၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် အခြခံလူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲပေါင်း(၃၉)ပွဲကိုစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိစစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်နှင့် မုံရွာမြို့နယ် တို့တွင် ဟောပြောပို့ချပေးနိုင်ခဲ့သည်။ အဆိုပါဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၁၈၉၄)ဦးတက်ရောက်ခဲ့ပြီးဆရာ၊ ဆရာမများလည်းပူးပေါင်းပါဝင် တက်ရောက်ခဲ့သည်။ 

  • စစ်ကိုင်းမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း(၁၄)ပွဲကိုဟောပြောပို့ချပေးခဲ့ပြီးကျောင်းသား၊ကျောင်းသူစုစုပေါင်း (၄၅၄၂)ဦးနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့သည်။
  • မြင်းမူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း(၉)ပွဲကိုဟောပြောပို့ချပေးခဲ့ပြီးကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၀၁၇)ဦးနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့သည်။
  • မြောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း(၈)ပွဲကိုဟောပြောပို့ချပေးခဲ့ပြီးကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၅၈၅)ဦးနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့သည်။
  • မုံရွာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း(၈)ပွဲကိုဟောပြောပို့ချပေးခဲ့ပြီးကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၇၅၀)ဦးနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့သည်။ 

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်နှင့် ကိုဝဏ္ဏနွယ်တို့မှ AAPP အဖွဲ့သားများနှင့် ဦးစွာမိတ်ဆက်ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းပြပေးခဲ့သည်။ ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုခင်မောင်ဝင်း၊ ကိုမျိုးထွန်း၊ ကိုပြည့်စုံအောင်၊ ကိုမျိုးသန့်ထွဋ်နှင့် ကိုနောင်နောင်တို့မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) တို့ကိုပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီးကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် လူအချင်းချင်းခွဲခြားဆက်ဆံမှုများမပြုလုပ်ရန်အတွက် ကာတွန်းတိုတစ်ကားပြသပြီးအပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများစည်းကမ်းလိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကိုဆုံးခန်းတိုင် အောင်ကြိုးစားစေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့ပြင်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းဆွေးနွေးပေးခဲ့သည်။  ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကိုမေးခွန်းများမေးမြန်းခဲ့ပြီးဦးဆောင်ဆွေးနွေး သူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြားလူ့အခွင့်အရေးဆိုင်ရာအသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR)အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကိုဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Mr. Paul Grove , State to Subcommittee on State, Foreign Operations, and Related Programs, Senate Appropriations Committee နှင့်ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်

ဇူလိုင်လ ၆ ရက်နေ့တွင် Mr. Paul Grove , State to Subcommittee on State, Foreign Operations, and Related Programs, Senate Appropriations Committee, Mr. Robert Karem, National Security Advisor to Senator Mitch McConnell, Timothy M.Scherer (ActiongXonsul General), LinneaM.Beatty, PhD (Program Adviser Office of Democracy, Govemance and Humanitarian Assistance, SITTHA LERTPHAIBOONSIRI (Political Specialist) U.S Consulate General Chiang Mai နှင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့လာရောက်လည်ပတ်ခဲ့သည်။ AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံနှင့် နိုင်ငံခြားရေးရာဒုတိယတာဝန်ခံကိုဇော်မိုး၊ Human Rights Officer Mr. Max Morchတို့မှ လက်ခံတွေ့ဆုံခဲ့ပြီးလက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများ၊ လူ့အခွင့်အရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများနှင့် AAPPမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

PaungSie Facility မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်

ဇူလိုင်လ ၁ ရက်နေ့တွင် PaungSie Facility မှ Anthony Neil နှင့် Programme Officer ကိုမျိုးဟိန်းထွဋ်တို့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာAAPPမှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြပေးခဲ့သည်။ ထို့နောက် AAPPတွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် တာာဝန်ခံ (MHAP) ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံနှင့် နိုင်ငံခြားရေးရာဒုတိယတာဝန်ခံကိုဇော်မိုးတို့မှ AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေတို့ကိုဆွေးနွေးခဲ့သည်။

SYCB မှ သင်တန်းသား/သူများလာရောက်လေ့လာ

ဇူလိုင်လ ၃ ရက်နေ့တွင် SYCB မှ မမုန်းပီဦးဆောင်သည့် သင်တန်းသား/သူ (၁၅)ယောက်ပါဝင်သောအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြပေးခဲ့သည်။ ထို့နောက် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ AAPP ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ခဲ့သောလုပ်ငန်းစဉ်များနှင့် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကိုဆွေးနွေးရှင်းပြပေးခဲ့သည်။

The Wing Institute မှ သင်တန်းသား/သူများလာရောက်လည်ပတ်

ဇူလိုင်လ ၉ ရက်နေ့တွင် မဖြိုးဖြိုးအောင်ဦးဆောင်သော The Wing Institute မှ သင်တန်းသား/သူ (၂၀)ဦးတို့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရုံးသို့လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြပေးခဲ့သည်။ ထို့နောက် AAPP ရန်ကုန်ရုံးတာဝန်ခံဦးအောင်မျိုးကျော်မှ AAPP ဖွဲ့စည်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်၊ လုပ်ဆောင်ခဲ့သောလုပ်ငန်းစဉ်များနှင့် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကိုဆွေးနွေးရှင်းပြပေးခဲ့သည်။ ကျောင်းသား/သူများမှ သိလိုသည့်မေးခွန်းများကို ပြန်လည်မေးမြန်းခဲ့ပြီးဦးအောင်မျိုးကျော်မှ ပြန်လည်ဖြေကြားပေးခဲ့သည်။

တအာင်း(ပလောင်)အဖွဲ့သားများAAPP သို့ လာရောက်လေ့လာ

ဇူလိုင်လ ၁၂ ရက်နေ့တွင် တိုင်းရင်းသားအဖွဲ့တစ်ခုဖြစ်သည့် တအာင်း(ပလောင်)အဖွဲ့မှ အဖွဲ့ဝင်များသည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရုံးသို့လာရောက် လည်ပတ်ခဲ့သည်။ AAPP မှ ဦးကျော်စိုးနှင့် AAPP-MHAP သင်တန်းနည်းပြကိုထင်အောင်တို့မှ ပြခန်းအတွင်းလိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် AAPP ဖြစ်ပေါ်လာပုံနှင့် AAPPမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီးမေးခွန်းများအားဖြေကြားပေးခဲ့သည်။ 

သမိုင်းကြောင်းကောင်းခဲ့သောကျောင်းသားမှတ်တမ်း ပြန်လည် တူးဆွခြင်းဆွေးနွေးပွဲ ကျင်းပခြင်း

ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)တို့ ပူးပေါင်းကျင်းပသည့် သမိုင်းကြောင်းကောင်းခဲ့သောကျောင်းသားမှတ်တမ်း ပြန်လည်တူးဆွခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲအားကျောက်ဆည်တက္ကသိုလ်တွင် ဇူလိုင်လ ၁၂ ရက်နေ့၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာစုစုဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးကျောက်ဆည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌကိုအေးမင်းမှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပေးခဲ့သည်။ ဆွေးနွေးပွဲတွင် Moderator အဖြစ် AAPP ရန်ကုန်ရုံးတာဝန်ခံကိုအောင်မျိုးကျော်မှ ဆောင်ရွက် ပေးခဲ့ပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ တစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၏ ဥက္ကဌဦးသံခဲ၊ ISP-Myanmar မှ ဦးမင်းဇင်တို့မှ ကျောင်းသား/သူများအားအတိတ်ကာလ၊ ကျောင်းသားလှုပ်ရှားမှုများ၊ လက်ရှိကျောင်းသားများအခြေအနေများနှင့် ကျောင်းသား/သူများအတွက် ခွန်အားဖြစ်စေမည့် အကြောင်းအရာများကိုအတွေ့အကြုံများဖြင့် နှိုင်းယှဉ်ပြီးဆွေးနွေးပေးခဲ့သည်။ တက်ရောက်လာသူဆရာ/မများနှင့် ကျောင်းသား/သူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာဦးဆောင်ဆွေးနွေးသူများမှ ဖြေကြားပေးခဲ့သည်။

ချောင်းဦးမြို့တွင် ကျင်းပပြုလုပ်သောအာဇာနည်နေ့အခမ်းအနားကိုတက်ရောက်

ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကျင်းပပြုလုပ်သော ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အဖွဲ့ဝင်များသည် တက်ရောက်၍ အလေးပြုခဲ့ကြသည်။

နိုင်ငံတကာမှ မဲစောက် AAPP သို့ လာရောက် လေ့လာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ ဇူလိုင်လ ၈ ရက်နေ့နှင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် မင်းမဟော်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၄ဝ ဦးနှင့် ဆရာ၊ဆရာမများ၊ ဇူလိုင်လ ၁၂ ရက်နေ့ တွင် Tak Border Child Assistance Foundation (TBCAF) မှ ဦးဆောင်၍ ထိုင်ဝမ်မှ ကျောင်းသား၊ကျောင်းသူ ၁၅ ဦးနှင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဟောင်ကောင်မှ ကျောင်းသား၊ကျောင်းသူ ၂ဝ ဦးတို့ လာရောက် လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ AAPP လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသားရေးရာအခြေအနေများကိုရှင်းလင်းပြောကြားပေးခဲ့ပြီး ပြခန်းတွင်းလိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

သင်တန်းပို့ချပေးခြင်း

CETA Counselors Training ကိုပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြကိုထင်အောင်နှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်(JHU)မှ သင်တန်းနည်းပြမခင်ငြိမ်းချမ်းစိုးတို့သည် ကချင်ပြည်နယ်ရှိကချင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KDG)၊ ကချင်နှစ်ခြင်းအသင်းတော် (KBC)၊ Population Services International (PSI) and Substance Abused Research Association (SARA)စသည့် အဖွဲ့အစည်းများမှ ကောင်ဆယ်လာသင်တန်းသား ၁၈ ဦးကို Common Element Treatment Approach (CETA) Counselors Trainingအားဇူလိုင်လ ၂၂ ရက်နေ့မှ
ဩဂုတ်လ ၂ နေ့အထိပို့ချပေးခဲ့သည်။

လေ့လာရေးခရီးသွားရောက်ခြင်း

ပဋိပက္ခနှင့် စိတ်ဒဏ်ရာမှ ပြန်လည်ကုစားခြင်းကိုလေ့လာရန် လေ့လာရေးခရီးသွားရောက်ခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ် တာာဝန်ခံ (MHAP) ဦးကျော်စိုးဝင်းသည်“International Visitor Leadership Program (IVLP) Multi Region Project” ၏ ပဋိပက္ခနှင့် စိတ်ဒဏ်ရာမှ ပြန်လည်ကုစားခြင်းကိုလေ့လာရန်ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိအမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ MHAP တာဝန်ခံဦးကျော်စိုးဝင်းသည် အမေရိကန်ပြည်ထောင်စုရှိ မြို့လေးမြို့သို့ သွားရောက်ခဲ့ပြီးစိတ်ဒဏ်ရာနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသော ပြဿနာရပ်များကိုလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း ၂၅ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာလေးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သောရန်ကုန်မြို့ရှိအမျိုးသမီးသက်မွေးအတတ်ပညာသင် ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဇူလိုင်လအတွင်းတွင် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီးလေးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီးလက်ရှိတွင် အမျိုးသမီးခုနှစ်ဦးကိုဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီးကောင်ဆယ်လာနှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သောရန်ကုန်မြို့ရှိအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဇူလိုင်လအတွင်းတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီးလက်ရှိတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာတစ်ဦးနှင့် ကောင်ဆယ်လာငါးဦးသည် ငှက်အော်စမ်းလူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဇူလိုင်လအတွင်းတွင် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဇူလိုင်လအတွင်းတွင်အမျိုးသမီးကောင်ဆယ်လာခြောက်ဦး နှင့် အမျိုးသားကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသောမသန်စွမ်းသူများလေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းသားသုံးဦးနှင့် သင်တန်းသူ၁၅ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

ဇူလိုင်လအတွင်းတွင်ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိကောင်ဆယ်လာတစ်ဦးမှလည်းပဲခူးမြို့ အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင် များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကိုဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဇူလိုင်လအတွင်းအမျိုးသမီးလေးဦးနှင့် အမျိုးသားခြောက်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီးလက်ရှိတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားအမျိုးသမီး၁၈ဦးနှင့် အမျိုးသား၁ဝဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

July Burmese Newsletter ဒေါင်းလော့ရယူရန်