မတရားဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ဇွန်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်၊
ယနေ့နံနက်တွင် အာဏာသိမ်းစစ်အုပ်စုက အကျဉ်းထောင်များမှ ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသား ၂၃၄၂ ဦးအားလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်စုအနေဖြင့် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် အကြမ်းဖက်မှုများအား မူတစ်ခုအနေဖြင့် အသုံးပြုလျှက်ရှိသည်။
ပြန်လည်လွတ်မြောက်လာသူများမှာလည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ စွဲကပ် ပါလာမည် ဖြစ်သည်။ သို့သော် ယနေ့ဖြစ်ပေါ်နေသော မတရားမှုများနှင့် ခံစားနေရသော ဆင်းရဲဒုက္ခများကို အသိအမှတ်ပြု၍ ထုတ်ဖော်ပြောဆိုခြင်း၊ ပြန်လည်ပေးလျော်ခြင်း၊ အရေးယူခြင်းများ လုံးဝမရှိပါ။ ထိန်းသိမ်းခံများကို ပြန်လည် လွှတ်ပေးခြင်းမှာ စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ် ဖိနှိပ်နေမှုများ လျှော့ပေါ့ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လွှတ်ပေးခြင်းမျိုးမဟုတ်ပေ။
လက်တွေ့တွင် စစ်အုပ်စုသည် ယခုလွှတ်ပေးနေစဉ်အတွင်း အခြားတစ်ဖက်၌ ဆက်လက်ဖမ်းဆီးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သကဲ့သို့ လက်ရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲ အကျဉ်းသားများအနေဖြင့် ပိုမိုဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုများအား ခံနေကြရဆဲဖြစ်သည်။ အာဏာသိမ်းမှုဖြစ်စဉ် စတင်ခဲ့ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူနှင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၈၈၃ ဦးအား သတ်ဖြတ်ခဲ့ပြီး ၆၄၂၁ ဦးအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဖြစ်သည်။
AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “နိုင်ငံရေး အကျဉ်းသားများရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လုပ်ဆောင်နေမှုတွေဟာ အပြု သဘောဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုလက်ခံလာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
ယခုစစ်ကောင်စီအနေဖြင့် ဆက်လက်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း၊ အကြမ်းဖက်နှိပ်စက်ခြင်း စသည်တို့သည် ပြည်သူတို့အား အကြောက်တရား ပိုမိုတိုးပွားလာစေရန် အဓိကရည်ရွယ်ချက်ဖြစ်သည်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “အစကတည်းက မဖမ်းသင့်တဲ့ လူတွေကို ဖမ်းထားတာပါ။ ပြန်လည် လွတ်မြောက်လာတဲ့သူတွေမှာလည်း စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှု‌တွေ ပွေ့ပိုက်ပြီး ပြန်လာကြရမှာပါ။ လွတ်မြောက်လာသူတွေကို ပြန်လည်ကုစားပေးဖို့လည်း လိုအပ်ပါတယ်။ စာနာနားလည်မှုပေးဖို့လည်း လိုအပ် ပါတယ်။ သူတို့တွေဟာ မတရားဖမ်းဆီးခံခဲ့ရတာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်တဲ့ လွှတ်ပေးခြင်းမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူ ရပါမယ်။ လွှတ်ပေးမှုရှိနေသလို အဖမ်းအဆီးကလည်း ဆက်ရှိနေတာပါ။”
“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ယခုလွှတ်ပေးခြင်းဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ခြင်းလို့ မရှုမြင်သင့်ပါဖူး။ စစ်မှန်တဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့၊ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့ လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ကျနော်တို့ဟာ အာဏာ မတရားအာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံလာကြတာပါ။ သူတို့ဟာ ပြင်းထန်တဲ့ဖိအားပေးမှုမရှိဘဲ ဘာမှမလုပ်ဖူးဆိုတာ တွေ့မြင် ပြီးသားပါ၊ နိုင်ငံရေးအကျဉ်းသား အချို့လွတ်မြောက်ရုံနဲ့ မြန်မာနိုင်ငံဟာ ပြည်သူလူထုလိုချင်တဲ့ အရပ်သား အစိုးရလက်အောက် ပြန်ရောက်သွားမှာ မဟုတ်ပါ” ဟု စစ်အုပ်စု၏ အထိန်းသိမ်းခံများ ပြန်လည်လွှတ်ပေးမှုကို မှတ်ချက်ပြုထားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန်မှာ နိုင်ငံ့ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရန်လိုအပ်ပြီး ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြောက်ထားသော အရပ်သားအစိုးရ အုပ်ချုပ်မှု ထွန်းကားရန် လိုအပ်ပေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
စတိတ်မန့်အပြည့်အစုံဒေါင်းရန် AAPP press Burmese