နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဖေဖော်ဝါရီလ အစီရင်ခံစာ

အကျဉ်းချုပ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုသည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် အခြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အာဏာရှင်စနစ်ဆန့်ကျင်သူများကို ဖမ်းဆီး ထိန်းသိမ်းကာ နိုင်ငံတော်အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည်။ မြန်မာပြည်သူလူထုသည် အာဏာသိမ်းစစ်တပ်ကို အသိအမှတ် မပြုဘဲ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခြင်းနှင့် အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုကို မြန်မာပြည်အနှံ့ တန်ပြန်ပြုလုပ်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၂၀၂ဝ ရွေးကောက်ပွဲရလဒ်အရ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီကသာလျှင် မြန်မာနိုင်ငံ၏ တရားဝင် လွှတ်တော်ဖြစ်ကာ နိုင်ငံတကာအသိုက်အဝန်းမှလည်း တရားဝင်မှုအပြည့်အဝပေးရမည့် အဖွဲ့အစည်းဖြစ်သည်။

အာဏာသိမ်းရခြင်း အကြောင်းရင်း

စစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းမှုသည် စစ်တပ်ထိပ်ပိုင်းလူပုဂ္ဂိုလ်အချို့၏ အကျိုးစီးပွားအတ္တကို အခြေခံကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် နိုင်ငံတော်ကို ထိန်းချုပ်ရန် ကိုယ်ပိုင်အခွင့်အရေးအဖြစ် ၎င်းတို့ကိုယ်ကို မှတ်ယူထားသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ သမိုင်းနောက်ခံအရလည်း မြန်မာနိုင်ငံကို ဒုတိယကမာ္ဘစစ်အပြီး ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးရယူရန် စစ်တပ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကသာလျှင် ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း စွဲမြဲစွာ မှတ်ယူထားသည်။

၂၀၂ဝ ရွေးကောက်ပွဲရလဒ်အား မျှတမှုမရှိဆိုသည့် အကြောင်းပြချက်သည် ဆီလျော်မှုမရှိဘဲ အာဏာသိမ်းမှုမှာလည်း စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက် အချိန်ယူ၍ တဘက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပါ ကိုက်ညီမှုမရှိပါ။ မဲဆန္ဒရှင်စာရင်းလိမ်လည်မှုနှင့်ပတ်သက်၍ သက်သေအထောက်ထားမခိုင်လုံသည့် စွပ်စွဲချက်များသည် နိုင်ငံကို အရေးပေါ်အခြေအနေပြဌာန်းရန် လုံလောက်သည့် အကြောင်းပြချက်မဟုတ်ဘဲ ပုဒ်မ ၄ဝ (ဂ) အရ အရေးပေါ်အခြေအနေ ပြဌာန်းရန်မှာ ပြည်ထောင်စုပြိုကွဲခြင်း၊ အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်း၊ သို့မဟုတ် အချုပ်အခြာအာဏာကို ခြိမ်းခြောက် ခြင်း တစ်စုံတစ်ရာရှိမှသာ ဖြစ်သည်။ ထို့ပြင် အရေးပေါ်အခြေအနေကို မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကသာ ပြဌာန်းခွင့်ရှိပြီး ဒုသမ္မတ ဦးမြင့်ဆွေတွင် အဆိုပါအခွင့်အာဏာမရှိသည့်အတွက် အရေးပေါ် အခြေအနေပြဌာန်းခြင်းနှင့်ပတ်သက်၍ ခိုင်မာသော အကြောင်းပြချက်မရှိပေ။ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော အခြေခံ ဥပဒေကို ကိုယ်တိုင်ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့မှ စစ်အာဏာသိမ်းခြင်းကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နိုင်ငံအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြပွဲမရှိသည့် မြို့နယ်အနည်းအကျဉ်းသာရှိပြီး ၎င်းနေရာများ (ဥပမာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့)သည်လည်း ယခင်တည်းက စစ်တပ်အလုံးရင်းတပ်စွဲထားခြင်းကြောင့် ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် “နှစ် ငါးလုံးအရေးတော်ပုံ” အဖြစ် သန်းနှင့်ချီသော ပြည်သူလူထုသည် အထွေထွေသပိတ် ဆင်နွဲခဲ့ကြပြီး  ဆိုင်များအားလုံးနီးပါးလည်း သပိတ်ကိုထောက်ခံ၍ ဆိုင်မဖွင့်ဘဲ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

၂၀၂၁ အရေးတော်ပုံအတွင်း အဓိကကျသည်မှာ လူငယ်မျိုးဆက်ပင်ဖြစ်သည်။ စစ်တပ်မှ ပစ်မှတ်ထားကာ ဖမ်းဆီးနိုင်မည့် သတ်သတ်မှတ်မှတ် လူထုခေါင်းဆောင်တစ်ဦးတည်း ရှိမနေပါ။ ယခုအရေးတော်ပုံသည် ဦးဆောင်သူကိုအခြေမခံဘဲ အာဏာရှင်စနစ်ကို အဆုံးသတ်တော်လှန်လိုကြသည့် ကျယ်ပြန့်ပြီးစစ်မှန်သော ပြည်သူလူထုတစ်ရပ်လုံး၏ အုံကြွမှုဖြစ်သည်။ ကျောင်းသားသမဂ္ဂအပါအဝင်ကျောင်းသားအဖွဲ့အစည်းများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးစီးဦးဆောင် ကဏ္ဍမှ ပါဝင်လာကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ ဆရာ၊ဆရာမများဆိုင်ရာသမဂ္ဂနှင့်တကွ အခြားသမဂ္ဂများ၊ အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများ ဦးဆောင်၍ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြလျက်ရှိကြသည်။

သို့စေကာမူ ဆန္ဒပြပွဲများကို ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်၍ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ဆန္ဒထုတ်ဖော်လျက်ရှိသော ဒေသများ

ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)

CDM လှုပ်ရှားမှုမြင်ကွင်း

ရွေးကောက်ခံအစိုးရကို အာဏာပြန်လည်မအပ်နှင်းမချင်း လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှုသည် ပြည်သူ့ဝန်ထမ်းများ ချိတ်ဆက်ညှိနှိုင်း၍ပြုလုပ်သော အားထုတ်မှုတစ်ရပ်ဖြစ်ပြီး အဆိုပါလှုပ်ရှားမှုတွင် ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စသော ပြည်သူ့ဝန်ထမ်းများ အပါအဝင် ပုဂ္ဂလိကဝန်ထမ်းများဖြစ်သည့် ဘဏ်ဝန်ထမ်းများကပါ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ အဆိုပါလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ အာဏာသိမ်းအစိုးရ၏ ယန္တရားများကို ရပ်တန့်ရန်နှင့် အာဏာသိမ်းစစ်အုပ်စုကို တရားမဝင်ကြောင်း၊ ၎င်းတို့၏အုပ်ချုပ်မှုကို လက်သင့်မခံကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမပြုကြောင်း ဆန္ဒထုတ်ဖော်မှုဖြစ်သည်။ CDM သည် စစ်အုပ်စုကို အပြင်းအထန် အကျပ်ရိုက်စေသည့် ပြည်သူ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်ရာ စစ်အုပ်စုအနေဖြင့် သူ၏ချုပ်ကိုင်လိုမှု အာဏာကိုပြရန် ပြည်သူများကို တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ဆန္ဒပြပွဲများအား အကြမ်းဖက်ဖြိုခွင်းခြင်းများကို ပြုမူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီး၊ထိန်းသိမ်းမှုများ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလကုန်ထိ စစ်အာဏာသိမ်းဆန့်ကျင်မှုနှင့်ပတ်သက်၍ (၁၁၃၂) ဦး ဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်းခံထားရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းသည် တရားမဝင် အာဏာသိမ်းစစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်မှုလုံးဝပြုလုပ်မည်မဟုတ်ပေ။ စစ်အုပ်စုသည် တိုင်းပြည်အာဏာကို အပြည့်အဝ ချုပ်ကိုင်နိုင်ခြင်းမရှိတော့သည့်အတွက် အာဏာသိမ်းရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောကြားထားသလို ပြည်သူတို့ကလည်း အာဏာသိမ်းစစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့်အပြင် ၎င်းတို့၏ အာဏာအသုံးပြုမှုကိုလည်း လက်မခံဘဲ ရှိနေသည်။

ကနဦးခြေလှမ်းအဖြစ် စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခြင်း ခံထားရသည့် အစိုးရအဖွဲ့ဝင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၁၂ရ ဦး အား အာဏာသိမ်းမှု အစပြုသည့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၄၅ ဦးကိုပါ ဖမ်းဆီးခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု၏ ပထမ အဆင့်ကို ပြုလုပ်ခဲ့သည်။

အဖမ်းအဆီးကြမ်းလာည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မတိုင်ခင်အထိ အရပ်ဖက်အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၀၃ ယောက်ကို ထပ်မံ၍ ဖမ်းဆီးခဲ့သည်။ စစ်အုပ်စုအတွက်မူ အခြေအမြစ်မရှိသည့် ရွေးကောက်ပွဲရလဒ်အမှားဆိုသည့် စွပ်စွဲချက်သည်ပင် အာဏာ သိမ်းရခြင်း၊ တရားမဝင် ဖမ်းဆီးခြင်းများအတွက် အကြောင်းပြချက်ဖြစ်သည်။
အကြမ်းမဖက် အာဏာဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှုတွင် ပါဝင်သူများ တစစများပြားလာသည်နှင့်အမျှ ဆန္ဒပြလူထုအား ဖြိုခွင်းကာ ပြည်သူများအားဖမ်းဆီးခြင်း၊ ပြည်သူ့ဝန်ထမ်းများအား ဖမ်းဆီးခြင်းများကိုလည်း တိုးမြှင့်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ပြည်သူ ၂၆ ဦး၊ ၂ရ ရက်နေ့တွင် ပြည်သူ့ဝန်ထမ်းများအပါအဝင် ပြည်သူ ၅၉ ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး “သွေးစွန်းသော တနင်္ဂနွေနေ့”တွင် ဖမ်းဆီးခံ ပြည်သူ (၂၀၈)ဦး အတည်ပြုနိုင်ခဲ့ကာ ထပ်မံအတည်ပြုရန်လိုသေးသောကြောင့် ထိုနေ့တွင် အနည်းဆုံး အယောက်ရေ (၁၀၀၀) ထက်မနည်း အဖမ်းဆီးခြင်းခံရမည်ဟု မိမိတို့အနေဖြင့် အသိအမှတ်ပြု လက်ခံခဲ့ သည်။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူအများစု၏ ထိန်းသိမ်းရာနေရာများကိုလည်း သိရှိရခြင်းမရှိပါ။ အေအေပီပီအနေနှင့်လည်း သတင်းရင်းမြစ်များနှင့် မီဒီယာများမှသာ ထိန်းသိမ်းထားသည့်နေရာများကို အတည်ပြုနေရပြီး စစ်အုပ်စုဖက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပေးခြင်းမရှိပေ။ ယခုကဲ့သို့ ပြည်သူများ ပျောက်ဆုံးနေရခြင်းနှင့် တရားမဝင် ဖမ်းဆီးခံရခြင်းများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် ထောင်များနှင့် ထိန်းသိမ်းရာနေရာ များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ဥပေက္ခာပြု လျစ်လျူရှုမှုများ ဖြစ်ပေါ်လာ နိုင်သည်ကို အေအေပီပီအနေနှင့် စိုးရိမ်မှုဖြစ်မိပါသည်။
အေအေပီပီသည် မြန်မာနိုင်ငံအတွင်းရှိထောင်များတွင်း ဆိုးရွားလှသောအခြေအနေများကို ကုစားနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့်ပတ်သက်၍ ဖော်ပြပါ မွနျမာနိုငျငံ၏အကဉြျးထောငျအခွအေနနှေငျ့ အကဉြျးထောငျစနဈပွုပွငျ ပွောငျးလဲရေး အလားအလာ” နှင့် မွနျမာပွညျအာဏာရှငျတို့လကျထကျ စနဈတကနြှိပျစကျညှငျးပနျးမှုမြားကို အသုံးပွုပုံနှငျ့ နိုငျငံရေး အကဉြျးသားမြား၏ အတှေ့အကွုံမြား” အစီရင်ခံစာများတွင် ဖတ်ရှုနိုင်သည်။ အာဏာသိမ်းမှုမတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ရေး နှင့်ပတ်သက်၍ ထောင်များ၊ အလုပ်ကြမ်းစခန်းများသို့ သွားရောက်လေ့လာစစ်ဆေးရာတွင် ထောင်အာဏာပိုင်များနှင့် ဆွေးနွေးချက်၊ သုတေသနများအရ ထောင်များတွင် အကျဉ်းသားများ ကျပ်တည်းများပြားနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု တိတိပပ မရှိသည်ကို တွေ့ရှိခဲ့ရသည်။
မှတ်ချက်။ ။ ထို့ကြောင့် စုစုပေါင်းဖမ်းဆီးခြင်းခံရသည့်အရေအတွက်သည် အေအေပီပီ၌ရှိသည့် စာရင်းထက် ပိုမိုနိုင် သည်။ ယခုဇယားသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အေအေပီပီမှ ရရှိထားသည့် သတင်းအချက်များ အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဖမ်းဆီးခြင်းခံထားရသည့် အရေအတွက်သည် ယခုထက်ပိုမိုများပြားနိုင်ပါသည်။

ဖြိုခွင်းမှုများ
ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်တပ်နှင့် ရဲဝတ်စုံဝတ်ထားသူများက ရေကား၊ ရာဘာကျည်၊ လေးခွ၊ နံပတ်တုတ်၊ ကျည်စစ်များ၊ စနိုက်ပါများ၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွင်းခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် နေပြည်တော်၌ ရဲတပ်ဖွဲ့ဝင်များက ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့ပြီး နောက် ၁၉ နှစ်အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင်သည် ကျည်အစစ် ဖြင့် ဦးခေါင်းကိုပစ်ခတ်ခြင်းခံခဲ့ရ၍ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ရသည်။ ထို့အပြင် အဆိုပါပစ်ခတ်ဖြိုခွင်းမှုကြောင့် သတင်းထောက်တစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။ ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများသည် ဒီမိုကရေစီအတွက် ၎င်းတို့၏ အသက်သွေးကိုပေးဆပ်ကာကွယ်ကြခဲ့သည်မှာ လူထု တစ်ရပ်လုံးအတွက် လေးစား ဂုဏ်ယူဖွယ် အတိဖြစ်ပေသည်။

ထို့ပြင် လက်နက်မပါသည့် အဖမ်းဆီးခံ အမျိုးသမီး များ၊ စေတနာ့ဝန်ထမ်းလုပ်အားပေးများအား ရဲတပ်ဖွဲ့က သေနတ်ဒင်၊ နံပါတ်တုတ်များဖြင့် အားကုန်လွှဲရိုက်နှက်သည့် ဗီဒီယိုများ၊ ဓါတ်ပုံများ လည်း အွန်လိုင်းပေါ်၌ ပျံ့နှံ့လျက်ရှိသည်။ ကလေး သူငယ်များသည်လည်း စစ်လက်နက်များကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။ ဖေဖော်ဝါရီလတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ များအား အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုကြောင့် လူ (၃၀) ဦး ခန့် အသက်ဆုံးရှုံးခဲ့ရပြီး အချို့မှာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မှုမရှိသူများလည်း ပါဝင်ကာ အများစုမှာ ပြေးလွှားရင်း နောက်ကျောနှင့် ခေါင်းများကို ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။ “သွေးစွန်းသော တနင်္ဂနွေနေ့” (ဖေဖော်ဝါရီလ ၂၈ ရက်) သည် အသက်ပေးဆပ် ဆုံးရှံးမှုများခဲ့ရသော နေ့ရက်ဖြစ်ပြီး တစ်ရက်တည်းတွင် အနည်းဆုံး (၁၇) ဦး ကျဆုံးခဲ့ရသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများသည် မတော်တဆ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ကျုးလွန်ခြင်းဖြစ်ပြီး လက်နက်မဲ့အရပ်သားများကို ပစ်မှတ်ထားကာ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲသကဲ့သို့ အသက်သေဆုံးစေရန် ချိန်ရွယ်ပစ်ခတ်မှုဖြစ်သည်ဟု အတိအလင်း ဖေါ်ပြလိုပါသည်။ စစ်တပ်သည် နိုင်ငံတော်အား ၎င်းတို့၏ထိန်းချုပ်မှုအောက်တွင် အလုံးစုံရှိစေလိုသော်လည်း မြန်မာပြည်သူ များကမူ ဒီမိုကရေစီ အစစ်အမှန်ကို မျှော်လင့်တောင့်တ၍ ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် အာဏာသိမ်းမှု အထမမြောက်စေရန် ဆန့်ကျင် တွန်းလှန်လျှက်ရှိသည်။

ငြိမ်းချမ်းစွာဆန္ဒပြသူများအား လက်နက်ကိုင်စွမ်းအားရှင်များဖြင့် ဖြိုခွင်းသည့်မှတ်တမ်း

စစ်တပ်မှ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများအား အကြမ်းဖက်ဖိနှိပ်နေသည်မှာ ယနေ့ ပြည်သူ လူထုတစ်ရပ်လုံး ဆင်နွှဲနေသော အာဏာ ဖီဆန်ရေး လှုပ်ရှားမှုသည် နိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်သွားစေနိုင်သည့် အထိ ထိရောက်မှုရှိခြင်းကြောင့် ဖြစ်သည်။ တပ်မများ၊ ရဲဝတ်စုံဝတ်ထားသည့် စစ်သားများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောထောက် နောက်ခံပြုထားသည် တပ်ထောက်ခံသူ မသမာသူများက အဆိုပါ ဖြိုခွင်းမှုများကို ရက်စက်ကြမ်းတမ်းစွာ ပြုလုပ်နေ ကြခြင်းသာမက ရပ်ရွာများအတွင်းသို့ အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်စေရန် အကျဉ်းသားများအား လွတ်ငြိမ်း သက်သာခွင့်ပေးပြီး လွတ်မြောက်သည့် အချို့သော အကျဉ်းသားများကို အသုံးပြုကာ မီးကွင်းပစ်ခြင်း၊ အဆိပ်ခပ်ခြင်းစသည့် ပြည်သူလူထု၏ အသက်အိုးအိမ်များအား အလုံးစုံ ပျက်ဆီးစေရန် ကြံရွယ် အသုံးပြုခဲ့ခြင်းများကိုလည်း တွေ့ရှိရပါသည်။ ယခုကဲ့သို့ နိုင်ငံစစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ရှိလာလင့်ကစား ဆန္ဒပြသူများသည် အကြမ်းမဖက်ဘဲ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဆဲဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲတွင် ရဲရဲဝံ့ဝံ့ချီတက်တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ရ၍ ကြွေလွင့်ခဲ့ရသည့် သူရဲကောင်းများအား မိမိတို့မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ခြေမြန်တပ်ရင်း ၃၃ သည် မန္တလေးတွင် တပ်စွဲထားပြီး တပ်မ ၇ရ နှင့် ၂၂ သည် ရန်ကုန်တွင် တပ်စွဲထားသည်ကို ဖေဖော်ဝါရီလတွင် တွေ့ရှိရသည်။ စစ်တပ်ထောက်ခံသည့် မသမာသူများကို နိုင်ငံအနှံ့ မြို့နယ်များတွင် တွေ့ရသော်လည်း ရန်ကုန်တွင် ပိုမို၍ အများအပြား လှုပ်ရှားလျက်ရှိသည်။ နိုင်ငံတလွှား ဖြိုခွင်းမှုများတွင် ရဲတပ်ဖွဲ့အပြင် ရဲဝတ်စစ်သားများ၊ တပ်မတော်သားများပါဝင်၍ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိသည်မှာ သိသာထင်ရှားလျက်ရှိသည်။
တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်၏ နယ်မြေရှင်းလင်းရေးဟုဆိုကာ တိုင်းရင်းသားဒေသနေပြည်သူများ ဒုက္ခရောက်ကြရ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ထို့ကြောင့် အတိတ်ကာလအသီးသီးတွင်လည်း စစ်တပ်၏ လူ့အသက်များကို ပဓာနမထားမှုများကို ကြုံတွေ့ခံစားခဲ့ရသည်။ အေအေပီပီအနေနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် အခြား တိုင်းရင်းသား ဒေသများတွင် ပြည်သူများကြုံတွေ့ရသည့် သေဆုံးမှုနှင့် နှိပ်စက်ခံရမှု အစရှိသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့် မှတ်တမ်းတင်လျက်ရှိပြီး စစ်တပ်၏ တိုင်းရင်းသားဒေသတိုင်း၌ ကျူးလွန်လျက်ရှိသော ကြမ်းတမ်း ဆိုးယုတ်မှုများကို ယခု ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသည့် မြို့ပြဒေသများတွင်လည်း အဆိုပါဆိုးယုတ်မှုပုံစံများအတိုင်း အသုံးပြုလာလျက်ရှိ သည်။ စစ်တပ်သည် မြန်မာတစ်နိုင်ငံလုံးအနှံ့ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ကြား စစ်ပွဲဖြစ်နေသကဲ့သို့ ဖန်တီးလျက်ရှိပြီး လက်နက်ဖြင့်ရင်ဆိုင်တိုက်ခိုက်ရသည့် တိုက်ပွဲအသွင်မဟုတ်ဘဲ အစုအပြုံလိုက်လူသတ်ပွဲကြီးကဲ့သို့ ပြုမူနေပြီဖြစ်သည်။

နိုင်ငံတကာတုံ့ပြန်မှုများ
မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အာဆီယံဒေသတွင်းတုံ့ပြန်မှုများသည် နှုတ်ဆိတ်လျက်ရှိသော်လည်း နိုင်ငံတကာကမူ ပြစ်တင်ရှုတ်ချမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ သို့စေကာမူ ထိရောက်သော သံတမန်ရေးရာ ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ခြင်းမရှိသေးပေ။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကန့်ကွက်ချက်မရှိ ထုတ်ပြန်သော ကြေညာချက်တွင် “စစ်အာဏာသိမ်းမှုကို အလွန်တရာ စိုးရိမ်ကြောင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးရန်” အချက်တို့ ပါရှိသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင်လည်း ထိုသို့သော ပြောကြားချက်သာ တွေ့ရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွင်မူ ကုလအထူးကိုယ်စားလှယ်က “တရားမဝင်စစ်အာဏာသိမ်းအုပ်စု”ကို ပြစ်တင် ရှုတ်ချပြီး အဖြစ်အပျက်မှန်များကို နိုင်ငံတကာသို့ ဖွင့်ဟတင်ပြခဲ့သည်။ သို့ရာတွင် ဒေသတွင်းနိုင်ငံများ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ယခု စစ်အာဏာသိမ်းမှုကြောင့် ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိပါးလာနိုင်လင့်ကစား မြန်မာနိုင်ငံ၏ ပြည်တွင်းကိစ္စရပ်အဖြစ်သာ မှတ်ချက်ချ ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွန်း (နယူးယောက်) ကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကိုသာ အသိအမှတ်ပြုကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် လည်း စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် တိုက်တွန်းခဲ့သည်။ စိတ်ရင်းခံ အမှန်တရားကို ဖွင့်ဟတင်ပြခဲ့သော သူ၏မိန့်ခွန်းအဆုံးတွင် ဒီမိုကရေစီရေး အတွက် လက်သုံးချောင်းထောင် အလေးပြုခဲ့သည်။ ၎င်း၏ ရဲရင့်သော လုပ်ရပ်ကြောင့် စစ်အာဏာသိမ်းအုပ်စုသည် ၎င်းအား သံအမတ်အဖြစ်မှ ထုတ်ပယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးမှုကဲ့သို့ပင် တရားဝင် အထမြောက်ခြင်း မရှိပေ။
ကချင်နှင့် ကရင်ပြည်နယ်များတွင် ပြည်တွင်းစစ်များ တဖန်ဖြစ်ပွားလာပြီး လက်နက်ကြီးကျ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြ ရမှုများသည် နေထိုင်သူ တိုင်းရင်းသားပြည်သူများသာမက ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိပါးလျက်ရှိသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်များအားလုံးသည် စစ်အာဏာရှင်ကို တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုနှင့် ဆန္ဒထုတ်ဖော်မှုများကို ထောက်ခံကာ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ရှုတ်ချခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင်း တိုးတက်လာသည့် တရားဥပဒေစိုးမိုးမှုသည်လည်း တကျော့ပြန် အဆိုးသံသရာလှည့်ခဲ့ရပြီဖြစ်ပြီး ယခုအာဏာသိမ်းမှုဖြစ်စဉ်ကို အဆုံးမသတ်နိုင် သရွေ့ အခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရာသာ ရှိသည်။
တောင်းဆိုချက်များ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို ယခုကဲ့သို့ တောင်းဆို လိုက်သည်။
● စစ်အာဏာသိမ်းမှုကြောင့် ဖမ်းဆီးခြင်းခံထားရသော နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ယခင်အကျဉ်းကျခြင်းခံထားရ သော နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းပြန်လွှတ်ပေးရန်၊ စစ်အုပ်စုအားဖိအားပေးရန်
● တရားမဝင် အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်မပြုရန်၊
● ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင် အသိအမှတ်ပြုရန်
အာဏာသိမ်းစစ်အုပ်စုအနေနှင့်
● စစ်အာဏာရှင်စနစ်ထပ်မံမဖြစ်ပေါ်စေရန် နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှ ထွက်ခွာပေးရန်
● နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်
● ၂၀၂ဝ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်
သတင်းဓါတ်ပုံများအသုံးပြုခဲ့ခြင်းအတွက် သတင်းဌာနများနှင့် ဓါတ်ပုံပိုင်ရှင်များအား လေးနက်စွာ Credit ပေးပါသည်။

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် AAPPs February Report (Edited)