စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၁ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးမှ နေ့စဉ်ထုတ်ပြန်နေကြ စာရင်းများကို ယနေ့ (၁-ဇွန်-၂၀၂၂) မှစ၍ Database အသစ်ဖြင့် စတင်၍ ထုတ်ပြန်လိုက်ပါသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ မေလ ၂၉ ရက်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ယနေ့ (ဇွန် ၁)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၇၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၈၅၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၈၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၃) ဦးရှိပြီဖြစ်သည်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သားကျေးရွာတွင်နေထိုင်သည့် ကိုစိုးသန့်နှင့် ဦးညီညီဝင်းတို့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ မေလ ၂၉ ရက်နေ့တွင် ပင့်သားကျေးရွာအနီး၌ အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် PDF များ တိုက်ပွဲဖြစ်ပွားသောကြောင့် ကိုစိုးသန့်နှင့် ဦးညီညီဝင်းတို့သည် ဘုန်းကြီးကျောင်းအတွင်းတွင် ပုန်းအောင်းနေခဲ့ပြီး ညအိပ်ရန်အတွက် ခြင်ထောင်မရှိ၍ ကျေးရွာအတွင်းရှိ ၎င်းတို့၏နေအိမ်များ၌ ခြင်ထောင်သွားရောက် ယူဆောင်စဉ် ကျေးရွာထိပ်တွင် စစ်ကူရန်လာသော စစ်အုပ်စုစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ကျေးရွာတွင်နေထိုင်သည့် စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုတင်ထွန်းအောင်နှင့် ကိုအောင်အောင်တို့ ညီအစ်ကိုနှစ်ဦးကို ၎င်းတို့၏နေအိမ်၌ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝင်ရောက်ရှာဖွေရာ မတွေ့သောကြောင့် ကိုတင်ထွန်းအောင်၏ဇနီး မဝင်းသိင်္ဂီနှင့် ဖခင်ဖြစ်သူ ဦးအေးမောင်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မေလ ၂၉ ရက်နေ့ ညပိုင်းတွင် ဦးအေးမောင်ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း မဝင်းသိင်္ဂီကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

AAPP မှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://coup.aappb.org/
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
AAPP ၏ အချက်အလက်များကို အောက်ဖော်ပြပါ Database လင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd

Airtable တွင် အချက်အလက်များရှာရန် ဤလင့်တွင် ကြည့်ပါ။

ဒေတာအချက်အလက်များ၏ ဖော်ပြချက်များကို ကြည့်ရန်
Sector Data Definition Sector_Data_Definition (2-Feb-2023)

Special Condition Data Definition Special_Condition_Data_Definition (2-Feb-2023)