စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နှင့် ကနီမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၅) ဦး၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးသွားခဲ့ ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၄၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၄၇၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သပိတ်စစ်ကြောင်းအဖွဲ့ဝင်များ စုစည်းနေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့၍ ဆီးခုံထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခြင်းခံခဲ့ရ သော ကိုစိုင်းရဲရင့် (ခ) ကိုမျိုးချစ်သူသည် ယင်းနေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုစိုင်းရဲရင့် (ခ) ကိုမျိုးချစ်သူ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း သိရှိရသည်။ ထို့ပြင် ၎င်းနှင့်အတူ ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး ဖမ်းဆီးခြင်းခံခဲ့ရသော ကိုခိုင်ထွန်း၏ အခြေအနေကိုလည်း သိရှိရခြင်း မရှိသေးပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာမှ ကိုလန်ခန့်ထန် နှင့် ကိုလာလ်ကိမ်တို့သည် တရုတ်နိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်ပြီး နေရပ်သို့ ပြန်လာစဉ် ဇူလိုင်လ ၃ဝ ရက်နေ့ ကလေးမြို့အဝင်အရောက်တွင် ၎င်းတို့စီးနင်းလာသည့် အိမ်စီးကားပေါ်၌ လက်နက်များတွေ့ရှိသည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကိုလန်ခန့်ထန်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် မိသားစုထံ အကြောင်းကြားလာကြောင်း သိရှိရသည်။ သို့သော်လည်း ကိုလန်ခန့်ထန်၏ ခြေ၊လက်များ ကျိုးနေပြီး ခေါင်း၊ နောက်ကျော၊ ခြေထောက် နှင့် လည်ပင်းတို့တွင် ဒဏ်ရာများစွာ ရရှိထားကြောင်း သိရှိရသည်။ ၎င်းနှင့်အတူဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုလာလ်ကိမ်ကိုလည်း ဆက်လက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ ဇူလိုင်လ ၂၆ ရက်နေ့ နှင့် ဇူလိုင်လ ၂ရ ရက်နေ့တို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အမျိုးသား (၁၂) ဦးသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အဆိုပါ အမျိုးသား (၁၂) ဦးမှာ ကနီမြို့မှ ညီအစ်ကို သုံးဦးဖြစ်ကြသည့် ကိုအောင်မြင့်သူ၊ ကိုချင်းတွင်းမောင် နှင့် ကိုဖြိုးကျော်အောင်၊ သရက်တောကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦး ပါအဝင် အမျိုးသား ခုနှစ်ဦး၊ ခိုတွင်းကျေးရွာမှ အမျိုးသား နှစ်ဦးတို့ ဖြစ်ကြပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်း များကို ကနီမြို့နယ်၊ တောင်ပေါက်အရှေ့ရွာ အနီးရှိ တောတွင်း၌ တွေ့ရှိခဲ့ရသည်ဟု သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Aug 2, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 2 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 2 August 2021)