စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလ အတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၂၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၂၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၅) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ယမန်နေ့ (ဇွန် ၂၈) မွန်းလွဲပိုင်းက ရဲ နှင့် စစ်သားများမှ ဒလန်၏ သတင်းပေးချက်အရ လူငယ် တစ်ဦးကို လာရောက် ဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏ ယောက်ဖဖြစ်သူ ကိုရင်းထန်ထယ်ရမ်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာတွင် အရပ်သား တစ်ဦးဖြစ်သူ ဦးထွန်းဝေအား လာရောက် ဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့် နှင့် သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မနှင်းအိအိစံ တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသော နည်းပညာကျောင်းသား ကိုအောင်စိုးကို ထောင်ဒဏ် သုံးနှစ်ကျခံစေရန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးမှ ယမန်နေ့ (ဇွန် ၂၈) က အမိန့်ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 29, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List (Burmese – Last Updated on 29 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists (Burmese – Last Updated on 29 June 2021)