စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နှင့် ထီးချိုင့်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၈၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၀၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၁၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၄၀) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ၊ (၂၄) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ၊ (၁) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (ဇွန် ၂၃) ညအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် အရပ်သားတစ်ဦး ဖြစ်သူ ကိုအောင်မင်းသူသည် လက်ဘက်ရည်သောက်ပြီး၍ ဆိုင်ကယ်မောင်းပြီး ပြန်လာစဉ် အကြမ်းဖက်စစ်အုပ်စု၏ စစ်သားများမှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။ ထို့ပြင် ယမန်နေ့ ညနေအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား တစ်ဦးဖြစ်သူ ဆလိုင်းငွန်နေပြန် (Salai Ngun Nei Piang) သည် ကျဆုံးသွားခဲ့သည်။
ယနေ့ (ဇွန် ၂၄) နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျောင်းသား သုံးဦးဖြစ်ကြသော အသက် ၁ရ နှစ်အရွယ် Thang Biek Lien၊ အသက် ၁၆ နှစ်အရွယ် Mang Kim Khuol၊ အသက် ၁၄ နှစ်အရွယ် Thang Gin Hang နှင့် ၎င်းတို့၏ ဦးလေးဖြစ်သူ Suon Lam Khai တို့ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။ ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ အငြိမ်းစားကျောင်းဆရာကြီး ဦးတင်မြင့်စိုး အပါအဝင် ၎င်း၏မိသားစုဝင် ခြောက်ဦး နှင့် ဆွေမျိုး သုံးဦး တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့သည်။ ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံထားရသူများအနက် အငြိမ်းစား ကျောင်းဆရာကြီး ဦးတင်မြင့်စိုး၏ မိသားစုဝင်တစ်ဦးဖြစ်သည့် လေးနှစ်အရွယ် ကလေး တစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for June 24, 2021 (Burmese)final
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Burmese – Last Updated on 24 June 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Burmese – Last Updated on 24 June 2021)