အေအေပီပီမှ မတ်လအတွင်းလူ့အခွင့်အရေး၊နိုင်ငံရေး၊ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအကျဉ်းသားအခြေအနေလစဉ်အစီရင်ခံစာနှင့် အကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်
မတ်လအတွင်း စုစုပေါင်း (၉) ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၉ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၂) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ သတင်းအယ်ဒီတာချုပ် (၂) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)၊ သတင်းဌာန တစ်ခုနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ ကျေးရွာအုပ်ချုပ်ရေးမှုး တစ်ဦးနှင့် တောင်သူတစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ၄၂၇၊ ၄၂၉ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
မတ်လအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ စုစုပေါင်း (၈၅)ဦး ရှိခဲ့သည်။ ထို (၈၅) ဦးအနက်မှ လယ်သမား၊ လယ်ယာမြေ အရေးလှုပ်ရှားသူ၊ ကျောင်းသားနှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း (၁၈) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ (သို့) ၂၀၊ သတင်းအယ်ဒီတာချုပ် တစ်ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)၊ ကရင်တိုင်းရင်းသား တစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၄၂၊ ၃၅၃ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်အပြင် ရခိုင်ဒေသမှ တိုင်းရင်းသား (၆၁) ဦး၊ ရှမ်းပြည်နယ်မှ တိုင်းရင်းသား (၂) ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးမှ သတင်းထောက် (၂) ဉီးတို့သည်လည်း အသီးသီး ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
မတ်လအတွင်း စုစုပေါင်း ၆ဝ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၆ဝ ဦးအနက်မှ လယ်သမား၊ လယ်ယာမြေအရေးလှုပ်ရှားသူ၊ ကျောင်းသားနှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း (၁၇) ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ (သို့) ၂၀၊ ကရင်တိုင်းရင်းသား တစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၄၂၊ ၃၅၃၊ တောင်သူ/လယ်ယာမြေအရေးလှုပ်ရှားသူ (၃၅) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁)၊ အောင်သပြေရွာသား (၅) ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀၊ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး သတင်းဌာန တစ်ခုနှင့် အကြီးတန်း သတင်းထောက်တစ်ဦးတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားမှုအား သက်ဆိုင်ရာ တရားရုံးအသီးသီး မှ ရုပ်သိမ်းပေးခဲ့သည်။
မတ်လအတွင်း စုစုပေါင်း (၅၅) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ငါးဦးဖြစ်သော ကိုနေမျိုးဇင်၊ မနေဇာထွန်း၊ ကိုသိန်းအောင်မြတ်၊ ကိုဘိုစံနှင့် ကိုဝင်းဗိုလ်တို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် မတ်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများမှ အရပ်သား စုစုပေါင်း (၂၈) ဦးကို ဖမ်းဆီးခဲ့ပြီး (၂၆) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အပြုသဘောဆောင်သော တိုးတက်မှု လမ်းကြောင်းမှ တစ်လထက် တစ်လ သွေဖည်လျက်ရှိသည်ကို တွေ့ရှိရသည်။ မတ်လအတွင်း၌ မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ဆိုးရွာစွာ ဆက်လက် ကျဆင်းလျက်ရှိသည်။ မတ်လအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ စောသာဘိုး၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုထွန်းကြည် နှင့် ကိုချမ်းမောင်တို့သည် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ၎င်းပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ တက်ကြွလှုပ်ရှားသူ ကိုသန်းလှ၊ ရန်ကုန် ပညာရေးတက္ကသိုလ်မှ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနု နှင့် မအေးမြတ်မွန်ကျော်၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုး၊ တောင်ငူပညာရေးကောလိပ်မှ ကိုသက်တင်အောင်တို့သည်လည်း အသီးသီး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်း၌ အခွင့်အရေးအချို့ကို တရားဥပဒေအရ ကာကွယ်ပေးထားသည်။ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR) အပိုဒ် ၁၉(၁)(၂) တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်တို့ကို ကာကွယ်မှုပေးထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၈)၊ အပိုဒ် ၃၅၄(က) တွင်လည်း “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်” ဟု ဖော်ပြထားသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ ထိုအခွင့်အရေးသည် အကန့်အသတ်ဖြင့်သာ ထားရှိသည်။ အဘယ် ကြောင့်ဆိုသော် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀၊ ၅၀၅(က)(ခ) တို့ဖြင့် ထိုအခွင့်အရေးကို ကန့်သတ်ထားရှိသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အစိုးရအား ကြိမ်ဖန်များစွာ တိုက်တွန်းလေ့ရှိသည့်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်သော အားဖြင့် ထိုအခွင့်အရေးကို ကန့်သတ် ဖိနှိပ်ထားသော ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ထိုအခွင့်အရေးကို ကျင့်သုံးခဲ့ခြင်း အတွက် ဖိနှိပ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးခြင်း၊ အကျဉ်းထောင်တွင်း/ထောင်ပြင် တရားရင်ဆိုင်နေကြရသူများအားလုံးကို လွှတ်ပေးခြင်းတို့အား အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်း အကြံပြုအပ်ပါ သည်။
မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလျက်ရှိချိန်တွင် နိုင်ငံသားများ၏ အခွင့်အရေးများသည်လည်း ဆုံးရှုံးလျက်ရှိဆကို တွေ့ရှိရသည်။ မတ်လအတွင်းတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခ နှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆိုခြင်းခံထားရသော မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ ရွာသား ငါးဦးသည် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော အောင်သပြေရွာသားများကို ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ရာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အောင်သပြေရွာသား ဦးရွှေအုန်း၏ ခြေထောက်ကို ကျည်ဆံထိမှန်ခဲ့သည့်အပြင် ဦးရွှေအုန်းအပါအဝင် ရွာသား ဆယ်ဦးကျော်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းသည် ထိုနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ကျဆင်းနေခြင်းဖြစ်သည်ကို ထင်ရှားစွာ ထုတ်ဖော်နေသည်။ သို့ဖြစ်၍ အစိုးရမှ ၎င်း၏ နိုင်ငံသားများ၏ နိုင်ငံသားအခွင့်အရေးများကို မြှင့်တင်ပေးခြင်းအား ဖြင့် လူ့အခွင့်အရေးအခြေအနေများကို တိုးတက်မှုရှိစေရန်အတွက်‌ ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
သတင်းမီဒီယာလွတ်လပ်ခွင့်
မတ်လအတွင်းတွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် ထင်မှတ်ထားခြင်းမရှိချိန်၌ အလျင်အမြန် ထိုးဆင်းသွား သည်ကို တွေ့ရှိရသည်။ ထိုအခြင်းအရာသည် နောက်ကြောင်းပြန်ဆုတ်စေသော အခြင်းအရာတစ်ရပ်ဖြစ်ပြီး ယခင်က သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားသော စစ်အာဏာရှင်တို့၏ ပုံရိပ်ကို ထင်ဟပ်စေသည်။ ထို့ပြင် ပြည်သူများ သတင်းမှန် ရရှိရန် အဟန့်အတားဖြစ်စေပြီး သတင်းရေးသားခြင်းမပြုမီတွင် ဆင်ဆာပြုလုပ်ရသောအလေ့သည်လည်း တစ်ဖန် ပြန်၍ ဖြစ်ပေါ်စေသည်။ မတ်လအတွင်း ဖိနှိပ်ခြင်းခံခဲ့ရသော သတင်းမီဒီယာသမားများမှာ –
• မန္တလေးအခြေစိုက် Voice of Myanmar သတင်း‌ဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုး (ခ) ကိုနေမျိုးလင်းသည် ဖမ်းဆီး၊ အမှုဖွင့်ခံခဲ့ရခြင်း၊ နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်သည် အမှုဖွင့်ခံခဲ့ရခြင်း
• အရပ်ဝတ်ဖြင့် CID, SB, ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်သော ၁ဝ ဦးအဖွဲ့သည် နိရဉ္စရာရုံးအား ဝင်ရောက်ရှာဖွေခဲ့ပြီး နိရဉ္စရာသတင်းဌာနမှ သတင်းထောက် သုံးဦးဖြစ်သော ကိုသန့်မြတ်ခိုင်၊ ကိုအောင်လင်းထွန်းနှင့် ကိုထွန်းခိုင် (တောင်ရင်းကျွန်း)တို့ကို စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ခြင်း (ခြောက်နာရီကျော်ခန့် မေးမြန်းစစ်ဆေးခဲ့ပြီးနောက် ၎င်းတို့ကို ညတွင်းချင်း ပြန်လည်လွှတ်‌ပေးခဲ့သည်)
• ခေတ်သစ်မီဒီယာအယ်ဒီတာချုပ် ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက်၏ နေအိမ်သို့ ရဲ၊ CID အရပ်ဝတ် ၁ဝ ဦးခန့်သည် ရောက်ရှိလာပြီး ၎င်းအကြောင်းများကို လာရောက်မေးမြန်းခဲ့ခြင်း
• မန္တလေး အခြေစိုက် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် နန္ဒ (ခ) ကိုအောင်ကြည်မြင့်သည် စွဲချက်တင်ခံခဲ့ရခြင်း
• ရိုက်တာသတင်းဌာနသည်လည်း အမှုဖွင့်ခံခဲ့ရခြင်း (တပ်မတော်မှ ရိုက်တာသတင်းဌာနကို တရားစွဲဆိုထားမှုအား ပြန်လည် ရုပ်သိမ်းပေးခဲ့သည်)
• အစိုးရညွှန်ကြားချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာများမှ ပိတ်ချခဲ့သည့် ဝက်ဆိုဒ်ပေါင်း ၂၀ဝ ကျော်တွင် တရားဝင်မှတ်ပုံတင်ထားသည့် နိရဉ္စရာသတင်းဌာနနှင့် DMG (Development Media Group)၊ Mandalay In-Depth News နှင့် VOM (Voice Of Myanmar)၊ Mekong News (မဲခေါင်သတင်း) စသည့် သတင်းဌာနနှင့် အွန်လိုင်းစာမျက်နှာများ ပါဝင်ခဲ့ခြင်း
• ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ တပ်ဖွဲ့ဝင်အချို့သည် Frontier Myanmar သတင်းထောက် မနော်ဘတ်တီဟန်နှင့် မြန်မာတိုင်းမ် ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့ နှစ်ဦးအား ဖမ်းဆီး ရိုက်နှက်ခဲ့ခြင်း (တစ်ရက်ကြာထိန်းသိမ်းထားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်)
သတင်းမီဒီယာများအားဖိနှိပ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို တစ်နည်းနည်းဖြင့် ဖုံးကွယ်ထားရာရောက်ပြီး နိုင်ငံ တွင်း မည်ရွေ့မည်မျှ ဖြစ်ပွားနေသော ချိုးဖောက်မှုများကို သိရှိရန် အဟန့်အတား ဖြစ်စေသည်။ ထို့ပြင် မည်သူတစ်ဦး တစ်ယောက်မျှ သိရှိခွင့်မရခြင်းသည် ထိုချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားစေရန် တွန်းအားတစ်ရပ်ဖြစ်စေသည်။ သတင်းမီဒီယာဥပဒေ ၏ အခန်း(၃) ၌ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် အခန်း (၈) ၌ အရေးယူခြင်းနှင့် အခန်း (၉) ၌ ပြစ်မှု နှင့် ပြစ်ဒဏ်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။ နိုင်ငံသားများ၏ နားနှင့်မျက်စိဖြစ်ပြီး နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟုခေါ်ဆိုသည့် သတင်းမီဒီယာကဏ္ဍသည် မျက်မှောက်ကာလ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိသည်။ သတင်းမီဒီယာ ကဏ္ဍကို မြှင့်တင်ပေးခြင်းအားဖြင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၌ အပြုသဘောဆောင်သော တိုးတက်မှုကို ဖြစ်ပေါ်စေ မည်ဖြစ်သည်။ သို့ဖြစ်၍ သတင်းမီဒီယာကဏ္ဍကို မြှင့်တင်မှုပေးပါရန် တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင်ရေးရာကိစ္စရပ်များ
မတ်လ ၁၁ ရက်နေ့တွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO)မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19)အား တစ်ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအခြင်းအရာသည် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ အကျဉ်းသားများအတွက် အလွန်အမင်း စိုးရိမ်ရသော အခြင်းအရာတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အများစုတွင် အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊ အာဟာရပြည့်ဝစွာမရရှိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် လုံလောက်သည့် ဝန်းကျင်မရှိခြင်းအပါအဝင် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေကြရသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦး ကူးစက်ခြင်းခံရပါက အခြားသူများကို ကာကွယ်ရန်မှာ လွန်စွာခဲယဉ်းသည့် အခြေအနေတစ်ရပ်ဖြစ်သောကြောင့် အရေးတကြီး ဆောင်ရွက်ရန်မှာလည်း အမြန်ဆုံး လိုအပ် လျက်ရှိသည်။ မတ်လ ၁ရ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံ အတွင်းရှိသော အကျဉ်းထောင်များမှ အကျဉ်းသားများအပြင် တိုက်ပွဲများဖြစ်ပွား နေဆဲရှိသည့် ဒေသများမှ တိုက်ပွဲရှောင် ဒုက္ခသည်စခန်များမှ နေထိုင်သူများကိုပါ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ချက်များကို ပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံး ပေးပို့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် COVID-19 ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်တစ်ခု အဖြစ် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်/စခန်းများတွင် ထောင်ဝင်စာတွေ့သည့် လူဦးရေ လျော့ချ ကန့်သတ်မှုများ ပြုလုပ်လာခဲ့ သည်။ ၎င်းပြင် ထောင်ဝင်စာ တွေ့ခွင့်ရသည့် အခန်းများအား ၃၁၃ ကြိမ်တိတိ ပိုးသတ်ဆေးဖြန်းမှုများ လုပ်ဆောင်ထားကြောင်း အကျဉ်းဝန်ထမ်းများကိုလည်း တစ်ကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ပြီးမှသာ တာဝန်ထမ်းဆောင်စေ ကြောင်း အကျဉ်းဦးစီးဌာနမှ သိရှိရသည်။ ထိုကဲ့သို့ ကာကွယ် တားဆီးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြိုဆိုပါသည်။

COVID-19 ရောဂါသည် ကူးစက်မြန်ရောဂါတစ်ခုဖြစ်သည့်အတွက်ကြောင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော ရောဂါကူးစက်မှုများ အကျဉ်းထောင်တွင်း ဖြစ်ပေါ်ကူးစက်လာခြင်းမရှိစေရန် လက်ရှိအချိန်တွင် ကြပ်မတ်စွာ ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အကျဉ်းထောင်တွင်း ကျန်းမာရေးစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ပေးရန်လိုအပ်သကဲ့သို့ အကျဉ်းထောင် တွင်း ဆေးခန်းနှင့် ဆေးရုံများတွင် ဆေးနှင့် တာဝန်ကျ ဆရာဝန်များရှိ‌ရေးကို စီစဉ်ပေးရန်မှာလည်း အရေးတကြီး လိုအပ်ပါသည်။ ထို့ပြင် အကျဉ်းထောင်အတွင်း လူဦးရေကြပ်တည်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းတို့ သည် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်၍ ဥပဒေနှင့်အညီ အကျဉ်းသားဦးရေ လျှော့ချသည့် အစီအစဉ်ကို အစိုးရအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်အတွက်ကိုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင်ရှောက်ရေးအသင်း (AAPP) မှ တိုက်တွန်း၊အကြံပြုအပ်ပါသည်။
လယ်ယာမြေရေးရာကိစ္စရပ်များ
မြန်မာနိုင်ငံတွင်း သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများသည် အဆုံးသတ်နိုင်ခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ ထိုအခြင်းအရာသည် လယ်ယာမြေအရေးကို ကိုင်တွယ်ဆောင်ရာတွင် နှောင့်နှေးမှုများရှိနေခြင်းကြောင့် ဖြစ်သည်။ မတ်လအတွင်းတွင် သိမ်းဆည်းလယ်ယာမြေအရေးနှင့်ဆက်နွယ်၍ လယ်ယာမြေအရေးတက်ကြွလှုပ်ရှားသူ နှင့် တောင်သူ စုစုပေါင်း ကိုးဦး၊ ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့မှ ကရင်နီတောင်သူ ၃၅ ဦး တို့သည် ပြစ်ဒဏ်အသီးသီး ချမှတ်ခြင်းခံခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှ အောင်ချမ်းသာအုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်နှင့် တောင်သူအရေးဆောင်ရွက်သူ ဒေါ်ချိုချိုဝင်း တို့သည် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ဘိုးဘွားစဉ်ဆက် ဓားမဦးချ ထွန်ယက်စိုက်ပျိုးခဲ့သော လယ်ယာမြေများ သိမ်းဆည်းခြင်းခံခဲ့ရ၍ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက်လျက်ရှိချိန်တွင် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းကို ရင်ဆိုင်နေကြရခြင်းသည် လယ်သမားများအတွက် ထိခိုက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေသည်။ အစိုးရမှ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိချိန်တွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက်ကိုပါ ထည့်သွင်း စဉ်းစား ရန် လိုအပ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အစိုးရအား ထိခိုက်နစ်နာ လျက်ရှိသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အမြန်ဆုံးမြှင့်တင် ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် March MiR and Chronology (Burmese 1)

လက်ကျန်အကျဉ်းသားစာရင်းဒေါင်းလော့ရယူရန်92 Remaining PP list (Updated On 31 Mar 2020) burmese

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 523 Facing Trial List (Updated On 31 March 2020)

၆၆(ဃ)စာရင်းဒေါင်းလော့ရယူရန်66 (D) total list(new) Updated