စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နေ့စဉ် ထုတ်ပြန်ချက်၊ အဖမ်းအဆီးစာရင်း နှင့် ကျဆုံးစာရင်းများကို ဇူလိုင်လ ၄ ရက် (တနင်္ဂနွေနေ့) မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထုတ်ပြန်မှုကို ရပ်နားသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး နှင့် ယခင်နေ့ရက်များက ကျဆုံး သွားခဲ့သည့် ကချင်ပြည်နယ်၊ ဟိုပင်မြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၉၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေ နိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၄၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ယနေ့ (ဇူလိုင် ၇) နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးရှိ ထိုမာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆန်စက်တွင် လက်သမားလုပ်နေသည့် ပေါက်ခုံရွာသား ဦးအေးမင်းသည် ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၆) ညအချိန်ကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ရွာသစ်ကြီးကျေးရွာတွင် လယ်တောမှ နွားလှည်းမောင်း၍ ပြန်လာသည့် အရပ်သားတစ်ဦးဖြစ်သူ ကိုဘဂျမ်းကို နွားလှည်း အား ရပ်တန့်ပေးခြင်းမရှိဟုဆိုကာ ပစ်ခတ်ခဲ့ခြင်းကြောင့် နောက်ကျောကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် အရပ်သားတစ်ဦးဖြစ်သူ ဒေါ်သင်းသေး သည် သားဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။
ဧပြီလကတည်းက ဖမ်းဆီးခြင်းခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် CJ တစ်ဦးဖြစ်သည့် ကိုချစ်မင်းလှိုင်သည် ယမန်နေ့ (ဇူလိုင် ၆) တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဇူလိုင်လ ၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့မှ ကဗျာဆရာ သွေးနေ (ခေါ်) ကိုနေလင်းထက်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခြင်းခံခဲ့ရသည်။ မတ်လ ၂ရ ရက်နေ့ တွင် မန္တလေးမြို့၌ အကြမ်းဖက်စစ်အုပ်စုမှ ဆန္ဒထုတ်ဖော်သူများကို ဖြိုခွင်းနေစဉ် ကဗျာဆရာ သွေးနေမှ ဆန္ဒထုတ်ဖော်သူ တစ်ချို့ကို ဆိုင်ကယ်ဖြင့် လိုက်ပို့ချိန်၌ သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for Jul 7, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List ( Last Updated on 7 July 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 7 July 2021)
ဖမ်းဝရမ်းထုတ်ခံထားရသူများစာရင်း Issue Warrant Lists ( Last Updated on 7 July 2021)