စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၈၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၉၇၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၃၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၄) တွင် မြန်မာပြည်အနှံ့အပြား၌ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ခဲ့ကြသည်။ ထို့ပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီးအတွင်းရှိ ဒေသတချို့၌လည်း အကြမ်းဖက် စစ်အုပ်စုကို ခုခံ တော်လှန်မှုများ ပို၍ ပြင်းထန်လာသည်။ ယနေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ မြို့လုံးကျွတ် လမ်းလျှောက်သပိတ်ကို ဖြိုခွဲခဲ့သော်လည်း လူပြန်စု၍ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်ပွဲများကို ဖြိုခွင်းလျှက်ရှိပြီး ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင် သူများကိုသာမက ဆန္ဒထုတ်ဖော်သူများကိုလည်း ရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။ ယမန်နေ့ (မေ ၁၃) တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ နဘုလယ်ဒေသ အရုဏ်ဦးသပိတ် ဖြိုခွင်းခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက် စစ်တပ်က လိုက်လံ ရှာဖွေနေခြင်းကြောင့် ဆန္ဒထုတ်ဖော်သူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်သည့် ဆရာ၊ ဆရာမများ စုစုပေါင်း ၃ဝ ဦးထက်မနည်း ထွက်ပြေး တိမ်းရှောင်နေကြပြီး ရေ နှင့် အစားအစာများ ပြတ်လပ်နေ သည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုသည် ဆန္ဒထုတ်ဖော်ပွဲများ ရပ်တန့်သွားစေရန် နှင့် စုစည်း၍ မရစေရန်အတွက် ထိုကဲ့သို့ ဖမ်းဆီးမှုများကို ပြုလုပ်လာခြင်းဖြစ်သည်။
ပြည်သူများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုများသည်လည်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျှက်ရှိသည်။ ယမန်နေ့ (မေ ၁၃) ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းကျေးရွာဘက်၌ Generation Z များ၏ စခန်းကို စီးနင်းရာ၌ ထွက်ပြေးသည့် လူငယ် နှစ်ဦးအား ခြေထောက်ကို ပစ်ခတ်၍ ဖမ်းဆီးကာ ခေါင်းရိုက်ခွဲခြင်း၊ စစ်ဖိနပ်ဖြင့် ဗိုက်နှင့် နံရိုး များကို ကန်ခြင်း၊ ခြေ၊ လက်များကို ရိုက်နှက်ခြင်း၊ မျက်နှာကိုလည်း မမှတ်မိနိုင်အောင် ရောင်ကိုင်း နှိပ်စက်ထားခြင်း စသည့် လူမဆန်စွာ ညှဉ်းပန်းမှုကြောင့် ထိုလူငယ် နှစ်ဦးမှာ အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေရှိပြီး သေဆုံးသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ထိုကဲ့သို့ စီးနင်းရာ၌ လက်နက်များကို သိမ်းဆည်းသွားခဲ့ပြီး ဆိုင်ကယ်များစွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရှိရသည်။
အပြင်းအထန် နာကျင်စေခြင်းသည် ရာဇဝတ်မှုမြောက်သော်လည်း အာဏာရှင်အဆက်ဆက်က ကျူးလွန်သူများကို ပြစ်ဒဏ်မှကင်းလွတ်စေခြင်းဖြင့် အကာအကွယ်ပေးထားသည်။ ထို့ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို လုပ်ရိုးလုပ်စဉ် တစ်ခုကဲ့သို့ ဆက်လက်ကျင့်သုံးလာခြင်းအားဖြင့် ယခုအာဏာသိမ်းကာလတွင် ပြည်သူများအပေါ် အလွယ်တကူ ကျူးလွန် လာခြင်းဖြစ်သည်။ အာဏာရှင်စနစ် ပျက်သုဉ်းမှသာ လူတိုင်း၌ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့် နှင့် လုံခြုံခွင့်တို့ ရရှိမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အထက်ပါကဲ့သို့ လူမဆန်စွာ ကျူးလွန်မှုများအတွက် ကျူးလွန်သလောက် ပြန်လည် ပေးဆပ်ရ မည်သာဖြစ်သည်။
အာဏာသိမ်းမှုကာလအတွင်း အကြမ်းဖက် စစ်အုပ်စု၏ နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများကို ရင်ဆိုင်ကာ နေ့စဉ်နှင့်အမျှ အချိန်နှင့် တပြေးညီ သတင်းရယူပေးနေသောကြောင့် သတင်းသမားကို ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်၊ ဝရမ်းထုတ်မှုများ ပို၍ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ မေလ ၁၂ ရက်နေ့က ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် တစ်ဦးကို ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးနောက် ယမန်နေ့ (မေ ၁၃) တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မှ Tomorrow ဂျာနယ်၏ သတင်းထောက်ဟောင်း တစ်ဦးကို ဖမ်းဆီးခဲ့သည်။ သတင်းမီဒီယာကဏ္ဍသည် စစ်အာဏာရှင် ဆန့်ကျင်ရေး၌ အဓိက ထောက်တိုင် တစ်ခုဖြစ်သောကြောင့် အကြမ်းဖက် စစ်အုပ်စုမှ သတင်းလွတ်လပ်ခွင့်များကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း သတင်းမီဒီယာကဏ္ဍကို မြှင့်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်၍ ဒီမိုကရေစီပြန်လည် ရရှိရေး ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးအတွင်းကျဆုံးသူများစာရင်း Fatality List for May 14, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (14-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (14-May-2021)