နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမြင့်အောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

AAPP New Letterhead

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုစိုးမြင့်အောင် (အသက် ၄၈ နှစ်) သည် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲမိပါသည်။

ကိုစိုးမြင့်အောင် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။

ကိုစိုးမြင့်အောင်သည် မန္တလေးမြို့ဇာတိဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် B.E (Mechanical) ဘွဲ့ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် M.O.T 2nd class (Part A) ပြီးဆုံးခဲ့သည်။

၁၉၈၈ မတ်လ အရေးအရေးအခင်းတွင် ပါဝင် လှုပ်ရှားခဲ့သူတဦးဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်သည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်လှုပ်ရှားမှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၉၉ရ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အရေးပေါ်စီမံချက် ပုဒ်မ ၅ ည ဖြင့် (၇) နှစ် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် သာယာဝတီအကျဉ်းထောင်မှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းများအပြင် သတင်းစာ လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သူဖြစ်သည်။

ကိုစိုးမြင့်အောင်သည် အေအေပီပီ၏ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုအစီအစဉ်၏ ကောင်ဆယ်လာ (Counselor) တဦးအဖြစ် တာဝန်ထမ်းဆောင် နေသူတဦးဖြစ်ပါသည်။ ထို့အပြင် နှလုံးလှပင်လယ်ကုသိုလ်ဖြစ်ဆေးခန်း (မန္တလေး)၊ ကလေးချစ်သူများ ကွန်ရက်(မန္တလေး)၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် (မန္တလေး)၊ ပီတိမိုးကောင်းကင် လူမှုကူညီရေးအသင်း (မန္တလေး)၊ စသည့် နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူတဦးလည်းဖြစ်ပါသည်။

ထို့ကြောင့် ကိုစိုးမြင့်အောင်၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆောင်ရွက်မှုများ၊ လူမှုရေးကူညီဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း ကိုစိုးမြင့်အောင် ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကိုစိုးမြင့်အောင် ကောင်းရာသုဂတိလားပါစေ..

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

၂၀၁၄ ခု၊ ဩဂုတ်လ ၄ ရက်၊