စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၆) ဦး၏ အချက်အလက်များ ကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၉၆) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူ များကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၉၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၉၉၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၇၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၆) တွင် မြန်မာပြည်အနှံ့အပြား၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် မန္တလေးမြို့အနီးရှိ အင်းဝမြို့၌ မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းခြင်းခံခဲ့ရ သော်လည်း ထိခိုက်ဒဏ်ရာ နှင့် ဖမ်းဆီးခြင်းခံခဲ့ရသူ မရှိကြောင်း သိရှိရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌လည်း အထွေထွေသပိတ်လူစုခွဲပြီးချိန်၌ အိမ်စီးကားများဖြင့် လိုက်လံဖမ်းဆီးခြင်းကြောင့် ပြည်သူ လေးဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထို့ပြင် ယမန်နေ့ (မေ ၁၅) ညအချိန်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ ပြောက်ကျားသပိတ်ကို ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ပြီး လူငယ် တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရကာ လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ အာဏာရှင်များကသာ ထိုကဲ့သို့ ကောက်ကျစ် စဉ်းလဲသည့် နည်းလမ်းများကို အသုံးပြု၍ ဖြိုခွင်းခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များမှ ၎င်းတို့၏ ရက်စက် ယုတ်မာမှုကို ထပ်လောင်း ဖော်ပြလျှက်ရှိသည်။
ယမန်နေ့၌ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်အုပ်စုမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်၍ စီးနင်းခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်နေသူများကို ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် နယ်ဒေသများကို အင်အားသုံး၍ အပြင်းအထန် ဖိနှိပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာ နှင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ ကို အင်အားအများအပြားဖြင့် စီးနင်း ရှာဖွေခဲ့သည်။ ထိုကဲ့သို့ စီးနင်းရာတွင် ညောပြင်ကျေးရွာ၌ ဒေသခံ လေးဦးထက် မနည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး မုံပင်ကျေးရွာ၌ အိမ်တံခါး မှန်သမျှကို ရိုက်ဖျက်ပြီး အသုံးအဆောင်ပစ္စည်းများ နှင့် ငွေကြေးများ အား လုယက်သွားခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာ၌ ယမန်နေ့ (မေ ၁၅) ညနေပိုင်းက ကျေးရွာ NLD ဥက္ကဌနေအိမ်အပါအဝင် နေအိမ်သုံးလုံးကို ဖျက်ဆီးခဲ့ပြီး ဆန်အိတ်များနှင့် ငွေကျပ် ခုနှစ် သိန်းကို လုယက်သွားခဲ့သည်။
ထိုကဲ့သို့ လက်နက်အားကိုး၍ တရားမဲ့ လုယက်၊ ဖျက်စီး၊ စီးနင်းမှုများကို ကျူးလွန်လျှက်ရှိသော်လည်း တားဆီးမည့်သူ မရှိဘဲ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသောကြောင့် ၎င်းတို့၏ အနိုင်ကျင့်မှုများသည် ပို၍ ဆိုးရွားလာခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ အာဏာ ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့၏ လက်ပါးစေ ရဲ နှင့် စစ်သားများ မည်သည့်လုပ်ရပ်မျိုးကို ကျူးလွန်သည်ဖြစ်စေ ခွင့်ပြုပေးထားခြင်းဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စု အာဏာတည်မြဲနေသမျှ ကာလတလျှောက်လုံး ထိုကဲ့သို့သော လုပ်ရပ်များကို နေ့စဉ် ကျူးလွန်နေဦးမည်ဖြစ်သည်။
ယမန်နေ့ (မေ ၁၅)က ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာ၌ သီပေါမြို့နယ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းကံညွန့်ကို တုတ်၊ ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။ NLD ပါတီဝင်များကို နေ့စဉ် နည်းအမျိုးမျိုးဖြင့် အလွန်အမင်း ဖိနှိပ်လျှက်ရှိရာ ထိုသေဆုံးမှုသည် အကြမ်းဖက် စစ်အုပ်စုနှင့်ဆက်နွယ်လျှက်ရှိမည် မှာ ယုံမှား သံသယဖြစ်ဖွယ် မရှိပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း ဒေါင်းလော့ရယူရန် Fatality List for May 16, 2021 (Bur) (Updated) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_Burmese (16-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းလော့ရယူရန် Release Lists_Burmese (16-May-2021)