စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် တနင်္သာရီတိုင်း မြိတ်မြို့၊ ပဲခူးတိုင်း ကျောက်တံခါးမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့တို့မှ အရပ်သားပြည်သူ (၆) ဦး ၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များ ကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၃၂၂) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၃၂၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃၀၇၀) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၁၇) ဦး နှင့် ပြန်လည်လွတ်မြောက်လာသူများ၏ စာရင်းများလည်း ထည့်သွင်း ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့် အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ခြောက်ဦးမှ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းလိုက်​ကြောင်း သိရှိရသည်။ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများသည် ဖိနှိပ်မှုအမျိုမျိုးကို ရင်ဆိုင်နေကြရသူများဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည်သာမက အလုပ်မှ ထုတ်ပယ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ဝန်ထမ်းအိမ်ရာများမှ အတင်းအဓမ္မဖယ်ရှားခိုင်းခြင်း စသည်တို့ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစားနေကြရသူများဖြစ်သည်။ သို့သော်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေသော ဝန်ထမ်းများမှာ အရှုံးမပေးပဲ ကြီးမားသည့် အခက်အခဲများကို ကြံ့ကြံ့ခံ အံတု ရင်ဆိုင်ကာ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ထိုကဲ့သို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု တင်သွင်းခြင်းအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါနှင့် မစ္စအေမီဆေဘေ့စ် တို့သည် ယနေ့တွင် ကမာရွတ်၊ လှည်းတန်းလမ်းမရှိ အ.ထ.က ၅ ကျောင်းရှေ့တွင် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု လက်ပါးစေများ၏ သေနတ်ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့သော ကိုညီညီအောင်ထက်နိုင်အတွက် အဆိုပါကျောင်းရှေ့သို့ သွားရောက်၍ ဂါရဝပြု ပန်းခွေ ချခဲ့သည်။
အာဏာသိမ်းမှု ၅၄ ရက်တိုင်ရှိလာပြီဖြစ်သော်လည်း ပြည်သူလူထုသည် စစ်အုပ်စု၏ နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်မှု၊ ဖြိုခွင်းမှုများအား ဆက်လက် ဆန့်ကျင်တော်လှန်လျက်ရှိသည်။ ထို့ကြောင့် ရက်ဆက်ဆိုသလို ကျဆုံး၊ ဒဏ်ရာရရှိမှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ တိုးလာလျက်ရှိကာ ဖျက်ဆီးမှု၊ မီးရှို့မှု၊ လုယက်မှု၊ ဖောက်ထွင်းမှု နှင့် အဖျက်အမှောင့် လုပ်ရပ်များ သည်လည်း မြန်မာပြည်အနှံ့ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိသည်။
ယနေ့ (မတ်လ ၂၆) ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို မီးကွင်းဖြင့် ပစ်သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထို့ပြင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ တစ်ရွာ၌ မတ်လ ၂၁ ရက်နေ့ညက အိမ်တစ်လုံး မီးရှို့ခြင်းခံခဲ့ရသောကြောင့် မိသားစုဝင် (၇) ဦး မီးလောင် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၁၄ နှစ်အရွယ် ယောက်ကျင်္ားလေး (၁) ဦးမှာ သေဆုံးသွားခဲ့သည်။
ယနေ့တွင်လည်း မြန်မာပြည်တစ်ဝှမ်းဆန္ဒထုတ်ဖော်မှုများအတွင်း အရပ်သားပြည်သူများ ထိခိုက် ကျဆုံးခဲ့ကြသည်။ ရန်ကုန်တိုင်းတွင် တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျောက်တံတားမြို့နယ်၊ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နှင့် မြိတ်မြို့ တို့သည် အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရသည်။ မြိတ်မြို့ကို ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး ရဲ နှင့် စစ်သားများအပြင် လေတပ်နှင့် ရေတပ်တို့ကပါ အင်အားအများအပြားဖြင့် မြို့အနှံ လိုက်လံပစ်ခတ်ခြင်း၊ မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ကိုသုံး၍ လိုက်လံ ပစ်ခတ်လျက်ရှိခြင်းတို့ကြောင့် အမျိုးသမီး (၁) ဦးအပါအဝင် အရပ်သားပြည်သူ (၄) ဦး ထက်မနည်း ကျဆုံး သွားခဲ့ကာ ပြည်သူ ဆယ်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။ ထို့ပြင် ပြည်သူတချို့ကိုလည်း ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ မြိတ်မြို့ ဖြိုခွင်းမှုအတွင်း၌ ဖမ်းဆီးထားသည့် လူငယ်နှစ်ဦးကို လက်ပြန်ကြိုးတုပ်၍ ရှေ့မှ လျှောက်ခိုင်းကာ ၎င်းတို့မှအနောက်မှ ကြိုးဆွဲထားသည်ကို တွေ့ရှိရသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ပြည်သူ (၁) ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးဖမ်းဆီး ခေါ်ဆောင်ခြင်းခံထားရသည်။ ကျောက်တံတားမြို့နယ် လမ်းလျှောက်သပိတ်တွင်လည်း (၅) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်။ ထို့ပြင် ကျောင်းသားတစ်ဦးကို ဖမ်းဆီးစဉ် အိမ်အတွင်းနေရာ အနှံ့ မွှေနှောက်ရှာဖွေခဲ့ပြီး ရွှေ၊ ဆိုင်ကယ်၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများ လုယက် ယူငင်သွားခဲ့သည်။
ယမန်နေ့ (မတ်လ ၂၅) နေ့အချိန်၌ အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများ၏ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့မှုကြောင့် အရပ်သား ပြည်သူ ၁၁ ဦး ကျဆုံးခဲ့ပြီးသည့်နောက် ညအချိန်၌လည်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ စီးနင်း ဝင်ရောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် အရပ်သားပြည်သူများ ထပ်မံကျဆုံးခဲ့ရသည်။ ယမန်‌နေ့ ညအချိန်၌ ရန်ကုန် တိုင်း တောင်ဒဂုံမြို့နယ်ကို ဝင်ရောက်စီးနင်း၍ ရမ်းကားပစ်ခတ်ခဲ့ရာ ပြည်သူ (၁) ဦး ကျဆုံးသွားခဲ့ပြီး (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ (၂၀) ကျော် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံထားရသည်။ ထို့ပြင် ကျည်အစစ်ဖြင့် အချက်ပေါင်း (၃၀၀) ကျော်ပစ်ခတ်ကာ Wifi ကြိုးများနှင့် ဖုန်းလိုင်းကြိုးများကို ဖြတ်​တောက်သွားခဲ့ကြသည်။ ၎င်းပြင် စစ်ကိုင်းတိုင်း တမူးမြို့၌လည်း (၁) ဦးကျဆုံးသွားခဲ့ပြီး စိုးရိမ်ရသော အခြေအနေတွင်ရှိသူ (၃) ဦးအပါအဝင် (၉) ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယမန်နေ့ ညနေခင်းအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်၌လည်း ရဲ နှင့် စစ်တပ်ကားများ ကျေးရွာအတွင်း ဝင်လာစဉ် ရွာသူရွာသားအချို့မှ ချောလာဆွဲသည်အထင်နှင့် လယ်ကွင်းများဘက်ထွက်ပြေးရာ လိုက်လံပစ်ခတ်ခြင်းခံခဲ့ရ သည့်အတွက် အမျိုးသား (၁) ဦး ဒဏ်ရာရရှိခဲ့ကာ ယနေ့တွင် ကျဆုံးသွားခဲ့ပြီး (၃) ဦးဖမ်းဆီးခြင်းခံထားရသည်။ ထို့ပြင် ယမန်နေ့ မိုးညှင်းမြို့ဖြိုခွင်းမှုအတွင်း စိုးရိမ်ဒဏ်ရာရရှိခဲ့သော အမျိုးသား (၁) ဦးသည် ယနေ့တွင် ကျဆုံးသွားခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုသည် ကလေးငယ်များပါမကျန် ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ ရိုက်နှက်ခြင်းတို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များမှာ တနေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိသည်။ ယမန်နေ့ ညအချိန်၌ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ မူကြိုကျောင်း တစ်ကျောင်းကို ဝင်ရောက် စီးနင်းခဲ့ပြီး မူကြိုကျောင်းအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးကာ လက်တော့ နှစ်လုံးကိုပါ ယူဆောင်သွားခဲ့သည်။ မတ်လ ၂၁ ရက်နေ့ညတွင် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အသက် (၁၄) နှစ်အရွယ် ကလေး (၁) ဦး ဆိုင်ကယ်စီးလာသည်ကို စစ်ကားတစ်စီးမှ အနောက်မှ တိုက်ခဲ့ပြီး သေနတ်ဖြင့် ပစ်ကာ ချုပ်နှောင် ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါကလေးသည် အရိုးကျိုး၊ လက်ကျိုး ခြေကျိုးနေပြီး အခြေအနေ ဆိုးရွားနေကြောင်း သိရှိရသည်။
ထို့ပြင် ဆေးရုံအတွင်း အရေးပေါ်ကုသနေသော ဒဏ်ရာရရှိသူများပါမကျန် ဖမ်းဆီးချုပ်နှောင်သွားခြင်းသည် ၎င်းတို့၏ ရက်စက်မှုကို ထုတ်ဖော်ပြသ နေသည်။ ယမန်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဖြစ်စဉ်၌ သေနတ်ဒဏ်ရာရရှိထားသူ (၄) ဦး အား စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် လက်နက်ကိုင်များက ဆေးရုံသို့ လာရောက်ကာ အဆိုပါ ပြည်သူ (၄) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဆေးဝါးကုသမှုခံယူနေ၍ ဖမ်းဆီးခြင်းမပြုရန်တားမြစ်သည့် ကျန်းမာရေးဝန်ထမ်းများကို တားမြစ်သူများပါ ဖမ်းဆီးရန် အမိန့်ရထားသည်ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့သည်။
ကလေးသူငယ်များ၊ ဒဏ်ရာရရှိထားသူများ၊ ဆေးရုံများ၊ မူကြိုကျောင်းများ စသည်တို့သည် အထူး ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ရမည့် စာရင်းတွင်ပါဝင်သည်။ ဂြီနီဗာကှနျဗနျးရှငျး၏ အပိုဒ် ၁၄ ၌လည်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အုပ်စုအဖို့ ၎င်းတို့အာဏာထိန်းချုပ်နိုင်ရန် နည်းမျိုးစုံသုံးကာ ကြိုးစားနေသည့်အတွက် မည်သည့်ဥပဒေ သတ်မှတ်ချက်ကိုမဆို ဆန့်ကျင်၍ အကြမ်းဖက်မှု များကို ဆက်လက် ကျူးလွန်လျက်ရှိနေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Charge Burmese (Last Updated on 26 March 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Total Fatality Lists_English (Last Updated on 26 March 2021)