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း