စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တီးတိန်မြို့နယ်၊ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၆) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၀၂) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၀၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၁၂၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၉၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၇) တွင် စစ်အာဏာရှင်၏ အမျိုးမျိုးသော ဖိနှိပ်မှုများကို ရင်ဆိုင်ကာ မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူများသည် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို ရဲနှင့် စစ်တပ်က အရှိန်ပြင်းပြင်းမောင်းလာသော အိမ်စီးကားများဖြင့် တိုက်ကာ ပစ်ခတ်၍ ဖြိုခွင်းခဲ့သောကြောင့် ပြည်သူ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ခုနှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရကာ တစ်ဦးမှာ ရာဘာကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ထိုကဲ့သို့ အိမ်စီးကားများဖြင့် ရက်ဆက်ဆိုသလိုဖြိုခွင်းလာခြင်းက ပြည်သူများအပေါ် ရန်လိုမုန်းထားခြင်းကို ဖော်ပြနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုမှ ရသည့်နည်းလမ်းဖြင့် ပြည်သူများအပေါ် အကြမ်းဖက်ရန်သာ ကြိုးစားလျှက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စုမှ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အပြင်းအထန် တိုက်ခိုက်၍ စီးနင်းခဲ့ပြီးနောက် ယမန်နေ့ (မေ ၁၆) ညအချိန်က မင်းတပ်မြို့အတွင်းကို လက်နက်ကြီး၊ မောင်းပြန်သေနတ်များဖြင့် ရမ်းကား ပစ်ခတ်ခဲ့သည်။ ယနေ့ (မေ ၁၇) တွင်လည်း ထပ်မံ၍ အလားတူ အဆက်မပြတ် ပစ်ခတ်နေသောကြောင့် လူနေအိမ်များ ပျက်စီးသွားခဲ့ပြီး အိမ်အတွင်း ပုန်းအောင်းနေသော ၁ဝ နှစ် ဝန်းကျင် မိန်းကလေး တစ်ဦး ကျည်ထိမှန်ထားကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရှိရသည်။ ၎င်းပြင် မြို့အတွင်းရှိ ဈေးဆိုင်များ၊ လူနေအိမ်များကို တံခါးဖျက်၍ ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများအား ခိုးယူခြင်းများ ပြုလုပ်နေသည်ဟု သိရှိရသည်။ ထို့ပြင် စစ်ဘေးရှောင်နေကြရသော မြို့ခံပြည်သူများမှာလည်း တောတောင် များအတွင်း နေထိုင်နေကြရပြီး အစားအစာ၊ ဆေးဝါးနှင့် အကူအညီများ လိုအပ်နေသည်ဟု သိရှိရသည်။
ထိုကဲ့သို့ မြို့ငယ်တစ်ခုအပေါ် အငြှိုးထား၍ ခြိမ်းခြောက်ခြင်းသည် ၎င်းတို့ကို ခုခံတော်လှန်သည့် မည်သည့်မြို့မဆို ယင်းကဲ့သို့ ဖြစ်စေမည်ဆိုသည်ကို သတိပေးလိုက်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို ပြည်သူများမှ မကြောက်ရွံ့ဘဲ စစ်အာဏာရှင် ကျရှုံးရေးအတွက် ရသည့်နည်းဖြင့် တော်လှန်တိုက်ပွဲဝင်ကြဆဲပင်ဖြစ်သည်။ ပြည်သူ ရှစ်ရာကျော်ကို သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်အုပ်စုကို အပြစ်ပေးရန်မှတစ်ပါး မည်သည့် စေ့စပ် ညှိနှိုင်ရေးကိုမှ ပြည်သူများက လက်ခံတော့မည်မဟုတ်ပါ။
ယမန်နေ့ (မေ ၁၆) ညအချိန်က ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့မှ လူငယ် နှစ်ဦး ကျဆုံးသွားခဲ့ပြီး အိမ်အတွင်းရှိနေသည့် အမျိုးသား တစ်ဦးသည်လည်း ကျည်ထိ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ကျဆုံးသူ နှစ်ဦးအနက် တစ်ဦးကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုချက်ရရှိပါက AAPP ၏ ကျဆုံး စာရင်းအတွင်း ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။ ထို့ပြင် ယမန်နေ့ ညနေအချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၌ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ (ဟားခါး) (CDF-Hakha) နှင့် အကြမ်းဖက် စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-Hakha မှ လူငယ် တစ်ဦး ကျဆုံးသွားခဲ့သည်။
အကြမ်းဖက် စစ်အုပ်စု၏ နေ့စဉ်ရက်ဆက် ပစ်ခတ် သတ်ဖြတ်မှုများကြောင့် ကျဆုံးသူအရေအတွက်များ တိုးလာလျှက်ရှိ သော်လည်း အကြမ်းဖက် စစ်အုပ်စု ကျရှုံးသွားစေမည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများကိုမူ လုပ်ဆောင်နိုင်ခြင်း မရှိသေး၍ ပြည်တွင်းရေး အလွန်အမင်း မငြိမ်မသက် ဖြစ်လျှက်ရှိပြီး တရားဥပဒေစိုးမိုးမှုသည်လည်း ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် မေလ ၁၄ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသော အမျိုးသား တစ်ဦး၏ ပုပ်ပွနေ သော ရုပ်အလောင်းကို သင်္ဂြိုလ်ခွင့်ရရှိရန် မိသားစုမှ ရောဂါအခံကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဆေးစာတွင် လက်မှတ် ရေးထိုးခဲ့ရသည်ဟု သိရှိရသည်။ ရုပ်အလောင်းတွင် နှိပ်စက်ထားသော ဒဏ်ရာ ဒဏ်ချက်များစွာရှိ၍ မျက်နှာတွင် အညိုအမည်းများ ရှိကြောင်း၊ ပါးစပ်တွင်လည်း သွားများ ရိုက်ချိုးခြင်းခံထားရသည့် ပုံရှိပြီး ပါးစပ်တစ်ခုလုံး ရောင်ကိုင်းနေ ကြောင်း သိရှိရသည်။ ၎င်း၏ အသုဘအခမ်းအနားကို အကြမ်းဖက် စစ်အုပ်စုမှ အနီးကပ် လိုက်ပါလာကာ ဓာတ်ပုံ ရိုက်ကူး ခွင့်မပေးကြောင်း သိရှိရသည်။
ညှဉ်းပန်းနှိပ်စက်ခြင်းသည် အလွန်အမင်း စာနာစိတ်ကင်းမဲ့ပြီး လူမဆန်သည့်လုပ်ရပ် ဖြစ်သော်လည်း အာဏာရှင်တို့ကမူ ထိုကဲ့သို့ ယုတ်မာရက်စက်သည့် နည်းဖြင့် ပြည်သူများ ကြောက်ရွံ၍ ၎င်းတို့အား ဆန့်ကျင်ခြင်းမပြုနိုင်စေရန် ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးကြောင်းကို ဖုံးကွယ်လို၍၊ သက်သေ ဖျောက်ဖျက်လို၍ ဆေးစာများတွင် မိသားစုဝင်များအား အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခြင်းကိုလည်း ယခုနောက်ပိုင်း တွင်ကျယ်စွာ အသုံးပြုလာကြသည်။ မည်သို့ပင် ဖုံးကွယ်မှုများပြုလုပ်ပစေ စစ်အာဏာရှင်ကျရှုံး၍ ဒီမိုကရေစီ ပြန်လည် ရရှိပါက ၎င်းတို့၏ လုပ်ရပ် တစ်ခုချင်းစီတိုင်းအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူများစာရင်း Fatality List for May 17, 2021 (Bur) (Updated) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (17-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (17-May-2021)