စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇွန်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၃၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇူလိုင် ၂၉) တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၅) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၆၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခံထားရသည့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးမှာ ကလေးသူငယ်တရားရုံး၌ ပြန်လည်၍ အမှုရင်ဆိုင်နေဆဲဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် သေဒဏ်စာရင်းမှ အမှုရင်ဆိုင်ဆဲစာရင်းသို့ ပြောင်းရွှေ့ထားပါသည်။ ထို့အပြင် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ သေဒဏ်ပြစ်ဒဏ်ကို အယူခံဝင်နိုင်ခဲ့သည့်အတွက် သေဒဏ်စာရင်းမှ ထောင်ဒဏ်တစ်သက်အဖြစ် ပြစ်ဒဏ်ကို ပြင်ဆင်ထားသည်။
ယနေ့တွင် သေဒဏ်ချမှတ်ခံရသူ (၁) ဦး၏ အချက်အလက်များကို ထပ်မံအတည်ပြုနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၇၇) ဦးရှိပြီဖြစ်သည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၇၅) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။ အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။
ဇူလိုင်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး၏ နေအိမ်ကို စစ်သားများမှ ဝင်ရောက်စီးနင်း၍ ရှာဖွေရာ မတွေ့သောကြောင့် နေအိမ်အတွင်း၌ရှိသည့် မခင်သက်နွယ်၊ ကိုရဲခေါင်စိုးနှင့် ကိုမန်းကြီးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် မန္တလေးမြို့၊ အမှတ် (၃) ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်နိုင်ထွန်း၊ ရဲတပ်ကြပ်ကြီး ကျော်သိန်းထွန်း၊ ဇနီးဖြစ်သူ မခင်ထွေးရီနှင့် အသက် ၇ နှစ်အရွယ်ရှိ မလရောင်ချိုတို့သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်ကျန်ကျေးရွာ၌ ဇူလိုင်လ ၁၀ ရက်နေ့၌ အကြမ်းဖက်စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း