စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှင့် တောင်တွင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် နှင့် တမူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၈) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၁၃)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၀၈၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၄၄၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၇၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ထယ်လှော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့မှ ယမန်နေ့ (စက်တင်ဘာ ၁၂) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ထွက်မပြေးဘဲ ကျန်ခဲ့သည့် ဒေသခံရွာသား တစ်ဦးဖြစ်သူ ဦးဘဝင်းအား ဦးခေါင်းကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ (စက်တင်ဘာ ၁၂) နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျှောင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက် စီးနင်းခဲ့ပြီး ကြောက်လန့်၍ ထွက်ပြေးသော ရွာခံများကို ပစ်ခတ်ရာမှ ညီအစ်ကို နှစ်ဦးဖြစ်သော ကိုမြတ်စိုး နှင့် ကိုပြည်ကြီးတို့ကို ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာမှ ဆိုင်ကယ်ဝပ်ရှော့ဆရာ တစ်ဦးဖြစ်သော ကိုထွန်းမြင့်နိုင်ကို စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး လမ်းဘေးတွင် ရိုက်နှက် စစ်ဆေးခဲ့ပြီးနောက် နောက်စေ့ နှင့် နောက်ကျောကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ကိုထွန်းမြင့်နိုင်သည် ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဆိုင်ကယ်ပြင်နေစဉ် ဆိုင်မှ ဆွဲထုတ်ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်တင်ဘာလ ၁ဝ ရက်နေ့ ညအချိန်က အရပ်သားတစ်ဦးဖြစ်သူ ကိုရာဂျားသည် သူငယ်ချင်းအိမ်မှ ပြန်လာစဉ် ကင်းလှည့်နေသည့် စစ်သားများနှင့်တိုးကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ ရုပ်အလောင်းကို ဒေသခံများမှ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ကိုရာဂျား၏ ခန္ဓာကိုယ်၌ ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများအပြင် သေနတ်ဒဏ်ရာများပါ တွေ့ရှိရကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်တပ်မှ မော်တော်ယာဉ်တစ်စီးကို တားဆီးရာ ရပ်တန့်မပေး၍ဟုဆိုကာ စစ်ကားဖြင့် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းနေသည့် ကိုအောင်ကိုလွင်မှာ ကျဆုံးသွားကြောင်း သိရှိရသည်။ ထို့ပြင် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက် နှင့် ဗိုက်ကို ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် နေထိုင်သော ကိုမောင်မောင်သန်းသည် နေအိမ်အတွင်း သီချင်းနားထောင်နေစဉ် အကြမ်းဖက်စစ်အုပ်စု တပ်များ၏ အကြောင်းမဲ့ပစ်ခတ်ခဲ့သော ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုမောင်မောင်သန်း၏ လည်ပင်း နှင့် နောက်ကျောကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 13, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-13-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-13-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced_List-Last-Updated-on-13-September-2021