စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၇၀၉) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၄၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဩဂုတ် ၃) တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို  ကောက်ယူရရှိနိုင်ခဲ့ပါသည်။  

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၇၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၃၆၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဩဂုတ်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၇၇) ဦးရှိပြီဖြစ်သည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၇၅) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။ 

သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှ ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကျော်ဝင်းစိန်ကို မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဦးကျော်ဝင်းစိန်သည် မန္တလေးမြို့ ဆေးခန်းတစ်ခုတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်အုပ်စု၏ ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းနှင့် ဖရူဆိုအခြေစိုက် (၁၂၈) တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်တစ်လုံးမှာ ထိုဒေသအတွင်းရှိ စစ်ရှောင်မိသားစု နေထိုင်သည့် နေအိမ်အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၃ နှစ်အရွယ် မားဂရက်မှာ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ဦးခေါင်းတွင် ကျည်စထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ မားဂရက်၏ဖခင်ဖြစ်သူမှာ ဩဂုတ်လ ၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။  

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း