စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် နှင့် ချင်းပြည်၊ ဟားခါးမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၈၅) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၈၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၈၈၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၀၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၂) တွင် မြန်မာပြည်အနှံ့အပြားရှိ ဒေသအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် နယ်ဒေသတချို့၌လည်း အာဏာသိမ်း စစ်အုပ်စု၏ နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ၊ ရမ်းကား ပစ်ခတ်မှုများကြောင့် ဒေသခံများသည် ရရာလက်နက်စွဲကိုင်၍ ပြန်လည် ခုခံ တော်လှန်နေကြ ပြီဖြစ်သည်။
ယနေ့ (မေ ၁၂) တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ လူစုနေသည့် မန္တလေး တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး ဆရာမ သုံးဦး အပါအဝင် အများအပြားကို ရိုက်နှက် ဖမ်းဆီးခဲ့ကာ ဆန္ဒပြသူများ၏ ဆိုင်ကယ် အစီး ၃၀ ခန့်ကို သိမ်းဆည်းသွားခဲ့သည်။ အာဏာသိမ်းမှု သုံးလကျော်လာပြီးနောက် စစ်အုပ်စု သည် အုပ်ချုပ်ရေးအာဏာတည်နိုင်ခြင်းမရှိသောကြောင့် အကြမ်းဖက် နည်းမျိုးစုံ သုံး၍ ပြည်သူများကို ဖိနှိပ်လာခဲ့ရာ ယခုအခါ သပိတ်မစတင်မီဖြိုခွင်းမှုကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူများကို နည်းမျိုးစုံ သုံး၍ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လျက်ရှိသည်။ မေလ ၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော ချင်းပြည်နယ်၊ ဟားခါးမြို့မှ တောင်ယာလုပ်ကိုင်နေသူ ဒေသခံ အမျိုးသား တစ်ဦးသည် အကြမ်းဖက် စစ်အုပ်စု၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မေလ ၁၁ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။ ညှဉ်းပန်း နှိပ်စက်ခြင်းကို စစ်အာဏာရှင်အဆက်ဆက်က အလေ့အထတစ်ခုသဖွယ် အသုံးပြုလာကြရာ ယခုအာဏာသိမ်းမှုကာလ တွင်လည်း ပြည်သူများကို ခြိမ်းခြောက်လို၍လည်းကောင်း၊ အကျပ်ကိုင်လို၍လည်းကောင်း၊ ရန်သူများသဖွယ် သဘောထား ၍ လည်းကောင်း ထပ်မံ အသုံးပြုလာသည်ကို တွေ့ရှိရသည်။ အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
မေလ ၁၀ ရက်နေ့ ညပိုင်းက ကလေးမြို့ ရပ်ကွက်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ သေနတ်ပစ်ဖောက်သံများကြောင့် နှလုံးရောဂါအခံရှိသော မီးဖွားပြီးခါက အမျိုးသမီး တစ်ဦးသည် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ၎င်းပြင် ယမန်နေ့ (မေ ၁၁) ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သမင်ခြံရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဆဲဆိုသည့်အတွက် စိတ်ဝေဒနာရှင် အမျိုးသား တစ်ဦးကို နေအိမ်အတွင်းထိ ဝင်ရောက်ကာ ပစ်သတ်ခဲ့သည်။ အကြမ်းဖက် စစ်အုပ်စု၏ ရန်လိုသော အပြုအမူဖြင့် အလွယ်တကူ ပစ်သတ်မှုများသည် ပို၍ ဆိုးရွားလာနေပြီး ယခုအခါ စိတ်ကျန်းမာရေးမကောင်းသူများလည်း အပါအဝင်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နယ်ဒေသများကိုလည်း ယခုရက်ပိုင်းအတွင်း အပြင်းအထန် ဖိနှိပ်လာသည်ကို တွေ့ရှိရသည်။ ယနေ့ (မေ ၁၂) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ၌ ကျေးရွာအတွင်း တွေ့သမျှလူကို ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများသည် အိုးအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း သီတင်းပတ်များကြာ တပ်စွဲထားပြီး ဒေသခံများ၏ အိုးအိမ်များကို ဖျက်ဆီးနေသည်ဟု သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ခုခံပါက ရန်သူများသဖွယ် ဆက်ဆံလာပြီး အပြင်းအထန်ဖြိုခွင်းလာသည်ကို တွေ့ရှိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့တွင် အကြမ်းဖက် စစ်အုပ်စုနှင့် တလုပ်မြို့ ပြည်သူ့ ကာကွယ်ရေး တပ်များအကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေရာမှ ယနေ့ နံနက်ပိုင်းတွင် မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်းခဲ့ပြီး ကလေး၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် လူငယ်လူရွယ်များကို ရိုက်နှက် ဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်၍ မေးမြန်း ခဲ့သည်ဟု သိရှိရသည်။ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာလျှင် ထိုကဲ့သို့ မြို့ရွာများအား စစ်မြေပြင်သဖွယ် အပြင်းအထန် တိုက်ခိုက်မှုများ ချုပ်ငြိမ်းသွားမည်ဖြစ်သည်။
လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းထားသော အကြမ်းဖက် စစ်အုပ်စုသည် ကလေးသူငယ်များကိုပါမချန် ဖမ်းဆီး၊ တရားစွဲဆို၍ ဖိနှိပ်မှုများကို ပြုလုပ်လျှက်ရှိသည်။ ထို့ပြင် ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များတွင် ပါရှိသည့် လိုက်နာရမည့်အချက်များကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေသည်ကို တွေ့ရှိနေရ သည်။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးခြင်းခံခဲ့ရသော လူငယ် ကိုးဦးအနက် အသက် ၁၇ နှစ်အရွယ် လူငယ် လေးဦးမှာ ယခုအချိန်ထိ လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရှိရသည်။ ထိုအခြင်းအရာမှ ပြည်တွင်းဥပဒေဖြစ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို တိုက်ရိုက်ချိုးဖောက် နေသည်သာမက မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေး သဘောတူစာချုပ် (CRC) ကိုပါ တိုက်ရိုက်ချိုးဖောက်ခြင်း ဖြစ်သည်ကို ပြသနေသည်။ သို့သော်လည်း မတရား အာဏာသိမ်းထားသော အကြမ်းဖက် စစ်အုပ်စုဖြစ်သောကြောင့် မည်သည့်ဥပဒေကိုမျှ လေးစား လိုက်နာခြင်း မရှိပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for May 12, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်း Under Detention List_Burmese (12-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_English (12-May-2021)