စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းနှင့် ကျဆုံးသွားသူများစာရင်းထုတ်ပြန်ချက်

ရက်စွဲ မတ်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၆၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၉ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၉၃၉) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၂) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၆၂၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၈၂) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) ကျော်သည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများကို ဆက်တိုက်ဆိုသလို တိုးမြင့်လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် ဖေဖော်ဝါရီလကတည်းကစတင်၍ သတင်းမီယာသမားတချို့ကို ဖမ်းဆီး၊ တရားစွဲဆိုမှုများပြု ထားပြီးနောက် ယခုတွင် သတင်းဌာနများကိုပါ ဆက်လက်၍ စီးနင်းခြင်း၊ နှိပ်ကွပ်ခြင်းများကို ပြုလုပ်လာခဲ့ပြီဖြစ်သည်။ ယမန့်နေ့ညက စစ်အုပ်စု၏ ဝါဒဖြန့်အသံလွှင့်ဌာနဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ ပြည်တွင်းသတင်းမီဒီယာများ ဖြစ်ကြသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ မဇ္ဈိမ၊ 7Day၊ Myanmar Now နှင့် ခေတ်သစ်သတင်းမီဒီယာဌာနများကို ထုတ်ဝေခွင့်များရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ညနေက စစ်အုပ်စု၏လက်အောက်ခံ စစ်သားများသည် Myanmar Now သတင်းဌာနကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပြီး ယနေ့နေ့လည်ပိုင်းအချိန်တွင် ကမာရွတ်မီဒီယာကို ဝင်ရောက်စီးနင်းခဲ့ကာ သတင်းထောက်(၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဆိုပါသတင်းဌာနများသည် ပကတိအခြေအနေမှန်များကို အချိန်နှင့် တပြေးညီထုတ်လွှင့်ပေးနေပြီး စစ်အုပ်စု၏လုပ်ရပ် များကို ပြောင်ပြောင်တင်းတင်း ဝေဖန်ရေးသားကြသည့် သတင်းဌာနများဖြစ်သည်။ ထိုကဲ့သို့ ဖိနှိပ်ခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ထားရန်ဖြစ်ပြီး ပြည်သူ နှင့် သတင်းဌာနများကြား သတင်းစီးဆင်းမှုကို ဖြတ်တောက်ထားခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ အပါအဝင် ချိတ်ဆက် ဆောင်ရွက်မှုများ၌ အားလျော့သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို ဆန့်ကျင်သည့် အခြားသတင်းဌာန များကိုပါ ထိုသို့လုပ်ဆောင်လာမည်ဖြစ်ကြောင်းကို ခြိမ်းခြောက်ခြင်းလည်းဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ပြခွင့်ကို ပြည်တွင်း နှင့် နိုင်ငံတကာ ဥပဒေများ၌ ပြဌာန်းထားပြီးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ ၌ လည်းကောင်း၊ အပွညျပွညျဆိုငျရာ လူ့အခှငျ့အရေးကွညောစာတမျး(UDHR) ၏ အပိုဒ် ၁၉ နှင့် နိုငျငံသားနှငျ့ နိုငျငံရေးအခှငျ့အရေးဆိုငျရာ သဘောတူစာခြုပျ(ICCPR)၏ ပုဒ်မ ၁၉(၂) ၌လည်းကောင်း ဖော်ပြထားသည်။ စစ်အုပ်စုသည် ၎င်းတို့ရေးဆွဲထားသော ဥပဒေကို ၎င်းတို့တိုယ်တိုင်ချိုးဖောက်လျက်ရှိခြင်းက အခြားနိုင်ငံတကာဥပဒေများကိုလည်း လိုက်နာခြင်းမရှိသလို ချိုးဖောက်ပြီးကြောင်းကို ထင်ရှားစွာ ထုတ်ဖော်ပြသနေသည်။
ယမန်နေ့၌ ရဲ နှင့် စစ်တပ်တို့မှ ဆန္ဒထုတ်ဖော်ပွဲများကို နေ့စဉ်နှင့်အမျှ နည်းလမ်းမျိုးစုံဖြင့် အင်တိုက်အားတိုက်ပြုလုပ်လျက်ရှိ သော ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကို အင်အားသုံး၍ ဖြိုခွင်းခဲ့ပြီးသည့်နောက် အဆိုပါမြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ထား ခဲ့သည်။ ထို့ကြောင့် ရာပေါင်းများစွာသော ကျောင်းသားလူငယ်အပါအဝင် ဆန္ဒထုတ်ဖော်လျက်သူများသည် အဆိုပါ မြို့နယ်အတွင်း၌ ပိတ်မိနေခဲ့ကြသည်။ ညအချိန်တွင် ရဲ နှင့် စစ်တပ်တို့မှ ရာဘာကျည်၊ အသံဗုံးတို့ဖြင့် ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ဆဲဆိုခြင်း၊ လမ်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများကို အကာအကွယ်ပေးထားသည့် အိမ်များနှင့် တိုက်ခန်းများကို ဝင်ရှောက်ရှာဖွေကာ ကျောင်းသား လူငယ် (၂၀) ခန့်ကို ဖမ်းဆီးသွားခဲ့သည်။ ရဲ နှင့်စစ်တပ်တို့မှ စမ်းချောင်းမြို့နယ်အား ပိတ်ဆို့ထားစဉ် ရန်ကုန် တစ်မြို့လုံးတွင်ရှိသည့် ပြည်သူများသည် ညသန်းခေါင်ယံကျော်အထိ လမ်းမများပေါ်ထွက်၍ ပိတ်မိနေသည့် ကျောင်းသား လူငယ်များ လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံသုံးပြီး သပိတ်မှောက်ခဲ့ကြသည်။
ထို့ပြင် ယမန်နေ့ ညသန်းခေါင်ယံတွင် လမ်းမတော်မြို့နယ်၌ ပြည်သူများမှ လက်နက်များတင်ဆောင်လာသော မော်တော်ယာဉ်ကို မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ပြီးနောက် စစ်သားများမှ ယင်းမြို့နယ်ရှိ အိမ်တချို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သား (၂၅) ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ရဲ နှင့် စစ်တပ်တို့သည် ဖမ်းဆီးခြင်းခံရသူများကို တနေ့ထက်တနေ့ပို၍ ပြင်းထန်စွာ ညင်းပန်း နှိပ်စက်ခဲ့ကြ၍ အသက်သေဆုံးသည်အထိ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ၊ တာဝန်ခံ ကိုဇော်မြတ်လင်းကို ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယနေ့တွင် ကိုဇော်မြတ်လင်းသည် သေဆုံးသွားခဲ့ ပြီဟုသိရှိရသည်။
ကမ်ဘာ့ကုလသမဂ်ဂ၏ ဥပဒကေို ကွပျမတျထိနျးသိမျးသူမြား စောငျ့ထိနျးရမညျ့ ကငြ့ျဝတျမြား အပိုဒ် ၃ ၌ အလွန်အကျွံ အင်အားသုံးခြင်း၊ လက်နက်အသုံးပြုခြင်းတို့နှင့်ပတ်သက်၍ လိုက်နာစောင့်ထိန်းရမည့်အချက်များကို ဖော်ပြထားပြီး အပိုဒ် ၅ ၌လည်း ညင်းပန်းနှိပ်စက်ခြင်း၊ ရက်စက်၍ လူမဆန်စွာ နှင့် လူ့ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူဆက်ဆံခြင်းတို့ မပြုလုပ်ရဟု ပြဌာန်းထားသည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ ရဲ နှင့် စစ်တပ်တို့မှာ ဥပဒေစည်းကမ်းများကို လိုက်နာ စောင့်ထိန်းမှုမရှိဘဲ ဥပဒေမဲ့လုပ်ရပ်များကိုသာ အကြမ်းဖက်သမားမျာနည်းတူ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။ ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုသာမက ၎င်း၏လက်ဝေခံ ကျူးလွန်ကြသော စစ်သား နှင့် ရဲများပါ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုမှ မည်သို့ပင် ကြမ်းကြုတ်သောနည်းလမ်းများကို အသုံးပြု၍ အကြောက်တရားကိုဖန်တီးလျက်ရှိစေ ကာမူ ပြည်သူလူထုသည် ငြိမ်းချမ်းစွာဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။ ယနေ့တွင် တနင်္သာရီတိုင်း၌ မြိတ်မြို့၊ ဧရာဝတီတိုင်း၌ ပုသိမ်မြို့ နှင့် ညောင်တုန်းမြို့၊ မကွေးတိုင်းတွင် ပခုက္ကူမြို့၊ မန္တလေးတိုင်းတွင် ကျောက်ပန်းတောင်းမြို့၊ ပဲခူးတိုင်းတွင် ညောင်လေးပင်မြို့၊ နတ္တလင်းမြို့ နှင့် ပဲခူးမြို့၊ ကချင်ပြည်နယ်တွင် ပူတာအိုမြို့ နှင့် မိုးညှင်းမြို့၊ ကယား ပြည်နယ်တွင် လွိုင်ကော်မြို့၊ မွန်ပြည်နယ်တွင် ရေးမြို့တို့၌ ရာဘာကျည်၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ ဖြိုခွင်းခဲ့ သည်။ ထို့ကြောင့် အဆိုပါဆန္ဒထုတ်ဖော်ပွဲများအတွင်း ပြည်သူ (၁၀၀) နီးပါး ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြည်သူတချို့ ဒဏ်ရာရရှိခဲ့သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်တည်မြဲနေသရွေ့ လူတိုင်း၏အခြေခံအခွင့်များဆုံးရှုံးနေရကြရဦးမည် ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် ဘက်ပေါင်းစုံမှ ရက်စက်သောနည်းများကို အသုံးပြုနေဦးမည်ဖြစ်သည်။
ယနေ့နံနက်အစောပိုင်းအချိန်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ ဇမ္ဗူမေတ္တာ အရေးပေါ်ကူညီရေးအသင်းမှ လူနာတင်ယာဉ်တစ်စီးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကယ်ဆယ်ရေးသမား (၃) ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။ လူနာတင်ယာဉ်၊ ပရဟိတယာဉ်များပါမကျန် ပစ်ခတ်လျက်ရှိခြင်းသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းတို့၏ လူသားချင်းစာနာမှုကင်းမဲ့ခြင်း နှင့် ကြမ်းကြုပ်မှုရှိခြင်းတို့ကို ပြသခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အာဏာသိမ်းစစ်အုပ်စုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ညီညွတ်ခြင်းမရှိဘဲ မတရားအာဏာသိမ်းယူခဲ့သဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြစ်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁)၊ ၁၂၄(က)တို့အရ စစ်ဆေးစီရင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်သို့ မတ်လ ၄ ရက်နေ့ကတည်းက ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ ထိုကဲ့သို့တရားစွဲထားခြင်းကို မိမိတို့မှလည်း ထောက်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

မတရားဖမ်းဆီးခံထားသူများစာရင်းဒေါင်းလော့ရယူရန်Recent Arrest List (Last Updated on 9 March 2021)
ကျဆုံးသူများစာရင်း ဒေါင်းလော့ရယူရန်Crackdown Injury & Death updated on 9 Mar 21_edited_AMK
နေ့စဉ်ထုတ်ပြန်ချက်အပြည့်အစုံဒေါင်းလော့ရယူရန်9-March-2021 Update (Information)