စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ အပြစ်မဲ့ပြစ်သူ (၁) ဦး နှင့် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးမြို့မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၉၆၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၅၂၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာနမှ ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် ယမန်နေ့ (ဩဂုတ် ၈) နံနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ကျဆုံးသွားခဲ့သည်။ ဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် မန္တလေး နန်းတွင်းစစ်ကြောရေး၌ ထိန်းသိမ်းခံထားရစဉ် ကိုဗစ်-၁၉ ကူးစက် ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ ဒေါက်တာမောင်မောင်ငြိမ်းထွန်းအား ဆေးရုံသို့ ပို့ဆောင်ဆေးကုသခြင်းမပြုဘဲ အမှတ် ၉ ရဲစခန်း၌ နှစ်ပတ်ကြာ ချုပ်နှောင်ထားခဲ့သည်။ အဆိုပါနေရာ၌ လုံလောက်သော ဆေးကုသမှုမရ၍ အခြေအနေပိုမို ဆိုးရွားလာမှသာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသခြင်းဖြစ်ကြောင်း ကြားသိရသည်။
ဆန္ဒပြလူငယ်များကို လက်ခံပေးထားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၁ဝ ရက်နေ့ကတည်းက ဖမ်းဆီးခြင်းခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျွဲခြံကျေးရွာမှ ဦးမောင်ဌေးသည် ယနေ့ (ဩဂုတ် ၉) နံနက်ပိုင်းတွင် မြင်းခြံအကျဉ်းထောင်အတွင်း၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဦးမောင်ဌေးသည် နှလုံးသွေးကြောကျဉ်း၊ သွေးတိုးရောဂါတို့ဖြင့် ကျဆုံးသွားသည်ဟု အကျဉ်းဦးစီးဌာနမှဆိုသော်လည်း ရုပ်အလောင်းကို အိတ်ဖြင့် ထုတ်ထားပြီး မျက်နှာ တစ်ခုသာ ကြည့်ခွင့်ပေးသည်ဟု ဦးမောင်ဌေး၏ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Aug 9, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 9 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release lists ( Last Updated on 9 August 2021)