စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၂၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ (ဇွန် ၂၄) တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၁၀) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၂၁၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၁၉၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၁) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၄၂) ဦး ရှိသည်။

ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ပြီး အရပ်သား သုံးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအရပ်သား သုံးဦးမှာ ရန်လင်းဖိုင်ကျေးရွာမှ ဟောင်လင်မန်း နှင့် ပေါင်တင်းထန်၊ ခွန်မွန်းနွမ်ကျေးရွာမှ ဆေးခိုထန် တို့ဖြစ်ကြောင်း သိရှိရသည်။ ဟောင်လင်မန်းနှင့် ပေါင်တင်းထန်တို့သည် ကျေးရွာအတွင်း သေနတ်သံများကြားသောကြောင့် စာသင်ကျောင်း၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဆေးခိုထန်သည် နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့ ညအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာအတွင်းကို စစ်သားများ၊ စရဖတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ ရောက်ရှိလာပြီး နေအိမ် သုံးလုံးကို သေနတ်ဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်းခဲ့သည်။ ထို့နောက် အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်မာချို (ခ) မယ်ချိုအား ဖမ်းဆီးခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် နေအိမ်ရှေ့၌ အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။ ရုပ်အလောင်း၌ ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများ၊ ဓားဒဏ်ရာများနှင့် သေနတ်ဒဏ်ရာ တစ်ချက်ကို တွေ့ရှိရကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး –  bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း –bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် –  bit.ly/3MbC3kd
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း