စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း စတင်ထူထောင်ခြင်း (၂၁) နှစ် ပြည့်
၂၀၂၁ ခုနှစ်၊ မတ်လ (၂၃) ရက်

ရက်စွဲ မတ်လ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ယနေ့တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်း မန္တလေးမြို့ နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့မှ အရပ်သားပြည်သူ (၄) ဦး ၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁၀) ဦး၏ အချက်အလက်များ ကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၂၇၁) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၂၇၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၈၁၂) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၉၄) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၂၄၁၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့ထုတ်ပြန်သည့်အဖမ်းအဆီးစာရင်းတွင် ဖမ်းဆီးခြင်းခံရသူ (၁၃၀) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ ထည့်သွင်း မှတ်တမ်း ပြုထားပါသည်။ ဖော်ပြပါအရေအတွက်ထက်ပိုသော ဖမ်းဆီးမှုများရှိသည်ဖြစ်ရာ ဖမ်းဆီးခံများ၏ အချက်အလက်များကို မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို စတင်တည်ထောင်ခဲ့သည်မှာ ယနေ့ (မတ်လ ၂၃) တွင် ၂၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၁ နှစ်တာကာလအတွင်း မြန်မာပြည်၏ နိုင်ငံသား နှင့် နိုင်ငံရေး အခွင့်အရေးများ အတွက် မိမိတို့ AAPP မှ တတ်စွမ်းသည့်ဘက်မှ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ စစ်အုပ်စုမှ တဖန် အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများမှာ လုံးဝ ပျောက်ကွယ်သွားပြီး အဟောသိကံဆိုက်ရောက်ခဲ့သည်။ ထို့ကြောင့် AAPP သည် နိုင်ငံရေး အကျဉ်းသားအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်လျက်ရှိနေဦးမည်ဖြစ်သည်။
ယနေ့တွင်လည်း အာဏာသိမ်း စစ်အုပ်စုမှ အကြမ်းဖက် ဖြိုခွင်းမှုများရှိသော်လည် မြန်မာပြည်အနှံ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကို နည်းအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် မန္တလေးမြို့၌ ဖြိုခွင်းမှုပြင်းထန်ခဲ့ပြီး အသက် (၇) နှစ်အရွယ် မိန်းကလေးငယ် (၁) ဦးအပါအဝင် (၃) ဦးထက်မနည်း ကျဆုံးသွားခဲ့ကြောင်း ကနဦး သိရှိရသည်။ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်မှာ အိမ်ပေါ်၌ရှိနေသည်ကို ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် အလွန်အမင်းလူမဆန်သော လုပ်ရပ်ဖြစ်ပြီး ကလေးငယ်များပါမချန်ပစ်သတ်ခြင်းသည် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (CRC) ကို လက်မှတ်ရေးထိုးပြီးသည့်အလျှောက် စာချုပ်ပါအချက်များကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ဆန္ဒထုတ်ဖော်ပွဲများအားကောင်းသော မန္တလေးမြို့ကို ပစ်မှတ်ထား အကြမ်းဖက် ဖြိုခွင်းခဲ့သည်မှာ သုံးရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး AAPP မှ အတည်ပြုထားသည့် အချက်အလက်များ အရ မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ မန္တလေးမြို့တွင် အရပ်သားပြည်သူ (၂၁) ဦး ထက်မနည်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်မြို့၌လည်း စစ်ကားတစ်စီး၏ အရှိန်ပြင်းစွာ ရမ်းကား မောင်းနှင်မှုကြောင့် လမ်းကူးရန် ရပ်နေသည့် အမျိုးသား (၁) ဦးမှာ ထိုကားဖြင့် တက်ကြိတ်ခံရကာ ကျဆုံးခဲ့သည်။
ဧရာဝတီတိုင်း ကြံခင်းမြို့တွင်လည်း ရပ်ကွက်ကင်းစောင့်နေသည့် ကင်းသမားတစ်ဦးကို ရဲက ရိုက်နှက်ဖမ်းဆီးခြင်းကြောင့် ရပ်ကွက်နေပြည်သူများ မခံမရပ်နိုင်ဖြစ်၍ လမ်းမပေါ်ထွက်လာချိန်တွင် ရဲ နှင့် စစ်တပ်မှ ကျည်အစစ်ဖြင့် အချက် ၅ဝ ကျော် ခန့်ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူ (၂) ဦးသည် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လူငယ် (၇) ဦး ရိုက်နှက် ဖမ်းဆီးခြင်းခံခဲ့ရသည်။
အာဏာသိမ်းစစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် နေ့ရော ညပါ ဝင်ရောက် စီးနင်း၍ ဖမ်းဆီး၊ ပစ်ခတ်မှုများ အပြင် လုယက်၊ ဖျက်ဆီးမှုများ၊ အဖျက်အမှောင့်လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။ ယမန်နေ့ (မတ်လ ၂၂) ညပိုင်းတွင် ၎င်းတို့သည် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နွယ်အေးရပ်ကွက်အတွင်းကို ဝင်ရောက် စီးနင်းကာ ရပ်ကွက်နေ ပြည်သူများကို စိန်ခေါ်ဆဲဆိုမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများနှင့် နေအိမ်များကို သေနတ်များဖြင့် ရမ်းကားပစ်ခတ်ခဲ့၍ ထိခိုက် ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။ ထို့ပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ ဆိုင်များ၊ အိမ်များကို မင်းမဲ့ စရိုက်ဆန်စွာ ရိုက်နှက်ဖျက်ဆီးသွားခဲ့ပြီး ယနေ့နံနက်တွင် ထပ်မံလာရောက်၍ အရပ်သားပြည်သူများကို လိုက်လံ ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မန္တလေးမြို့၌လည်း ယမန့်နေ့ နေ့ခင်းအချိန်တွင် စစ်တပ်က နေအိမ်တစ်အိမ်ကို ဘက်ဟိုးကားဖြင့် ဖျက်ဆီးခဲ့ကာ အိမ်အတွင်းရှိ ဖုန်း နှစ်လုံးနှင့် ငွေကြေးများပါ ယူဆောင်သွားခဲ့ပြီး ညအချိန်၌လည်း ပြည်သူများ ကာရံထားသော အကာအကွယ်များကို မီးရှို့ခဲ့သည့်အတွက် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ယနေ့ နံနက် ၁ နာရီ ခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အတွင်း မီးကွင်းလာပစ် သွားသဖြင့် နေအိမ်နှစ်လုံး မီးလောင် ပြာကျသွားခဲ့ရသည်။
ထို့ပြင် ယမန်နေ့က တောင်သူလယ်သမားများကို ငွေချေးပေးနေသည့် တောင်ကိုရီးယား ငွေချေးဌာန Hana Microfinance ကို သေနတ်များဖြင့် ပစ်ခတ်၍ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ငွေးကြေးများတောင်းခံခဲ့သည်ဟု သိရှိရသည်။
အာဏာသိမ်းစစ်အုပ်စုသည် မသန်စွမ်းသူများကိုပါမချန် ဖမ်းဆီးမှုများပြုလုပ်လျှက်ရှိသည့်အပြင် အခြေခံလူတန်းစားများ ကြပ်တည်းလာစေရန်လည်း အမျိုးမျိုးလုပ်ဆောင်လျှက်ရှိသည်။ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် နေထိုင်သည့် မသန်စွမ်းအမျိုးသား (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ထို့ပြင် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသော ဆိုက်ကားဆရာများ၏ ဆိုက်ကားများကို ရဲများမှ ဖျက်ဆီး လျက်ရှိသည့် ဗွီဒီယိုသည် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လျှက်ရှိသည်။ ၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ပါဝင်ပြီး ၎င်းတို့ကို ဆန့်ကျင်လျက်ရှိသည့် ရန်ကုန်၊ မန္တလေးမြို့များမှ မီးရထားဝန်ထမ်းများကို ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ရှားခိုင်းခဲ့ပြီးနောက် ယနေ့တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ မီးရထားဝန်ထမ်းများကို ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ရှား ခိုင်းခဲ့သည်။ အခြားနေရာဒေသအသီးသီးမှ ဝန်ထမ်းများကိုလည်း CDM တွင်ပါဝင်သောကြောင့် တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း နှင့် ဖမ်းဆီး၊တရားစွဲဆိုခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုမှ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။
နေ့စဉ်နှင့်အမျှဖြစ်ပွားလျှက်ရှိသော အလားတူသည့် ရာဇဝတ်မှုများကို အာဏာသိမ်းစစ်အုပ်စုမှ ကျူးလွန်လျှက်ရှိပြီး ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ အာဏာကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ပြည်သူများမှာ ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အ‌ရေးချိုးဖောက်မှုများအတွင်း နေ့စဉ် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ရင်ဆိုင်ခံစားနေကြရပြီး စိုးရိမ်စိတ်များဖြင့်သာ ရှင်သန်နေထိုင်နေကြသည်။ သို့သော်လည်း ၎င်းတို့သည် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်မဲ့ခုခံတွန်းလှန်ခဲ့သည်မှာ ၅၁ ရက်တိုင်ရှိခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : ဖမ်းဆီးခံထားရသည့်စာရင်းဒေါင်းလော့ရယူရန်

https://twitter.com/aapp_urma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းTotal Burmese (23-Mar-2021)_Final

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Tota Fatality Lists (Last Updated on 23 March 2021)to up