စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

  • ရက်စွဲ ဧပြီလ ၄ ရက်၊ ၂၀၂၁ ခုနှစ်
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၂) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၅) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
    ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၅) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၆၂) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၂) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၆၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၆၆၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
    ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၄၂၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
    မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများသည် စစ်အာဏာရှင်ကျရှုံးရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ဆန္ဒထုတ်ဖော်လျှက်ရှိ ကြရာ ယနေ့တွင် “Easter Egg Strike” များဖြင့် ဒီမိုကရေစီပြန်လည် ရရှိ ရှင်သန်ရေးအတွက် ဆက်လက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
    ယနေ့တွင် ပျဉ်းမနားမြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းခြင်းခံခဲ့ရပြီး အမျိုးသား (၁) ဦး ကျဆုံးသွားသည်ဟု ကနဦး သိရှိရ သည်။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက တပ်မ ၇ရ မှ လူနေရပ်ကွက်အတွင်း အကြမ်းဖက် စီးနင်းခဲ့ပြီး ကင်းသမား လူငယ် (၁) ဦးကို ရိုက်နှက်၍ ရင်ဘတ် နှင့် ခြေထောက်တို့ကို ပစ်ခတ်ခဲ့သဖြင့် ကျဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ရဲ နှင့် စစ်သားများက ယူဆောင်သွားခဲ့သည်။ ၎င်းပြင် (၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကင်းသမား (၁၀) ဦးကိုလည်း ရိုက်နှက် နှိပ်စက်၍ ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။ ကယားပြည်နယ်၌မူ မိုင်းလုံးသပိတ် စစ်ကြောင်း ကို အင်အားသုံး၍ ဖြိုခွင်းခဲ့ပြီး ရပ်ကွက်များအတွင်းထိ လိုက်လံဖမ်းဆီးခဲ့ခြင်းကြောင့် (၅) ဦး ထက်မနည်း ဖမ်းဆီးခြင်း ခံရကာ ရာဘာကျည် ထိမှန်၍ ဒဏ်ရာရရှိခဲ့သူများလည်းရှိသည်ဟု သိရှိရသည်။
    အဖျက်အမှောင့်လုပ်ရပ်များကို အကြမ်းဖက်စစ်အုပ်စုမှ နေ့ညမပြတ် ကျူးလွန်လျက်ရှိသည်။ ယနေ့နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်အုပ်စုမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ရုံးထိုင်သည့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသည် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် မီးလောင်ကျွမ်း၍ ပျက်စီး သွားခဲ့သည်။ ယင်းကဲ့သို့ဖြစ်ပွားလာသည့်အခါတိုင်း စစ်အုပ်စုမှ ပြည်သူလူထုများကသာ ကျူးလွန်ကြသည်ဟု မဟုတ်မမှန် စွပ်စွဲကြသည်မှာ ၎င်းတို့၏ နည်းနာသဖွယ်ဖြစ်သည်။ ဝင်ရောက် စီးနင်း၍ ဖျက်ဆီးမှုများအနေဖြင့် ယမန်နေ့ နေ့လည်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ကုန်စုံဆိုင်ဖွင့်ထားသည့် နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လက်ပစ်ဗုံးတစ်လုံးဖြင့်ပါ ဖောက်ခွဲသွားခဲ့ကြောင်း သိရှိရသည်။
    အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်ရက်ဆက်ဆိုသလို ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်၍ ပြည်သူလူထုအပေါ် အလွန်အမင်း ခြိမ်းခြောက်လျှက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ၎င်းတို့၏ဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုများကို အောက်တွင် ဖော်ပြထားသော ဖြစ်စဉ်များမှ ထင်ရှားစွာ ထုတ်ဖော်ပြသလျှက်ရှိသည်။
  • ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ မန္တလေးမြို့၌ ပြည်သူများ ပြုလုပ်ထားသည့် အရံအတားများအား ရဲ နှင့် စစ်သားများက ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်ရှိ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာများကို ဖမ်းဆီးရိုက်နှက်ခဲ့ခြင်း
  • ယနေ့နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၌ ဆန္ဒထုတ်ဖော်သူများကို အိမ်ပေါ်အထိ ရှာဖွေ ဖမ်းဆီးခဲ့ပြီး လူငယ် (၂၀) ဦးခန့် ဖမ်းဆီးခြင်းခံခဲ့ရကာ ထွက်ပြေးသူတချို့ကို ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း၊ ယမန်နေ့ညအချိန်ကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်၌ ရဲများမှ လူငယ်တစ်ဦးအား ဒူးထောက် ထိုင်စေပြီး ပါးရိုက်ခြင်း၊ ကန်ကြောက် ရိုက်နှက်ခဲ့ခြင်း၊ ယမန်နေ့ ညနေပိုင်းအချိန်၌ သန်လျင်မြို့နယ်၌ လမ်းသွား လမ်းလာ အရပ်သား သုံးဦးကို ဖမ်းဆီးစစ်ဆေးပြီး အကြမ်းဖက်ရိုက်နှက်ခဲ့ခြင်း
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာတွင်မူ ဧပြီလ ၂ ရက်နေ့ကတည်းက ဖမ်းဆီးခြင်းခံထားရ သော ရွာသား ခြောက်ဦးအနက် နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့တွင် ပြန်လည် ယူဆောင်ရန် အကြောင်းကြား လာခြင်း၊
    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့တွင် မတ်လကုန်ခါနီး၌ စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော အမျိုးသား လေးဦးအနက် နှစ်ဦးမှာ ထိန်းသိမ်းထားစဉ်အတွင်း ကျဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိ ကာ ၎င်းတို့၏ မိသားစုဝင်များသည်လည်း ထွက်ပြေးတိမ်းရှောင်နေကြရခြင်း
  • အကြမ်းဖက် စစ်အုပ်စုသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ ကျင့်သုံးလျှက်ရှိခြင်းသည် နှစ်ပေါင်း ၇ဝ ကျော်တိုင် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ပြည်တွင်းစစ်များဖြစ်ပွားရာမှစတင်ကာ ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက်က အကြောက်တရားများဖြစ်ပေါ်လာစေရန် နှင့် ၎င်းတို့ကို ဆန့်ကျင်ခြင်းမပြုနိုင်စေရန် အများပြည်သူရှေ့မှောက်တွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြသည်။ ယခုအာဏာသိမ်းကာလ၌လည်း အာဏာရှင်တို့ လမ်းစဉ်အတိုင်း ဆက်လက် ကျင့်သုံးလျက်ရှိခြင်းကြောင့် ပြည်သူများ၏ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်မှာ နေ့စဉ်နှင့်အမျှ အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေအောက်တွင် ကျရောက်လျှက် ရှိသည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးသရွေ့ ညှဉ်းပန်းနှိပ်စက်ခြင်းမှာ အမြစ်တွယ်နေဦးမည်ဖြစ်သည်။
    တိုင်းရင်းသားဒေသများ၌လည်း ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခြင်းကို အကြမ်းဖက် စစ်အုပ်စုမှ ခြိမ်းခြောက်လျှက်ရှိသည်။ ယမန်နေ့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ (ရတခ ၃၁) တပ်ရင်းမှူးမှ ပြည်သူများ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ပါက ပစ်ခတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်ဟု သိရှိရသည်။
    စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ရဲနှင့် စစ်သားများမှ ရပ်ကွက်များအတွင်းထိ ဝင်ရောက်၍ ရမ်းကား ပစ်ခတ်ခြင်း၊ အကြမ်းဖက် ကာ လုယက်ခြင်းတို့ကြောင့် မတ်လနောက်ဆုံးပတ်ကတည်းက စတင်တာ ရပ်ကွက်တချို့ရှိ ပြည်သူများသည် နေအိမ်များ ကို စွန့်ခွာကာ တိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။
    ဧပြီလ ၄ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး လက်နက်မဲ့ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းနေမှုများကို ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်အပါအဝင် အချက် ငါးချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို မိမိတို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြိုဆိုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် စွမ်းဆောင်နိုင်သလောက် လက်တွဲပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
    အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။“အရေးတော်ပုံအောင်ရမည်”
    Email : info@aappb.org
    Facebook : https://web.facebook.com/burmapoliticalprisoners/
    Twitter : https://twitter.com/aapp_urma
    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းမြန်မာဘာသာဖြင့်Total Detention and Charge (Burmese) (Last Updated on 4 April 2021)
ကျဆုံးသူများစာရင်း မြန်မာဘာသာဖြင့်Fatality list for April 4, 2021 (Burmese Final)
လွတ်မြောက်သူများစာရင်းမြန်မာဘာသာဖြင့်Total Released list (Burmese) (Last Updated on 4 April 2021