စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏အချက်အလက်များကို ယနေ့ (အောက်တိုဘာ ၁၁)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၆၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၁၉၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၄၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
အောက်တိုဘာလ ၁ဝ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာတွင်နေထိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်(NLD)များဖြစ်ကြသည့် ကိုဝင်းထက်ကျော် (ခ) ကိုထက်၊ ကိုစိုးလွင်ဦးနှင့် ကိုသန်းလွင်မြင့်တို့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် ကိုဝင်းထက်ကျော်မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကျန်အမျိုးသား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် ရိက္ခာယူရန် ပြန်လာသော စစ်ဘေးရှောင် ညီအစ်ကိုနှစ်ဦး ဖြစ်ကြသည့် ဦးကျော်ဟိန်းနှင့် ကိုဒေါမိနစ်တို့ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ရာ ဦးကျော်ဟိန်းမှာ ကျဆုံးသွားခဲ့ပြီး ကို‌ဒေါမိနစ်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာအုပ်စု၊ သန်းတောကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဦးဆောင်နေသူ တစ်ဦးဖြစ်သည့် ကိုသိန်းဇော်နှင့် ရွာသား နှစ်ဦးတို့ကို အကြမ်းဖက်စစ်အုပ်စုမှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် လက်ထိတ်ခတ်ပြီး ဆိုင်ကယ်ဖြင့် တင်၍ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ လမ်းတွင် ဆိုင်ကယ်ဆောင့်သည့်အတွက် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားသော ကိုသိန်းဇော်ကို ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for October 11, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under-Detention-List-Last-Updated-on-11-October-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-11-October-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Under-Sentenced-List-Last-Updated-on-11-October-2021