စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၄) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၁၅)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၉၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၅၃၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၇၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယမန်နေ့ (စက်တင်ဘာ ၁၄) ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းသည် ဝန်ရကျေးရွာအုပ်စု၊ ခင်ပလူကျေးရွာရှိ နေအိမ်၌ ရှိနေစဉ် ရဲများမှ ဝင်ရောက်၍ သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအရောက်တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံသုံးပင်ကျေးရွာမှ မြို့နယ် NLD ပါတီဝင် အသက် ၆ဝ အရွယ်ရှိ ဦးသန်းအေးသည် စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရပြီး နေ့တွင်းချင်း ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဦးသန်းအေး၏ရုပ်အလောင်းကို မိသားစုအား အသိပေးခြင်းမရှိဘဲ အကြမ်းဖက် စစ်အုပ်စုမှ ယမန်နေ့ (စက်တင်ဘာ ၁၄) တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ဆည်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ယမန်နေ့ (စက်တင်ဘာ ၁၄) တွင် ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည့်အပြင် ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် အသက် ၅၅ နှစ်အရွယ် ဒေသခံ ဦးသောင်းမြင့် နှင့် သက်ကြီးပိုင်း အမျိုးသား တစ်ဦးတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ (စက်တင်ဘာ ၁၄) ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘီခိုကျေးရွာတွင် နေထိုင်သည့် ကိုသက်လွင်ဦးကို အကြမ်းဖက်စစ်တပ်မှ ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ကိုသက်လွင်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲ တိုင်ကြားခြင်းခံခဲ့ရပြီး စစ်တပ်မှ ၎င်း၏နေအိမ်၌ လာရောက် ဖမ်းဆီးစဉ် ထွက်ပြေးသောကြောင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကိုသက်လွင်ဦး၏ ရုပ်အလောင်းကို စစ်တပ်မှ ယူဆောင်သွားကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 15, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-15-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-15-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-15-September-2021