အေအေပီပီမှဒီဇင်လာလအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဒီဇင်ဘာလအတွင်း တက်ကြွလှုပ်ရှားသူ နှင့် သတင်းထောက် စုစုပေါင်း (၇) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၇) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၄) ဦးသည် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ ပုဒ်မ (၁၉) ဖြင့်လည်းကောင်း၊ တက်ကြွလှုပ်ရှားသူ (၂) ဦး သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် (၁) ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း ရဲတပ်ဖွဲ့မှ တက်ကြွလှုပ်ရှားသူ (၆) ဦးကို ဖမ်းဆီးခဲ့သည်။ ထို (၆) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၄) ဦးကို ငြိမ်း၊စု၊စီဥပဒေပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ (၂) ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တပ်မိသားစုဝင် အမျိုးသမီး (၁) ဦး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တက်ကြွလှုပ်ရှားသူ (၁) ဦး၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(ခ) ဖြင့် အရပ်သား လူငယ် (၁) ဦး တို့သည် အသီးသီး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း အရပ်သား နှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း (၇) ဦးသည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ထို (၇) ဦး အနက်မှ တက်ကြွလှုပ်ရှားသူ (၄) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ တက်ကြွလှုပ်ရှားသူ (၂) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် လည်းကောင်း (ပုဒ်မ ၅၀၅ (က) မှာ အာမခံပေးလေ့မရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်ရသည့် ပုဒ်မဖြစ်သော်လည်း ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးမည့် ပုဂ္ဂိုလ်များမဟုတ်သောကြောင့် အာမခံလျှောက်ထားခြင်းကို တရားသူကြီး မှ လက်ခံခဲ့ခြင်းဖြစ်သည်)၊ အသက် (၁၄) နှစ်အရွယ် အရပ်သား လူငယ် (၁) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)(ည) နှင့် ၅၂ (က) တို့ဖြင့်လည်းကောင်း အမှုဖွင့်ခြင်းခံထားရသူများဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာ တရားရုံးအသီးသီးမှ အာမခံပေးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော ကိုနေမျိုးဇင် နှင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ကိုဇေယျာလွင်တို့သည် ကျန်းမာရေးကောင်းမွန်ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အရပ်သားစုစုပေါင်း (၂၈) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ အနက်မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ အရပ်သား (၁၈) ဦးကို လည်းကောင်း၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အရပ်သား (၁) ဦးကို လည်းကောင်း၊ အမည်မသိလက်နက်ကိုင်တစ်စုမှ အရပ်သား (၁) ဦးကို လည်းကောင်း၊ မုန်းဟပြည်သူ့စစ်မှ အရပ်သား (၃) ဦးကို လည်းကောင်း၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ အရပ်သား (၅) ဦးကို လည်းကောင်း ဖမ်းဆီးခဲ့သည်။

၎င်းပြင် ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ အရပ်သား (၁) ဦး၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ အရပ်သား (၂) ဦး နှင့် အမည်မသိလက်နက်ကိုင်တစ်စုမှ အရပ်သား (၁) ဦးကို လွှတ်ပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများသည် တိုးတက်လာခြင်းမရှိဘဲ အဘက်ဘက်မှ ဆုတ်ယုတ်လာလျက်ရှိသည်ကို တွေ့ရှိရသည်။ အခြေခံအခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ကျင့်သုံးနေကြရသောကြောင့် လူ့အခွင့်အရေး၏ အနှစ်သာရ ဆိုသည်မှာ မှေးမှိန်လုနေသော အခြေအနေဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသား ဆက်လက်ရှိနေဆဲဖြစ်ခြင်း၊ ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမားများ၊ ကျောင်းသားများ နှင့် အရပ်သားများသည် အခြေခံအခွင့်အရေးများရရှိရန် ဆက်လက်တိုက်ပွဲဝင်နေကြရခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို နှောင့်နှေးစေပါသည်။ ထို့ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ အစိုးရမှ ၎င်း၏နိုင်ငံသားများ၏ စစ်မှန်သော လူ့အခွင့်အရေးများကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် တိုးတက်လာမည့်အခြေအနေများမရှိဘဲ ဆိုးရွားစွာ ဆက်လက် ကျဆင်းဆဲဖြစ်ပြီး ထိုအခွင့်အရေးကို ကျင့်သုံးကြသူများသည် ဖိနှိပ်မှုအမျိုးမျိုးကို ရင်ဆိုင်နေကြရသည်။ ထိုအခြင်းအရာသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရာ၌ နှောင့်နှေးမှုများကို ဖြစ်စေသည်။ ဒီဇင်ဘာလအတွင်း တွင်  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊  ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းအတွင်း နေထိုင်သည့် မသဉ္ဇာသန်းမင်း သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့ဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ကိုအောင်ချိုဦး၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခ) ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်း နှင့် မခိုင်မြတ်သူ တို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉၊ တက်ကြွလှုပ်ရှားသူ ဦးကျော်ဆန်း နှင့် ဦးသန့်ဇင်ထက်တို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ရခိုင်အခြေစိုက် DMG (Development Media Group) သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်)သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ  ၆၆ (ဃ) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံထားရသည်။

၂၀၂၀ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ကြည့်လျှင် လစဉ် ကျဆင်းလျက်ရှိသည်ကိုသာ တွေ့ရှိရသည်။ အခြေခံအခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိခြင်းသည် ထိုအခွင့်အရေးများ ဆက်လက်ကန့်သတ်ခြင်းခံရမည်ကို ညွှန်းဆိုပြသနေပြီး ထိုအခြင်းအရာသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ဖော်ဆောင် နေသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လွတ်လပ်စွာ၊ အဟန့်အတားမရှိစွာ ကျင့်သုံးနိုင်ရန်အတွက် ထိုအခွင့်အရေးကို မြှင့်တင်မှုများပြုလုပ်ရမည်ဖြစ်သည်။ ထိုအစား ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ် ချမှတ်မှုများပြုလုပ်လျက်ရှိခြင်းသည် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ကို မှေးမှိန်စေသည်။ သို့ဖြစ်၍ အစိုးရသစ် လက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နယ်ပယ်ကို မြှင့်တင်နိုင်ရန်အတွက် နည်းလမ်းများချမှတ်၍ အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ အဓိအားဖြင့် ထိုအခွင့်အရေး ကိုကျင့်သုံးသူများအား ဖိနှိပ်ရန်အတွက် လက်နက်သဖွယ် အသုံးပြုလေ့ရှိသော ဥပဒေပုဒ်မများကို ပြင်ဆင် ဖြည့်စွက်ခြင်းကို နှောင့်နှေးမှုရှိဘဲ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကဲ့သို့ မြှင့်တင်ဆောင်ရွက်မှုများ ပြုလုပ်မှသာလျှင် စစ်မှန်သော ဒီမိုကရေစီ လမ်းစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

 

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ၏အကျိုးဆက်များ

ရွေးကောက်ပွဲပြီးဆုံးကတည်းက ရခိုင်ဒေသတွင်း တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားမှု လျော့နည်းခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင်မူ နှစ်ဘက်လက်နက်ကိုင်တိုက်ပွဲများမှာ ဖြစ်ပွားခြင်း မရှိခဲ့ပါ။ ထို့ပြင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ပန်ဆန်း မြို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ထိုအခြင်းအရာသည် ရခိုင်ဒေသ တွင်း နှစ်နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများချုပ်ငြိမ်းရန် လမ်းစဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ဖြစ်စေ သည်။  သို့သော်လည်း အခြားတစ်ဘက်တွင် ညှဉ်းပန်းနှိပ်စက်မှု နှင့် ပြစ်ဒဏ် ချမှတ်မှုများ ဆက်လက်ရှိဆဲဖြစ်သည်။ ဒီဇင်ဘာလ အတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို အောက်တွင် ဖော်ပြထားပါသည်။

  • ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည့် ဓညဝတီရေတပ်စခန်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ၌ စာရေးသား ပို့စ်တင်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် အထက်တန်းကျောင်းသား မောင်တင်ချမ်းသည် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(ခ) ဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရခြင်း
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အပေါက်ဝကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တပ်စွဲထားသည့် ခမရ ၅၃၉ စစ်ကြောင်းမှ တပ်မတော်သား နှစ်ဦးမှ အပေါက်ဝကျေးရွာတွင် နေထိုင်သည့် ဆယ်တန်းကျောင်းသား မောင်အောင်နေဝင်းကို ခေါ်ဆောင် ရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိသွားခဲ့ခြင်း
  • အပေါက်ဝကျေးရွာမှ ကိုလုံးချေ နှင့် ညီဖြစ်သူ ကိုငမဲချေတို့သည် စပါးရိုက်သိမ်းပြီး ရွာသို့ပြန်လာချိန် လမ်းခုလတ် ၌ တပ်မတော်သားများ၏ ခေါ်ယူစစ်ဆေးရိုက်နှက်ခြင်းကိုခံခဲ့ရသည်၊ ၎င်းတို့ကို ဆန်နှစ်အိတ်ပေးလျှင် ပြန်လွှတ်ပေးမည် ဆို၍ ဆန်နှစ်အိတ်ပေးခဲ့ရခြင်း

လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားမှုမရှိခြင်းကြောင့် တစ်စိတ်တစ်ဒေသအားဖြင့် ဌာနေတိုင်းရင်းသားများ လုံခြုံမှုများရှိမည်ဟု ယူဆခဲ့ကြသော်လည်း ယခင်ကဖြစ်ပွားခဲ့သော တိုက်ပွဲများ၏အကျိုးဆက်များကြောင့် ၎င်းတို့၏ လုံခြုံခွင့် နှင့် လွတ်လပ်ခွင့်တို့ မှာ စိုးရိမ်ရဆဲအခြေအနေများအောက်တွင်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ဌာနေတိုင်းရင်းသားများ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကင်းလွတ်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးကောင်အထည်ဖော်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို ဦးတည်ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

ထို့ပြင် ရခိုင်ဒေသတွင်း ပျောက်ဆုံးသွားခဲ့သော အရပ်သားများအတွက် တရားမျှတမှုရရှိရန်မှာလည်း အလှမ်းဝေးနေသော အခြေအနေဖြစ်သည်။ မတ်လ ၁၆ ရက်နေ့တွင်ပျောက်ဆုံးသွားခဲ့သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီး ကျေးရွာနှင့် တင်းမ(သစ်) ကျေးရွာတို့မှ ရွာသား ၂၁ ဦးသည် ယနေ့အချိန်အထိ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးလျက်ရှိ သည်။ ၎င်းတို့ကို ကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲလျက်ရှိသည့် တပ်မ ၅၅ မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟုသိရှိရသည်။ အဆိုပါရွာသားများပျောက်ဆုံးနေမှုကို ၎င်းတို့၏မိသားစုဝင်များမှ မတ်လ နှင့် ဒီဇင်ဘာလအတွင်းတွင် ကျောက်တော်မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အမှုဖွင့်နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သည့် မျက်မြင် သက်သေ သုံးဦးကို မြောက်ဦးခရိုင်ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ တပ်မတော်အနေဖြင့် အဆိုပါကျေးရွာသားများ ဖမ်းဆီးခြင်းခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးကြောင်း ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဥက္ကဌ ဦးလှမြင့်မှ အဆိုပါရွာသားများ ပျောက်ဆုံးနေမှုတွင် တပ်မတော်မှ ဖမ်းဆီးထားခြင်းမရှိပါဆိုသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ကို ၎င်းတို့မှ ယုံကြည်သည့်အတွက် သီးခြားအနေဖြင့် ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးခြင်းမရှိပါဟု ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ နှင့် နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၉ တို့တွင် လူတိုင်း အသက်ရှင်ရန် လွတ်လပ်ခွင့် နှင့် လုံခြုံခွင့်တို့ကို ခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါ ရွာသားများသည် ထိုအခွင့်အရေးများ ဆုံးရှုံးကြရသည်သာမက ၎င်းတို့အတွက် တရားမျှတမှုကိုလည်း ဖော်ဆောင်နိုင်ခြင်း မရှိသေးပါ။ ထို့ပြင် ၎င်းတို့ပျောက်ဆုံးမှုအတွက် မည်သည့်အာဏာပိုင်အဖွဲ့အစည်းမျှ တာဝန်ယူမှု၊တာဝန်ခံမှုမရှိသည်ကိုလည်း တွေ့ရှိရသည်။ သို့ဖြစ်၍ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာသောအားဖြင့်၊ လူသားဖြစ်တည်မှု၏တန်ဖိုးကို အသိအမှတ်ပြုသောအားဖြင့်၊ လူ့အခွင့်အရေးကိုဖော်ဆောင်သောအားဖြင့် ပျောက်ဆုံးသွားခဲ့သော ရွာသားများအတွက် လွတ်လပ်သော၊ တရားမျှတသော စုံစမ်းစစ်ဆေးမှုများကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံး ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါ သည်။

၎င်းပြင် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပဋိပက္ခများကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးမှု များရှိသည်ကိုလည်း တွေ့ရှိရပါသည်။ 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ 

  •     ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အောက် လူငယ် တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုများ

  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားရေးရာကဏ္ဍ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုထားချက်များကိုအခြေခံ၍ ဆန်းစစ် ကြည့် လျှင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလကုန်အထိ နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်တိုးလာနေဆဲဖြစ်သည်ကို တွေ့ရှိရသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ၊ ပြည်တွင်းပဋိပက္ခများ၊ လယ်ယာမြေ အငြင်းပွားမှု၊သိမ်းဆည်းမှုများ၊ ကျောင်းသား နှင့် အလုပ်သမားများ၏ အခြေအနေများစသည့် အခြေခံ အကြောင်းခြင်းရာများ တည်ငြိမ်နိုင်မှုမရှိခြင်းကြောင့်လည်း နိုင်ငံရေးအကျဉ်းသားဦးရေ တိုးလာခြင်းဖြစ်သည်။ “နိုင်ငံရေး အကျဉ်းသားရှိနေသေးသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမဖြစ်နိုင်”ပါ။ ထို့ကြောင့် နှစ်သစ်ကူးအခါသမယတွင် အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရှေးရှု၍ အကျဉ်းကျလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများ နှင့် ထောင်တွင်း နှင့် ထောင်ပြင်ပမှ တရားရင်ဆိုင် လျက်ရှိသူများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါရန် တိုက်တွန်း အပ်ပါသည်။

လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် Burmese Chronology for December

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 42 Remaining PP List Updated on 31 December burmese

အမှုရင်ဆိုင်ဆဲနိုင်ငံရေးအကျဉ်းသားစာရင်း 559 Facing Trial List (Burmese) Updated on 31 December 2020

၆၆(ဃ) စာရင်း 66 (D) total list(new) Updated

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ        +၉၅() ၉၄၂  ၈၁၁ ၇၃၄၈