အေအေပီပီမှ ဖော်ပြသည့် လစဉ်သတင်းလွှာစက်တင်ဘာလ ၂၀၁၈ ခုနှစ်

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း

သံဖြူဇရပ်မြို့နယ်၊ အထကခွဲ(အနင်း)တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၄၂) ပွဲကို မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ရှိ  အခြေခံ ပညာ အထက်တန်းကျောင်းနှင့်  အခြေခံပညာ အထက်တန်း ကျောင်းခွဲ စုစုပေါင်း (၄၂) ကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်ရှိ ပညာ့တန်ဆောင်ဘော်ဒါတွင်  ဟောပြော ပို့ချ ပေးခဲ့သည်။

မုဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၃) ကျောင်း ကို လည်းကောင်း၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂) ကျောင်းကို လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၈) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၂) ကျောင်း ကို လည်းကောင်း၊ ရေးမြို့နယ်တွင် အခြေခံပညာ အထက်တန်း ကျောင်း (၈) ကျောင်း နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (၄) ကျောင်းကို လည်းကောင်း၊ ဟုမ္ပလင်းမြို့နယ်တွင် ပညာတန်ဆောင် ဘော်ဒါကိုလည်းကောင်း ဟောပြောပို့ချပေး နိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ဦးရေ စုစုပေါင်း (၁၄၇၃၀) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုမျိုးထွဋ်အောင်၊ ကိုမျိုးထွန်း နှင့် ကိုသန်းထိုက်ဝင်းတို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာ မိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့ ပါသည်။ ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုဖြိုးဆွေမောင်၊ ကိုအောင်သိန်းကြည် (ကိုနေဝန်း-MYEO) နှင့် ကိုသန်းထိုက်ဝင်းတို့မှ လူ့အခွင့်​့အ​ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြော်ငြာ စာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ် ခဲ့ပါသည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှု များ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန် အလှန်ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်း လိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာ ရေးကို ဆုံးခန်းတိုင် အောင်ကြိုးစားစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်သို့ သွားရာ လမ်းခရီးတွင် အရှုံးမပေးဘဲ ရည်မှန်း ချက်ရောက်သည်အထိ ဇွဲ၊လုံ့လ အပြည့်ဖြင့် ကြိုးစား နိုင်စေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲမှု၏ဆိုးကျိုးများ အားလည်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည် များကို မေးခွန်းများ မေးမြန်းခဲ့ သည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ကလေးအခွင့်အရေး (CRC) လက်ကမ်းစာ စောင်များကို ဝေငှခဲ့သည်။

ဟုမ္ပလင်းမြို့နယ်တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

ဟုမ္ပလင်းမြို့နယ်တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို စက်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်တွင် စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ လည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့ အထိ လည်းကောင်း ပို့ချပေးခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ  ပြုလုပ်သော  (၁၂) ရက်တာသင်တန်း၌ လူ့အခွင့်အရေး သင်တန်း နည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို နာဂ အမျိုးသမီးရေးရာအဖွဲ့အစည်း၊ ကူကီးအမျိုးသမီးစင်တာ၊ ရှမ်းရိုးရာစာပေနှင့်ယဉ်ကျေးမှု၊ နာဂရိုးရာယဉ်ကျေးမှု၊ ဟုမ္မလင်း လူငယ်ကွန်ယက်၊ မိုင်းဝယ်လူငယ်အဖွဲ့၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး၊ အရှေ့နာဂ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း စသည့်အဖွဲ့အစည်းများမှ အဖွဲ့ဝင်  (၂၀) ဦး တက် ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် နာဂ၊ ရှမ်း၊ ကူကီးနှင့် ဗမာတိုင်းရင်းသားများ ဖြစ်ကြသည်။

စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့ အထိ  ပြုလုပ်သော  (၁၁) ရက်တာသင်တန်း၌ လူ့အခွင့်အရေး သင်တန်း နည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းနည်းပြ အဖြစ် ကိုတင်မျိုးထွဋ်မှ သင်တန်းပို့ချပေးခဲ့ သည်။ သင်တန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကမာ္ဘ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ရှမ်းနီပါတီ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ စသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် အရပ်သားများအပါအဝင် စုစုပေါင်း သင်တန်းသားဦးရေ ၂၄ ဦး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများ သည် ရှမ်း၊ ဗမာ၊ ရှမ်းနီ၊ နာဂနှင့် ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။

သင်တန်းပို့ချခဲ့သော ဟုမ္ပလင်းမြို့နယ်တွင် လယ်ယာနှင့် မြေယာ သိမ်းဆည်းမှုများကို ရင်ဆိုင်နေကြရပြီး လာဘ်တောင်းယူမှုများ လည်း အမြဲဖြစ်ပေါ်လျှက်ရှိသည်။သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ လက်ထောက် သံအမတ်ကြီး ဦးဆောင်သောအဖွဲ့ လာရောက်လေ့လာ

ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ လက်ထောက်သံအမတ်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၁ရ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ မဲစောက်ရုံးသို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံရုံးမှ Deputy Ambassador Thomas van Leeuwen (Head of Political and Economic Department)၊ Senior Political Officer Chayanuch Thananart နှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ လာရောက် လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ လက်ထောက်သံအမတ်ကြီး နှင့်အဖွဲ့အား တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်နေသော လုပ်ငန်းများ အကြောင်း၊ လက်ရှိနိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေ များ၊ ထောင်တွင်းအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ သည်။ ထို့နောက် လက်ထောက် သံအမတ်ကြီးနှင့်အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲ့ သည်။ ၎င်းနောက် မမိုးပန်းဖြူမှ လက်ထောက် သံအမတ်ကြီးနှင့်အဖွဲ့အား အေအေပီပီ ပြခန်းအတွင်းသို့ လိုက်လံရှင်းလင်းပြသပေးခဲ့သည်။ ထို့နောက် လက်ထောက်သံအမတ်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ပြီး အေအေပီပီရုံးမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာ ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အေအေပီပီသို့ လာရောက် လေ့လာ

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာဝန်ကြီး အေအေပီပီပြခန်းသို့ လေ့လာကြည့်ရှု

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး  Rt Hon. Jeremy Hunt ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ရန်ကုန်ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး အေအေပီပီ၏ Memory of the Past ပြခန်းသို့ လေ့လာကြည့်ရှုခဲ့သည်။ အေအေပီပီမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ မသီတာ (စမ်းချောင်း) တို့မှ ပြခန်းအတွင်းသို့ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့အား အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊ မြန်မာပြည် တာဝန်ခံ ဦးအောင်မျိုးကျော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် မသီတာ (စမ်းချောင်း) တို့မှလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသား အခြေအနေ များကို ဆွေးနွေးခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွးနွေး.

မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီဆက်ဆံရေးရုံး၌ မွန်ပြည်သစ်ပါတီမှ ပြည်တွင်းဆက်ဆံရေး တာဝန်ခံ ဦးနိုင်ဝင်းလှ၊ ဗဟိုနိုင်ငံရေးတာဝန်ခံ ဦးနိုင်အောင်မငေး၊ ရုံးအဖွဲ့ဝင် ကိုသူရဌေးတို့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်၊ စိတ်ဓာတ်ပြန်လည် မြှင်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ကိုကျော်စိုးဝင်း၊ ကောင်ဆယ်လာ ကိုမောင်မောင်နိုင်၊ သင်တန်းနည်းပြ ကိုနေဝန်းတို့တွေ့ဆုံကာ အေအေပီပီမှ လုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်းကို မိတ်ဆက်၍ ရှေ့အနာဂတ်တွင် လက်တွဲလုပ်ဆောင်နိုင်မည့် ကိစ္စများအား ဆွေးနွေးခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ကိုမိုးရန်နိုင်တို့အတွက် ထောက်ပံ့ငွေ ပေးအပ်

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ကိုမိုးရန်နိုင်တို့အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

စက်တင်ဘာလ ၆ ရက်နေ့တွင် အင်းစိန်နိုင်ငံရေး အကျဉ်းသားဟောင်းများမှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကိုယ်စား ကိုသက်ဦးမောင် (ခ) ဝလုံး၊ ကိုကျော်စိုးဦး (ခ) မိုးအောင် နှင့် ကိုမိုးရန်နိုင်တို့အတွက် ထောက်ပံ့ငွေကို အင်းစိန် ဗဟိုအကျဉ်းထောင်တွင် သွားရောက် ပေးအပ်ခဲ့သည်။

မဲစောက် အေအေပီပီ ပြခန်းသို့ နိုင်ငံတကာမှ လာရောက် လေ့လာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ပြခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့တွင် ဂျာမနီနိုင်ငံမှ ဗိသုကာပညာရှင်တစ်ဦးမှလည်းကောင်း၊ စက်တင်ဘာလ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား ၁၂ ဦးနှင့် Mobile Education Partnership မှ ဝန်ထမ်းများမှ လည်းကောင်း၊ Rustic Pathways အဖွဲ့အစည်းမှ ဝန်ထမ်းများမှလည်းကောင်း၊ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဩစတြေးလျတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၂၄ ဦးမှလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက် နေ့တွင် ဩစတြေးလျ နိုင်ငံသား နှစ်ဦးမှလည်းကောင်း လာရောက်လည်ပတ်ခဲ့သည်။ အေအေပီပီမှ မမိုးပန်းဖြူမှ ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် အေအေပီပီ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်းအခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေး မှုများ ပြုလုပ်လျှက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ငါးဦးသည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁ဝ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် စက်တင်ဘာလအတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး ခုနှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

စက်တင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်   အခြားထိခိုက်လွယ်သူ များကို နှစ်သိမ့်ဆွေးနွေးပေးခဲ့ သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ စက်တင်ဘာလအတွင်း တွင် အမျိုးသမီး လေးဦးနှင့် အမျိုးသား ရှစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၂၁ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချ

စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့ထိ၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်၊ ဆိုင်းဝန်းမောင် ရာဘာခြံနှင့် ဟုမ္ပလင်းမြို့၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရား မျှတမှုသင်တန်း၌ AAPP-MHAP အဖွဲ့မှ CETA သင်တန်းနည်းပြ ကိုထင်အောင်သည် Mental health awareness and self-care training ကို သွားရောက် ပို့ချပေးခဲ့သည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter Template for September