လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း နှင့် ဇွန်လအတွက်အေအေပီပီမှလစဉ်အစီရင်ခံစာထုတ်ပြန်ချက်

cover

တစ်လအတွင်းသုံးသပ်ချက်

 

ဇွန်လအတွင်းတွင် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် နှစ်ဦး၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှုဆိုင်ရာ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ ဖြင့် သုံးဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ဇွန်လတွင်း ခြောက်ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ တရားစွဲဆိုခြင်းခံရသူ ခြောက်ဦးအနက် တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ နှစ်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုဆိုင်ရာကာကွယ်သည့် ဥပဒေပုဒ်မ ၁၀၊ သုံးဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ် ၆၆(ဃ) ဖြင့် တရားစွဲဆို ခြင်းခံခဲ့ရသည်။ ဇွန်လတွင်း ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် တက်ကြွလှုပ်ရှားသူ လေးဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဇွန်လတွင်း လယ်သမားများ၊ လယ်သမားအရေးလှုပ်ရှားသူများအပါအဝင် စုစုပေါင်း ၁၄ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားနှစ်ဦးဖြစ်သော ရှေ့နေ ဦးဇော်ဝင်းနှင့် ကိုမင်းဆိုင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြာင်း သိရှိရသည်။

ဇွန်လ ၁၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက် ခြင်းခံရသူ များနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ဖွင့်ဟပြောဆိုသူများအား အသိအမှတ်ပြုသောအားဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည့်ပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) များနှင့်လည်း ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလျှက်ရှိသော်လည်း အစိုးရသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)ကို လက်မှတ် ရေးထိုးအတည်ပြုခြင်း မရှိသေးပါ။

ဇွန်လတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ ထင်ရှားသော ဥပမာတစ်ခုသည် နိုင်ငံတော် လျှို့ဝှက်ချက်များ ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခြင်းခံရကာ တရားရင်ဆိုင်နေကြရသော ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့၏ အမှုဖြစ်သည်။ ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်းတို့နှစ်ဦးသည် ဖမ်းဆီးခြင်း ခံခဲ့ရပြီး စစ်ကြောရေးစခန်းသို့ ခေါ် ဆောင်သွားခြင်းခံခဲ့ရကာ သုံးရက်ခန့် အိပ်ခွင့်မရရှိခဲ့ပါ။ ထို့ပြင် ကိုကျော်စိုးဦးကို အချိန် အတော်ကြာ အဓမ္မ ဒူးထောက်၍ ထိုင်စေခဲ့သည်။ ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုမျိုးသည် မြန်မာနိုင်ငံတွင်း ကျင့်သုံးဆဲဖြစ်သော အပြစ်ပေး၍ စစ်ဆေးခြင်းမျိုးဖြစ်သည်။ မော်တော်ဆိုင်ကယ်စီးခြင်း၊ လေယာဉ်ပျံစီးခြင်းနှင့် ဆီမီးခွက်အက ကဲ့သို့သော နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်သည့် ပုံစံများအား ကျင့်သုံးနေမှုကို AAPP မှ ကာလရှည်ကြာစွာ မှတ်တမ်းပြုလျှက်ရှိသည်။ ထိုညှဉ်းပန်းနှိပ်စက်မှုပုံစံများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အခြား ညှဉ်းပန်းနှိပ်စက်မှု ပုံစံများကို မြန်မာနိုင်ငံတွင်း စနစ်ကျစွာ အသုံးပြုလျှက်ရှိပြီး  ထိုအခြင်းအရာကို နိုင်ငံတကာဥပဒေများတွင် လူသားချင်း စာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုတစ်ခု အဖြစ်သတ်မှတ်သည်။ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ ထိန်းသိမ်းထားသူများကို မေးခွန်းများမေးမြန်းရန် ညှဉ်းပန်းနှိပ်စက်မှုပုံစံများကို အသုံးပြုခြင်းသည် ယနေ့ထက်တိုင် ဆက်လက် ရှိနေဆဲဖြစ်သည်။

ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့၏အမှုအပြင် အခြား ထိန်းသိမ်းထားသူများကို ပြုမှုဆက်ဆံမှု နှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာပါသည်။ အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်စနစ်တွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကင်းလွတ်ခွင့်ရနေခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့သာလျှင် အကျဉ်းထောင်များအတွင်း ဝင်ရောက်ခွင့်ရှိသည်။

ထို့ကြောင့် AAPP မှ အစိုးရအား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည့် UNCAT ကို လက်မှတ်ရေးထိုး အတည်ပြုရန်နှင့် ၎င်း၏ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းများ (OPCAT) ကို လက်မှတ် ရေးထိုးအတည်ပြုပါရန် ထပ်မံ တောင်းဆိုတိုက်တွန်းပါသည်။ ထိုစာချုပ်များကို လက်မှတ်ရေးထိုးခြင်းသည် ညှဉ်းပန်းနှိပ်စက်မှုကို ကိုင်တွယ်ဆောင်ရွက်ရန် နိုင်ငံရေးဆိုင်ရာ ကတိပြုမှုဖြစ်ပြီး ထိခိုက်နစ်နာသူများကို အာမခံပေးသော ကတိပြုမှုလည်းဖြစ်စေသည်။ ထို့ပြင် AAPP မှ အစိုးရအား အရပ်ဘက်အဖွဲ့အစည်းများ (CSOs)နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများအား အကျဉ်းထောင်များ၊ အချုပ်ခန်းများနှင့် ပိုမိုထိတွေ့ခွင့်ပေးရန် တောင်းဆိုပါသည်။ ဒီမိုကရေစီစနစ်တွင် အကျဉ်းထောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များသည် လျှို့ဝှက်သတင်းအချက်အလက်များ မဖြစ်သင့်ပါ။ အသွင်းကူးပြောင်းရေး၏ အောင်မြင်မှုသည် အစိုးရ၏ ထောင်တွင်းနှင့် ထောင်ပြင်ပတွင်ရှိသော နိုင်ငံသားများ အားလုံး၏ အခွင့်အရေးများကို လေးစား လိုက်နာမှုအပေါ် ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ဒီမိုကရေစီအပေါ် တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုစံနှုန်းများကို လိုက်နာရန် ကြိုးပမ်း အားထုတ်မှုများအပေါ် ဆုံးဖြတ်မည်ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများအပြင် ဆိုးရွားသော အကျဉ်းထောင်တွင်းအခြေအနေများသည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး ထိုအခြင်းအရာကို ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသည်။ ဇွန်လအတွင်းတွင် အကျဉ်းထောင် အာဏာပိုင်များမှ မွန်ပြည်နယ်ရှိ အမျိုးသမီး ကျောက်ထုတ်စခန်းနှစ်ခုကို ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်။ အမျိုးသား အကျဉ်းသားများအတွက် ရည်ရွယ်ထားသော အလုပ်ဖြစ်သည့် လေးပင်သော ကျောက်တုံးများကို သယ်ယူရခြင်းသည် လက်ခံ နိုင်ဖွယ်မရှိသည့်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)မှ မေလအတွင်းတွင် အမျိုးသမီး ကျောက်ထုတ် စခန်းများကို ပိတ်သိမ်းရန် အကြံပြုခဲ့ပြီးနောက် အကျဉ်းထောင်အာဏာပိုင်များမှ ထိုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။  MNHRC မှ အာဏာပိုင်များအား  အကျဉ်းသူများသည် နေ့စဉ်ကျောက်သယ်ရခြင်း အတွက် မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သက်သော ပြဿနာများအပါဝင် အမျိုးသမီး ကျန်းမာရေး ပြဿနာများကို ဖြစ်ပွားနိုင်သည်ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်အာဏာပိုင်များမှ အမျိုးသမီး အကျဉ်းသူများကို ကျောက်တုံးကြီး များကို သယ်ယူခိုင်းခြင်းမပြုဘဲ သယ်ယူနိုင်သည့် ကျောက်တုံးအရွယ်အစားကိုသာ သယ်ယူ ခိုင်းခြင်းဖြစ်သည်ဟု တုန့်ပြန် ခဲ့သည့်အပြင်  အမျိုးသမီး ကျောက်ထုတ်စခန်းများတွင် ကျန်းမာရေး ပုံမှန် စစ်ဆေးနေသည်ဟု ပြောကြားခဲ့ပြီး အမျိုးသမီး အကျဉ်းသူများ လွတ်မြောက်ပြီးနောက် ရပ်တည်နိုင်ရန် “အိမ်တွင်းမှုသိပ္ပံပညာ” ကို သင်ကြားပေးလျှက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် ထိုအခြင်းအရာသည် ချို့ယွင်းလျှက်ရှိသည်ကို ထင်ရှားစွာပြသနေသည်။ အကျဉ်းဦးစီး ဌာနမှ MNHRC အကြံပြုချက်များကို တုန့်ပြန်ခြင်းသည် အလုပ်စခန်းများ၏ ဆိုးရွားသော အခြေအနေများကို ဖုံးကွယ်ထား သကဲ့သို့ဖြစ် စေသည်။ မြန်မာနိုင်ငံတွင်း အလုပ်စခန်းစုစုပေါင်း ၄ဝ ကျော်ရှိသည်။ မြန်မာနိုင်ငံရှိ အလုပ်စခန်းများ၌ ခန့်မှန်းခြေ အကျဉ်းသားဦးရေ ၁၅၀၀ဝ မှ ၂၀၀၀၀ ကြား ထိန်းသိမ်းထားသည်။ အလုပ်စခန်းများတွင်း လူမဆန်၍ ဆိုးရွားသော အခြေအနေ များနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် နိုင်ငံရေး အကျဉ်းသားများနှင့် အခြားအကျဉ်းသားများသည် သေဆုံးမှုများရှိခဲ့သည်။ အလုပ်စခန်း များ၏ ဆိုးရွားသော အခြေအနေများကြောင့် AAPP မှ ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အလုပ်ကြမ်းများသည် သေဒဏ်ပေးသည့် သဘော သက်ရောက်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ ၁၉၇၈ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကြားတွင် အကျဉ်းသား ၅၃၀၆ ဦး သည် သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ သေဆုံးမှုများ ဖြစ်ပွားခြင်းသည် ညှဉ်းပန်းနှိပ်စက်မှု၊ ဆိုးရွားသော နေထိုင်မှုနှင့် အလုပ်ကြမ်းများကြောင့်ဖြစ်သည်ကို လက်ခံရမည့်အစား အစိုးရသည် ရာသီဥတု အခြေအနေများနှင့် မတော်တဆမှုများ ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တရားဝင်ကိန်းဂဏန်းများအရ သေဆုံးမှုနှုန်းသည် နှစ်စဉ် ၄ဝ ခန့် ကျဆင်းလာသည်ဟု ဖော်ပြထား သည်။ အမှန်စင်စစ်တွင် စစ်အစိုးရမှ ရွေးကောက်ခံ အစိုးရလက်ထက်သို့  ကူးပြောင်းပြီးကတည်းက အခြေအနေများ အနည်းငယ် တိုးတက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ အာဏာ လွှဲပြောင်းယူပြီးနောက် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများအား ရက်တစ်ရာအတွင်း ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ ကြသည်။ သို့ သော်လည်း အကျဉ်းဦးစီးဌာနသည် ထောင်ဝင်စာတွေ့ချိန်ကို ၁၅ မိနစ်မှ ၂ဝ မိနစ်သို့ တိုးမြှင့်ခဲ့ပြီး အကျဉ်းသားများ၏ မိသားစုဝင်များကို မည်သည်နေ့တွင်မဆို လာရောက်လည်ပတ်ရန် ခွင့်ပြုသည်ဆိုသည့် ပြောင်းလဲမှုကိုသာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်း အလုပ်စခန်း အခြေအနေများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနောင်းမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်တက်လာပြီးနောက် အလုပ်စခန်းများတွင်း ရုပ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများနှင့် ဆိုးရွားသော အလုပ်ကြမ်း အခြေအနေများအပါအဝင် စနစ်ကျစွာဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသည်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အလုပ်စခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အကျဉ်းသားများအတွက် အလုပ်စခန်းများမရှိဘဲ အသက်မွေးမှုအတတ်သင်စခန်းများသာရှိသည်ဟု ပြောကြားခဲ့ သည်။ အလုပ်စခန်းများတွင်း ဖြစ်ပွားလျှက်ရှိသော ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှေးမှိန်သွားစေရန် အတတ်သင် စခန်းများအဖြစ် အမည်ပြောင်းထားခြင်းသည် သင့်တော်ခြင်းမရှိပါ။ ထိုအခြင်းအရာသည် အကျဉ်းသားများအတွက် သက်မွေး အတတ်သင်စခန်းများ ပြုလုပ်ပေးသင့်သည်ဆိုသည့် အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ/နယ်လ်ဆင်မန်ဒယ်လား စည်းမျဉ်းများ (SMRs) ကဲ့သို့သော နိုင်ငံတကာ လမ်းညွှန်မှုများကို လိုက်နာရန် လွဲမှားစွာ အသုံးပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလုပ်စခန်းများအတွင်းရှိ များစွာသော အကျဉ်းသားများသည် သက်မွေး အတတ်ပညာ များကို ရရှိခြင်း မရှိသေးပါ။ အလုပ်စခန်းတစ်ခု၏ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးမှ မြန်မာနောင်း နှင့် တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်ချိန်တွင် ၎င်းသည် သက်မွေးအတတ်ပညာသင်တန်းများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိသော်လည်း အကောင်အထည် ဖော်နိုင်ခြင်းမရှိသလို ထိုသင်တန်းများ ဆောင်ရွက်ရန် အခွင့်အာဏာမရှိပါ၊ ၎င်းတို့အလုပ်စခန်း၏ ပုံမှန်ဆောင်ရွက်မှုသည် ကျောက်များကို ထုတ်ယူရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမျိုးသမီးများ ကျောက်ထုတ်သည့် အလုပ်အလုပ်ကို လုပ်နေချိန် တွင်  အမျိုးသမီးကျောက်ထုတ်စခန်းများတွင်း အိမ်တွင်းမှု သိပ္ပံပညာကို သင်ကြား ပေးလျှက် ရှိသည်ဟု ပြောကြားသည့်အတွက် ထိုအခြင်းအရာသည် မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ ထို့ပြင် ကျောက်ထုတ်စခန်းများတွင် နားရက်မရှိခြင်းသည် SMRs အပိုဒ် ၁၀၂(၂) တွင် ဖော်ပြထားသော တစ်ပတ်လျှင် နားရက်တစ်ရက်ရှိရမည်ဖြစ်ပြီး ပညာရေးနှင့် အခြားလှုပ်ရှားမှုများအတွက် လုံလောက်သော အချိန်ရှိရမည်ဆိုသည်နှင့် တိုက်ရိုက်ဆန့် ကျင်လျှက်ရှိသည်။  ၎င်းပြင် အကျဉ်းသား များအား လုံလောက်သော လုပ်အားခမပေးဘဲ ကျောက်ထုတ်ယူခိုင်းခြင်းသည် SMRs အပိုဒ် ၉၈(၃) နှင့် ကွဲလွဲလျှက်ရှိသည့်ပြင် အပိုဒ် ၁၀၃(၁)တွင် ပြဋ္ဌာန်းထားသော အကျဉ်းသားများသည် ၎င်းတို့ဆန္ဒရှိသည့်အလုပ်များကို ရွေးချယ်နိုင်သည်၊ ထို့ပြင် မျှတသော အခကြေးငွေဖြစ်ရမည်နှင့်လည်း ဆန့်ကျင်လျှက်ရှိသည်။

အမျိုးသမီးအလုပ်စခန်းများသည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်ကို ပို၍ဆိုးရွားစေသော ပြဿနာများအနက်မှ တစ်ခုဖြစ်သည်။ အထူးသဖြင့် လုံလောက်မှုရှိသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်ဖြစ်သည်။ MNHRC ၏ ၂၀၁၆ ခုနှစ်၊ နှစ်စဉ် အစီရင်ခံစာ တွင်လည်း ဖတ်ရှုနိုင်သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများမှလည်း အကျဉ်းထောင်များအတွင်း ကျန်းမာရေး စောင့်ရှောက်မှု များသည် ဆိုးရွားနေဆဲဖြစ်ပြီး အလုပ်စခန်းများတွင် အလုပ်ကြမ်းများလုပ်နေကြရသောကြောင့် ပြဿနာများကိုပို၍ ဖြစ်လာစေ သည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် AAPP မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာများတွင်လည်း အကျဉ်းထောင်များ အတွင်း အကျဉ်းသားများ၏ ကျန်းမာစောင့်ရှောက်ခွင့်ကို စနစ်ကျစွာငြင်းပယ်ထားခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ထို့ပြင် ပြည့်စုံမှု မရှိသော ကျန်းမာရေး ဝန်ဆောင်မှုများ ရှိနေသည်ကိုလည်း ဖော်ပြထားသည့်ပြင် တချို့အကျဉ်းထောင်များတွင် ထောင်ဆေးရုံ မရှိဘဲ တချို့အကျဉ်းထောင်များတွင်လည်း ဆရာဝန်မရှိပါဟု ဖော်ပြထားသည်။  ထို့ပြင် လုံလောက်သော အစားအစာမရရှိခြင်း၊ ဆေးဝါးများ မရှိခြင်း၊ အန္တရာယ်ရှိသော အလုပ်များ လုပ်ရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများရှိခြင်း၊ ပြင်းထန်သော ရာသီဥတု အခြေအနေများရှိခြင်းနှင့် ကန့်သတ်ထားသော နေရာဒေသများဖြစ်ခြင်း စသည့် များစွာသော အခြင်းအရာ များကြောင့် အလုပ်စခန်းများ၏ အခြေအနေများသည် အကျဉ်းထောင်များ၏ အခြေအနေများထက် ပိုမို ဆိုးရွားပါသည်။ မြန်မာနောင်း သတင်းစာ၏ ၂၀၁၆ ခုနှစ်တွင် မြန်မာနောင်းမှ ထုတ်ပြန်သော  အစီရင်ခံစာတွင်လည်း အလုပ်စခန်းများ၏ ဆိုးရွားသော ကျန်းမာရေးစောင့်ရှောက်မှုများကို ထင်ရှားစွာ ဖော်ပြထားသည်။

ဆိုးရွားသော ကျန်းမာရေးစောင့်ရှောက်မှုများရှိသည်ဟု လေ့လာချက်များမှ ဖော်ပြထားသော်လည်း ဇွန်လတွင် အကျဉ်းထောင် အာဏာပိုင်များမှ အမျိုးသမီး ကျောက်ထုတ်စခန်းများတွင် ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးသည်ဟု ပြောကြားခဲ့သည်။ MNHRC မှ အမျိုးသမီးကျောက်ထုတ်စခန်းများကို ပိတ်သိမ်းရန် အကြံပြုခဲ့သော်လည်း အလုပ်စခန်းများအားလုံးပိတ်သိမ်းရန်ကိုမှု အကြံပြု ခဲ့ခြင်းမရှိပါ။ ၂၀၁၆ ခုနှစ်တွင် အလုပ်စခန်းများတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်ဟု ထုတ်ဖော်ချိန် တွင် MNHRC မှ ဆူပူခြင်းနှင့် အနည်းငယ်မျှသာ နာကျင်အောင်လုပ်ခြင်းစသည့် သေးငယ်သော အမှုများသာရှိပြီး ညှဉ်းပန်း နှိပ်စက်မှုနှင့် ရက်စက်စွာ ရိုက်နှက်မှုများ မရှိပါဟု ပြောကြားခဲ့သည်။ MNHRC မှ ကျန်းမာရေး အခြေအနေစိုးရိမ်ရ၍သာ ကျောက်ထုတ် စခန်းများကို ပိတ်သိမ်း ရန်ယူဆသည်ဟု ထင်မြင်သုံးသပ်ရပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးဖြစ်သည်။ ထိုမျှသာမက စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး အတည်ပြုထားသော အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကော်မတီတို့တွင် အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ကြောင့် အစိုးရများသည် အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစား၊ လိုက်နာရမည်ဖြစ်သည်။ အကျဉ်းဦးစီးဌာန မှ အမျိုးသမီးအကျဉ်းသူများ ကျောက်သယ်ယူရခြင်းသည် မျိုးဆက်ပွားကျန်းမာရေး နှင့်ပတ်သက်၍ အန္တရာယ်မရှိဟု ပြောကြားခြင်းသည် ထိုနိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ ထိုအခြင်းအရာသည် အကျဉ်းသူများ၏ မျိုးဆက်ပွားမှုဆိုင်ရာကို ကန့်သတ်ထားသကဲ့သို့ ဖြစ်ပေါ်နေပြီး အကျိုးဆက်အနေဖြင့် အခြေခံ လူ့အခွင့်အရေး များကို ချိုးဖောက်ခြင်းဖြစ်သည်။ အကျဉ်းသူများ အလုပ်လုပ်ရခြင်းအတွက် အမျိုးသမီးရောဂါနှင့်ဆိုင်သော ပြဿနာဖြစ်ပွား လာလျှင် အလုပ်စခန်းများအတွင်း အမျိုးသမီးများနှင့် သက်ဆိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိခြင်းကြောင့်ဖြစ်သည်။ အမျိုးသမီးများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကန့်သတ်ထား မှုများသည် ကမာ္ဘ့ကုလသမဂ္ဂ၏ ညှဉ်းပန်း နှိပ်စက်မှုများကို ဆန့်ကျန်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) ကို ချိုးဖောက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် ရှင်သန်မှုကို အန္တရာယ်ရှိခြင်း သို့မဟုတ် ပြင်းထန်သော စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု များကို ခံစားရခြင်းတို့ကြောင့်ဖြစ်သည်။

ကျောက်ထုတ်စခန်းများတွင် အမျိုးသမီး အကျဉ်းသူများအပေါ် သက်ရောက်လျှက်ရှိသည့် ဆိုးရွားသော အလုပ်ကြမ်းများကို အတည်ပြုရန် အချက်အလက်များ လိုအပ်လျှက်ရှိသော်လည်း ယခုလက်ရှိ ရရှိထားသော သတင်းအချက်အလက်များမှ အလုပ် ဒဏ်ကြောင့် သားအိမ်ထိခိုက်၍ ကိုယ်ဝန်ဆောင်ရန် အခက်အခဲများရှိသလို သားသမီးဖြစ်ထွန်းမှုမရှိခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုးဖြစ်သည်။ ထို့ကြောင့် အကျဉ်းသူများ ရင်ဆိုင်နေရသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်ရန် စစ်ဆေးပါရန် AAPP မှ အစိုးရအား တိုက်တွန်း ပါသည်။ ထို့ပြင် ထိုစစ်ဆေးမှုများသည် ထိခိုက်နစ်နာသူများ၏ လိုအပ်ချက်ကို ဦးစားပေးသော CEDAW ၏  ဖော်ပြချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။ ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ကျူးလွန်သူများ ကိုလည်း အရေးယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ထိခိုက်နစ်နာသူ သည် အစားထိုးလျော်ကြေးရရှိရမည်ဖြစ်သည်။

ထို့ကြောင့် AAPP မှ အစိုးရအား အလုပ်စခန်းများကို ဦးစားပေးအနေဖြင့် ပိတ်သိမ်းပါရန် တိုက်တွန်းပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် ဆန္ဒရှိလျှင် အစိုးရသည် အလုပ်စခန်းများရှိသည်ကို ငြင်းဆိုနေမှုအား ရပ်တန့်ရမည်ဖြစ်ပြီး အကျဉ်းသားများ၏ လူ့အခွင့်အရေးများကို ကာကွယ်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အလုပ်စခန်းများထားရှိခြင်းသည် များစွာသော နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ်ကို လျော့ကျစေသည်။ ထို့ပြင် အလုပ်စခန်းများနှင့်ပတ်သက်၍ အတည်ပြုနိုင်သော သတင်းအချက်များ ရရှိခြင်းမရှိခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်သည်၊ အထူးသဖြင့် အမျိုးသမီးအလုပ်စခန်းများနှင့်ပတ်သက်၍ ဖြစ်သည်။ ထို့ကြောင့် အကျဉ်းသားများ၏ အလုပ်အခြေအနေများ၊ နေထိုင်မှုအခြေအနေများ အပြင် ကျန်းမားရေးစောင့်ရှောက်မှု ရရှိခြင်းအခြေအနေများကို သုံးသပ်ရန်၊ စောင့်မတ်ကြည့်ရှုရန်၊ သတင်းယူရန်နှင့် သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကို အလုပ်စခန်း များအတွင်းသို့ ဝင်ရောက်ခွင့်ပြုပါရန် အကျဉ်းဦးစီးဌာနအား တိုက်တွန်းပါသည်။ အလုပ်စခန်းများတွင်း လူ့အခွင့်အရေး ချိုးဖောက် သူများ ပြစ်ဒဏ်မှ ကင်းလွတ်နေသည့်ပြင် လူ့အခွင့်အရေးချိုးဖောက်မှုကိုလည်း အားပေးသကဲ့သို့ ဖြစ်စေသည်။ ထိုအလုပ်စခန်း များကို အသက်မွေးမှုအတတ်သင်စခန်းများဖြစ်သည်ဟု ပြောကြားခြင်းသည် မေးခွန်းထုတ်ဖွယ်ရာဖြစ်နေပါသည်။

အကျဉ်းသားများကို အလုပ်စခန်းများတွင် အလုပ်ကြမ်းများ လုပ်စေရန်အတွက် တရားရုံးများ၏ ဆုံးဖြတ်ချက်များသည် အဓိကကျ သည်။ အကျဉ်းသားများကို အလုပ်ကြမ်းဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းသည် ခေတ်နောက်ကျနေသော အပြစ်ပေးမှုဖြစ်သည်။ နိုင်ငံတကာ စံနှုန်းများတွင် အကျဉ်းသားများ ပြန်လည် ထူထောင်ရေးနှင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ပေါင်းစည်းရေးသည် အရေးကြီး သည်ဟု ဖော်ပြထားသည်။ (အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာရမည့် အနိမ့်ဆုံး စံနှုန်းများ(SMRs) အပိုဒ် ၄၊ အပိုဒ် ၈၈၊ အပိုဒ် ၉၁-၉၄ တို့တွင် ဖတ်ရှုနိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၀၊ အခြေခံဥပဒေသများ အပိုဒ် ၁ဝ တို့တွင်လည်း ဖတ်ရှုနိုင်သည်။) ကမာ္ဘ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီမှလည် အကျဉ်းထောင်စနစ်သည် ဒဏ်ခတ်ထား မှုအဖြစ် မရှိသင့်ဘဲ အကျဉ်းသားများအတွက် ပြန်လည် ပြုပြင် ပြောင်းလဲမှုနှင့် လူမှုရေး ဆိုင်ရာ ပြန်လည်ထူထောင်ရေးအဖြစ် ရှိသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။ မြန်မာနိုင်ငံ၏ စံနှုန်းများသည် ထိုလမ်းညွှန်ချက်များနှင့် ကွဲလွဲဆန့်ကျင်လျှက်ရှိသည်။ ထိုအစား အလုပ်ကြမ်းအပါအဝင် ပြင်းထန်သော အပြစ်ပေးမှုနှင့်အတူ ပြစ်ဒဏ်ချမှတ်မှုကို အသုံးပြုလျှက်ရှိသည်။ ထိုကဲ့သို့ ကျင့်သုံးမှုသည် မည်သည့်တရားသူကြီးတွင်မဆိုရှိရမည့် မှန်ကန်သည့် တရားစီရင်မှုနှင့် မျှတမှုတို့ကို ကျရှုးံစေသည်။  ထို့ကြောင့် ပြစ်ဒဏ်ချမှတ်မှုတွင် အကျဉ်းသားများ၏ လူ့အခွင့်အရေးများကို လေးစား လိုက်နာရန်နှင့် အပြစ်ပေးမည့်အစား ပြည်လည် ထူထောင်ရေးကဲ့သို့ဖြစ်စေရန်အတွက် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပါရန် AAPP မှ တိုက်တွန်းပါသည်။ ထိုပြုပြင်ပြောင်းလဲမှုများသည် အလုပ်စခန်းများအပေါ် အကျိုးသက်ရောက်မှု ရှိရမည်ဖြစ်ပြီး ဒီမိုကရေစီအတွက် တွန်းအားဖြစ်စေရမည်ဖြစ်သည်။

ဇွန်လအတွင်း အနည်းငယ်သော တိုးတက်မှုသည် မြစ်ကြီးနားအကျဉ်းထောင်တွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဆေးခန်းတစ်ခုကို အစိုးရထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆေးခန်းသည် Three Millennium Development Goal Fund (3MDG) အဖွဲ့မှ အကျဉ်းထောင်လေးခုတွင် တည်ဆောက်လျှက်ရှိသည့် ဆေးခန်း လေးခုအနက်မှ တစ်ခုဖြစ်သည်။ ထိုဆေးပေးခန်းများသည် အခြေခံ ကျန်းမာရေးစောင့်ရောက်မှု၊ တီဘီရောဂါနှင့် အခြားရောဂါများအတွက် ရောဂါရှာဖွေရေးနှင့် ကုသရေးကို အဓိက ထားသည်။ အကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတိုးတက်အောင် ကြိုးပမ်းခြင်းကို AAPP မှ ကြိုဆိုပြီး ထိုကိစ္စရပ်ကို AAPP မှလည်း စည်းရုံးလှုံ့ဆော်လျှက်ရှိသည်။ ဇွန်လအတွင်း တခြားတိုးတက်မှုတစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ အင်းစိန်အကျဉ်းထောင်၏ ထောင်ဝင်စာတွေ့သည့် အခန်းကို ပြင်ဆင်ပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အဆင့်မြှင့်တင်ကာ ပြုပြင်ပေးမည့် အဆောက်အအုံသည် လျှပ်စစ်မီးနှင့် လေဝင်လေထွက်၊ လွတ်လပ်မှု ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးမည်ဖြစ်ကာ သန့်စင်ခန်းအသစ်များ၊ ကော်ဖီဆိုင် တစ်ဆိုင်နှင့် ကလေးများအတွက် ကစားကွင်းတစ်ကွင်း တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ AAPP မှ ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုကို ကြိုဆိုသည်။

အကျဉ်းထောင်အခြေအနေများ တိုးတက်စေရန် ကြိုးပမ်းမှုအနည်းငယ်ကို အထက်တွင် ဖော်ပြခဲ့သော်လည်း အကျဉ်းသားများ၏ နေထိုင်မှုအခြေအနေများကို သိသာထင်ရှားသော ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည်။  ထောင်ဝင်စာအခန်းကို ပြုပြင်ခြင်းသည် နိုင်ငံတွင်း အကျဉ်းထောင်အခြေအနေများတိုးတက်ရန် အဓိက အဟန့်အတား တစ်ခုဖြစ်သော အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းကို အနည်းငယ်သာ ကိုင်တွယ်ဆောင်ရွက်နိုင်သည်။ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ဆိုးရွားပြင်းထန်ပါသည်။ ခြုံငုံကြည့်လျှင် အကျဉ်းထောင်များသည် ၃၉ ရာခိုင်နှုန်း လူဦးရေပြည့်ကျပ်နေသည်။ အထူးသဖြင့် အင်းစိန်အကျဉ်းထောင်သည် အကျဉ်းသားဦးရေ စုစုပေါင်း ၅၀၀ဝ ခန့်ကို ထိန်းသိမ်းထားနိုင်သော်လည်း လက်ရှိတွင် အကျဉ်းသားဦးရေ ၁၂၃၉၂ ဦးကို ထိန်းသိမ်းထားနေရသည်။ အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းကြောင့် သန့်ရှင်းမှု နည်းလာခြင်း၊၊ ရောဂါများပျံ့နှံ့ခြင်း၊ စိတ်ကျန်းမာရေးပြဿနာများနှင့် အကြမ်းဖက်မှုများအပါအဝင် များစွာသော ပြဿနာများကို ဖြစ်ပွားစေပါသည်။ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားလာနိုင်ခြင်းကြောင့် အကျဉ်းထောင်အတွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးဖြစ်သည်ဟု AAPP မှ ပြောကြားချင်ပါ သည်။ ထို့ကြောင့် အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းကို လျော့ချရန် တရားစွဲဆိုခြင်းမပြုမီ ထိန်းသိမ်းထားခြင်းကို အဆုံးသတ်ခြင်း၊ အာမခံမပေးသော အမှုများကို လျော့ချခြင်းအပါအဝင် ပြဿနာရပ်များကို လျော့ချရန် တိုက်တွန်းပါသည်။ အထူးသဖြင့် အင်းစိန်အကျဉ်းထောင် ၏ အချက်အလက်များအရ အင်းစိန်အကျဉ်းထောင်တွင် တစ်ပတ်လျှင် ထောင်ဝင်စာ လာရောက်တွေ့ဆုံသူဦး ရေ ၇၀၀ဝ ခန့်ရှိသည်။

ဇွန်လအတွင်းတွင် အကျဉ်းသားများအတွက် ဆေးခန်းအသစ်များမှ အခြေခံကုသမှုများ ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရောဂါ များဖြစ်ပွားမှုကိုမူ ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပါ။ အထူးသဖြင့် တီဘီရောဂါ၊ ဝမ်းရောဂါ ငှက်ဖျားရောဂါ၊ အသည်းရောင် အသည်းဝါရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် ယားနာရောဂါများအပါအဝင် ပျံ့နှံ့နေသော များစွာသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို တားဆီးကာကွယ် ရန်ဖြစ်သည်။ ထို့ပြင် အကျဉ်းသားများအတွက် လုံလောက်သော နေထိုင်မှုပုံစံများရှိလျှင် ထိုကျန်းမာရေးပြဿနာများသည် ဖြစ်ပွားလိမ့် မည်မဟုတ်ပါ။  အထက်တွင် ဖော်ပြထားသော ရောဂါများသည် အကျဉ်းထောင် တွင်း လူဦးရေပြည့်သိပ်ခြင်း၊ သန့်ရှင်းမှုအားနည်းခြင်း၊ သန့်ရှင်းမှု မရှိသောရေနှင့် အာဟာရချို့တဲ့ခြင်းတို့နှင့် တိုက်ရိုက် ဆက်စပ် နေသည်။ (AAPP ၏ ၂၀၀၉ ခုနှစ်၊ အစီရင်ခံစာတွင် ဖတ်ရှုနိုင်သည်)။ ထိုရောဂါများဖြစ်ပွားမှုသည် အမြစ်တွယ် နေသောကြောင့် ထိုကိစ္စရပ်ကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ရန် မရှိမဖြစ် အရေးကြီးပါသည်။ အကျဉ်းထောင်တွင်း လူဦးရေပြည့်ကျပ်နေခြင်းကို ထိန်းချုပ်ခြင်းနှင့်အတူ မိလ္လာသုံးရန်ရေနှင့် သောက်ရေတို့ကို သီးခြားထားရှိခြင်းနှင့် နားနေခန်းများနှင့် ရေချိုးခန်းများကို လုံလောက် စွာထားရှိခြင်း၊ အစားအစာများသည် လုံလောက်သော အာဟာရရှိခြင်းနှင့် အဆောင်တိုက်များကို ပြန်လည် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အကျဉ်းသားများ၏ ကျန်းမာရေးနှင့် လူမှုဖူလုံ ရေးကို ကောင်းမွန်လာစေမည် ဖြစ်သော်လည်း ဇွန်လအတွင်းတွင် အင်းစိန် ဗဟိုအကျဉ်းဦးစီးဌာနမှ အဆောင်တိုက်များကို ပြုပြင်ရန် အစီအစဉ်မရှိသေးပါဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရသည် ပြင်ပမှ ထောက်ပံ့မှုများကို ဆက်လက် မှီခိုနေရခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်သည်။ အကျဉ်းဦးစီးဌာနသည် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် ငွေကြေးမည်မျှ ထားရှိသည်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိပါ။ အကျဉ်းသားများအတွက် လိုအပ်သော အကျဉ်းထောင်စနစ်ကို ပြင်ဆင်ရန် ပံ့ပိုးပေးခြင်းမရှိခြင်းသည် အကျဉ်းထောင်အခြေအနေများ တိုးတက်ရန် အတားအဆီးဖြစ်နေဦးမည်ဖြစ်သည်။ ကန့်သတ်ထားသော ပြုပြင်ပြောင်းလဲမှုများသည် ထိရောက်မှုရှိမည်မဟုတ်သည့်ပြင် မျှတမှုလည်းရှိလိမ့်မည် မဟုတ်ပါ။ လုပ်ဆောင်ချက်တစ်ခုတိုင်းအား လူထုသို့ ရှင်းလင်းစွာချပြ အသိပေးရမည်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်မှ တဆင့် ပွင့်လင်းမြင်သာမှု နည်းနာဟန်ပန်များအတွက် ကြီးမားသော အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။ ထိုအကျိုးကျေးဇူးများသည် အကျဉ်းသားများ၏ အခွင့်အရေးများအား ကာကွယ်ပေးရုံသာမက လုံခြုံသော လူမှုအသိုင်းအဝန်း ပေါ်ထွန်းလာရေး၊ ဆင်းရဲမွဲတေမှု လျော့ချခြင်း၊ လူထုကျန်းမာရေးနှင့် လူ့အသိုင်းအဝန်းများ ပေါင်းစည်းညီညွတ်ရေးအတွက် အကျိုးပြုပါသည်။ ထိုမျှသာမက တရားဥပဒေ စိုးမိုးရေး၊ လူထုယုံကြည်မှု တည်ဆောက်ရေးနှင့် ရေရှည်တွင် တိုင်းပြည် အခွန်ဘဏ္ဍာများ ခြိုးခြံချွေတာမှုအတွက်ပါ အကျိုးပြုနေသည် လည်းဖြစ်ပါသည်။ (AAPP ၏ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလားအလာ အစီရင်ခံစာတွင် ဖတ်ရှုနိုင်ပါသည်)

အကျဉ်းထောင်အခြေအနေများ တိုးတက်ရန် လိုအပ်ဆဲဖြစ်သည့်ပြင် အခြားတစ်ဘက်တွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခများကြောင့် ယင်းဒေသများတွင် နေထိုင်ကြသူများသည် ပဋိပက္ခများ၏ သက်ရောက်မှုများကို တွေ့ကြုံခံစားနေကြရဆဲဖြစ်ပြီး နေ့စဉ် ၎င်းတို့၏ အသက်ရှင်နေထိုင်ခွင့်နှင့် လုံခြုံခွင့်တို့ကို ခြိမ်းခြောက်ခြင်း ခံနေကြရသည်။

  • ရှမ်းပြည်နယ်တွင် ဇွန်လ ၂၈ ရက်နေ့၌ တပ်မတော်၏ တပ်မ ၈၈ မှ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ်ရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားခဲ့ပြီး ဒေသခံ ရွာသူ၊ရွာသား ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ မန်ထန်ကျေးရွာ၌ အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ကိုမျိုးမြင့်ဦး နှင့် ကိုမြင့်မောင်တို့နှစ်ဦးသည် ဒဏ်ရာရရှိခဲ့ သည်။
  • ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၈ ရက်နေ့၌ မြန်မာနယ်ခြားစောင့်တပ်မှ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် ကစား လျှက်ရှိသော အသက် ဆယ်နှစ်အရွယ် ကလေး တစ်ဦးကို ပစ်ခတ်ခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့တွင် မောင်တောမြို့နယ်၌ ခြေမြန်တပ်ရင်း ၅၅၁ မှ ဒုတပ်ရင်းမှူး ဦးစီးသည့် စစ်ကြောင်း (၂) မှ ကင်းလှည့်နေစဉ် ငါးဖမ်းနေသည့် မောင်တောမြို့နယ်၊ ဇော်မတက် ကျေးရွာအုပ်စု၊ ကိုင်းကြီး (ရခိုင်) ကျေးရွာနေ ဦးအောင်လှစိန်ကို ပစ်ခတ်ခဲ့သည်။

အစိုးရ၊ တပ်မတော်တို့သည် လူ့အခွင့်အရေးကို လေးစားလိုက်နာရမည်ဖြစ်သည့်အပြင် ၎င်း၏ နိုင်ငံသားများကို ကာကွယ်ရန် တာဝန်ရှိ သော်လည်း ပျက်ကွက်ဆဲဖြစ်သည်ကို  အထက်ပါ ဖြစ်ရပ်များမှ ဖော်ပြနေသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၃၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၆၊ အပိုဒ် ၉ တို့တွင် အသက်ရှင်နေ ထိုင်ခွင့်နှင့် လုံခြုံခွင့်တို့ကို အကာအကွယ်ပေးထားသည့်အတွက် မြန်မာနိုင်ငံသည် ထိုအခွင့်အရေးများကို ချိုးဖောက်လျှက် ရှိသည်ကို ပြသလျှက်ရှိသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဟု ကြွေးကြော်နေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ကျူးလွန်သူများ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသည့် သဘောသဘာဝ ဆက်လက်ရှိနေဆဲကြောင့်ဖြစ်သည်။ အစိုးရမှ ထိုအခြင်းအရာကို တင်းကျပ်စွာဖြင့် အမြန်ဆုံးကိုင်တွယ် ဆောင်ရွက်ခြင်းမရှိသရွေ့ ထိုချိုးဖောက်မှုများသည် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် (ICCPR) ကို လက်မှတ်ရေးထိုး အတည်ပြုရန် တိုက်တွန်း ပါသည်။   ထိုမျှသာမက ကလေးများပါ ပဋိပက္ခများကြောင့် ထိခိုက်နစ်နာမှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်သော ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခ များတွင်း ကလေးများသည် အပြန်အလှန်ပစ်ခတ်မှုများအပါအဝင် ဖောက်ခွဲပစ္စည်းများ၊ မြေမြှပ်မိုင်းများ၏ ဓားစာခံများအဖြစ် ဆက်လက် ရှိနေပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားသည်ဟု ဖော်ပြထားသည်။ ထို့ပြင် ကမာ္ဘ့ကုလသမဂ္ဂနှင့် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းများကို ကလေးများကို ဆန့်ကျင်သော လူ့အခွင့်အရေး ချိုးဖောက်မှု များအား မှတ်တမ်းပြုခြင်းမှ ဆက်လက် ဟန့်တားလျှက်ရှိသောကြောင့် ထိုချိုးဖောက်မှုများကို အပြည့်အဝသိရှိရန် ဖြစ်နိုင်ခြင်း မရှိပါဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(CRC)ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ သော်လည်း ကလေးများသည် လုံခြုံမှုမရှိဘဲ ပဋိပက္ခအတွင်းကျရောက်နေဆဲဖြစ်သောကြောင့် အစိုးရအနေဖြင့် ထိုအခြင်းအရာကို အမြန်ဆုံးကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ယင်းဒေသများသို့ ဝင်ရောက်ခွင့်ပြုရမည်လည်းဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ်တွင်း အရပ်သားများ ပျောက်ဆုံးမှုများသည် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုအဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ပျောက်ဆုံးမှုများသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အများဆုံး ဖြစ်ပွား လေ့ရှိသည်။

  • ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ညောင်တောကျေးရွာမှ အရပ်သား နှစ်ဦးသည် မေလ ၄ ရက်နေ့ကတည်းက ပျောက်ဆုံး သွားခဲ့သည်။ ၎င်းတို့နှစ်ဦး ပျောက်ဆုံးနေသောနေရာသည် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း (၁၁)ကို ထိုးစစ် ဆင်ခဲ့စဉ် မြန်မာအစိုးရတပ်မှ စစ်အင်အားစုယူသည့် နေရာဖြစ်သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၌ ကချင်စစ်ဘေးရှောင်နှစ်ဦးဖြစ်ကြသော ဦးနခွန်နော်ဆန်းနှင့် ဦးဖေါဂမ်ယော်နှစ်ဦးတို့ကို ဇန်နဝါရီလ အတွင်း  တပ်မတော် ခြေလျင်တပ်ရင်း ခလရ ၃၁၉ မှ ဖမ်းဆီးသွားခဲ့ပြီးနောက် တစ်လကျော်ကြာတွင် ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်း များကို ပြန်လည် တွေ့ရှိခဲ့ခြင်း၊ မတ်လ ၁ဝ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း၊ ဆွမ်ပရာဘွမ်မြို့နယ်၊ လောင်ဝ်ရှယန်းရွာမှ  ကလေး ငါးယောက်၏ ဖခင်ဖြစ်သော ဝါဒူးခွန်အန်းကို တပ်မတော်ခြေလျှင်တပ်ရင်း ခလရ ၄၂၃ မှ ဖမ်းဆီး သွားခဲ့ပြီးနောက် ၎င်း၏သတင်းကို ရရှိတော့ခြင်းမရှိခြင်းစသည့် ဖြစ်ရပ်များကြောင့် ညောင်တောကျေးရွာမှ အရပ်သား နှစ်ဦး၏ အခြေအနေကို သိရှိရခြင်းမရှိသည်မှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်။  Customary International Humanitarian Law တွင်လည်း သဘောတူစာချုပ်များတွင် ပျောက်ဆုံးမှုများအတွက် တိကျစွာ ညွှန်းဆိုထားမှု မရှိသော်လည်း ယင်းအခြင်းအရာသည် နိုင်ငံတကာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့်  လုံခြုံမှုကဲ့သို့သော အခြေခံကျသော အခွင့်အရေးများကို ချိုးဖောက် ခြင်းဖြစ်သည်ဟုလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC)မှ သုံးသပ်ထားသည့်ပြင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံးမှ ရာဇဝတ်မှုတစ်ခုဖြစ်သည်ဟု ပြဋ္ဌာန်း ထားသည်။ ထို့ကြောင့် နိုင်ငံသားများ၏ အခြေခံကျသော အခွင့်အရေးများကို တိုက်ရိုက်ချိုးဖောက်လျှက်ရှိသည့် ပျောက်ဆုံးမှု များကို အမြန်ဆုံး စုံစစ်စစ်ဆေး၍ အရေးယူဆောင်ရွက်ပါရန် AAPP မှ အစိုးရအား အကြံပြု တိုက်တွန်းပါသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ်တောင်မြို့နယ်၊ ကောင်းခါးကျေးရွာရှိ ကချင်ခရစ်ယာန် အဖွဲ့ချုပ်(KBC) ဝန်း အတွင်း သာသနာပြု လုပ်အားပေး ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှုတွင် တပ်မတော်ကို စွပ်စွဲ နေသည့်အတွက် စုံစမ်း စစ်ဆေးကြည့်သည့်အခါ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၏ လက်ချက်ဟု တွေ့ရှိရကြောင်း တပ်မတော်မှ ပြောကြားခဲ့သည်။ သို့သော်လည်း ကျူးလွန်သူ အစစ်အမှန်အား ဖော်ထုတ်နိုင်ခြင်းမရှိသရွေ့ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုစုံစမ်းစစ်ဆေးမှုများသည် ပွင့်လင်းမြင်သာ၍ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် အညီရှိစေရန်မှာလည်း အလွန်အရေးကြီးသည်။ ထို့ကြောင့် တရားဥပဒေရှေ့မှောက်တွင် နစ်နစ်သူများ တရား မျှတမှုရရှိစေရန်၊ ကျူးလွန်သူများ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းမရှိစေရန်အတွက် အစိုးရမှ အမှီအခိုကင်းသော စုံစမ်းစစ်ဆေး မှုများကို အမြန်ဆုံးပြုလုပ်ပါရန် တိုက်တွန်းပါသည်။

တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရချိန်တွင် လယ်ယာမြေအရေးသည်လည်း မြန်မာ နိုင်ငံတွင်း ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ အစိုးရမှ လယ်ယာမြေအရေးကို ကိုင်တွယ်ဆောင်ရွက်လျှက်ရှိသော်လည်း များစွာသော သိမ်းဆည်း လယ်ယာမြေ အရေးသည် လျော့နည်းလာခြင်းမရှိသေးဘဲ ပို၍တိုးလာသည်ကို တွေ့မြင်နိုင်သည်။ စွန့်လွှတ်မြေများကို ပြန်လည်ရရှိမှု မရှိခြင်း၊ တပ်သိမ်းမြေ ပြဿနာများကို ဆက်လက်ရင်ဆိုင်နေကြရခြင်းတို့သည် လယ်သမားများ၏ နေ့စဉ်ဘဝကို များစွာထိခိုက်လျှက်ရှိသည်။ ထို့ပြင် သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများလည်း နိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွားလျှက်ရှိသည်။  အကျိုးဆက်အနေဖြင့် လယ်သမားများနှင့် လယ်ယာမြေအရေး လှုပ်ရှားသူများသည် ဆက်လက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရ ဆဲဖြစ်သည်။ AAPP ၏ မှတ်တမ်းပြုထားချက်အရ ဇွန်လထိတိုင် လယ်သမားစုစုပေါင်း ၁၀၁ ဦးသည် ထောင်တွင်းနှင့် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး လယ်သမား သုံးဦးသည် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရခြင်း

ဇွန်လ ၁၃ ရက်နေ့တွင် မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရန် တောင်းဆို ဆန္ဒပြခဲ့သည့် တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးမောင်စိုး နှင့် တောင်သူနှစ်ဦးဖြစ်သော ဦးသန်းလွင်၊ ဦးရဲရင့်အောင်တို့သည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် ထောင်ဒဏ်တစ်လစီ ချမှတ်ခြင်းခံခဲ့ရသည်။ 

သိမ်းဆည်းလယ်ယာမြေပြဿနာများ

  • ဇွန်လ ၁ဝ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ရွာမှ ဒေသခံ ၃၀ဝ ကျော်သည်  ဒေသခံရွာသားများ၏ မြေယာများကို ဖွံဖြိုး ရေးစီမံကိန်းအတွက် သိမ်းဆည်းခဲ့ခြင်းကို ပြန်လည် ရရှိရန်အတွက် စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြသည်။
  • သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ပေးအပ်ရန်နှင့် လယ်ယာမြေဥပဒေကို ပြင်ဆင်ပေးရန် ဇွန်လ ၃ဝ ရက်နေ့မှ စတင်၍ လယ်သမား ၁၀ဝ ခန့်နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို) တို့သည် ကော့မှူးမြို့နယ်မှ ရန်ကုန်မြို့ထိ ဆန္ဒထုတ်ဖော်ခဲ့ သည်။

တပ်သိမ်းမြေပြဿနာများ

  • ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာရှိ  ဒေသခံများပိုင်ဆိုင်သည့် ယာမြေများကို ခမရ ၅၀၁ တပ်မှသိမ်းယူပြီး ခြံစည်းရိုးခတ်ထားသည့်အတွက် ဒေသခံများသည် လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်လျှက်ရှိသည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ တောင်သူလေးဦးသည် တပ်မတော် ခမရ (၄၂၁)မှ သိမ်းယူထားသော ၎င်းတို့၏ ယာမြေများပေါ်တွင် ဆက်လက်ထွန်ယက်စိုက်ပျိုးခြင်းမပြုရန် တားမြစ်ခြင်းခံခဲ့ရသည့်အတွက် တောင်သူများ အခက်အခဲ ဖြစ်ပေါ် လျှက်ရှိသည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာအနီးရှိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် လယ်ယာ ခင်းများကို တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်ကာရံပြီး လုပ်ကိုင်ခွင့်မပြုသည့်အပေါ် ဇွန်လ ၃ဝ ရက်နေ့တွင် ကလေးမြို့၌ ဒေသခံ ၇ဝ ကျော်မှ  ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့ပြင် ဇွန်လ ၂ဝ ရက်နေ့၌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်မှ တပ်မတော်မှ သိမ်းယူခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာ အုပ်စု နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တို့ရှိ လယ်ယာဥယျာဉ်ခြံမြေများကို မူလပိုင်ရှင်များ ထံသို့ ပြန်လည်လွှဲပေးအပ်ရန် အစီအစဉ် မရှိပါဟု ပြောကြားခဲ့သည်။ ထို့ပြင် တပ်မတော်မှ ဒေသခံများကို လျော်ကြေးပေးရန်လည်း ငြင်းဆိုခဲ့သည်။ ၂၀၁၂ လယ်ယာမြေဥပဒေတွင် မူလ လယ်ယာမြေပို်င်ဆိုင်ခွင့်ရရှိထားသူ ဆောင်ရွက် ထားသည့်ကိစ္စရပ်များအတွက် နစ်နာမှုလုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာကပြုလုပ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို စီမံဆောင်ရွက်ရမည် ဟုဖော်ပြထားသည်။ ထို့ကြောင့် လျော်ကြေး ပေးခြင်းမရှိခြင်း သို့မဟုတ် အနည်းငယ်သော လျော်ကြေးပေးခြင်းတို့သည် ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ကွဲလွဲ ဆန့်ကျင်လျှက်ရှိသည်။ ထို့ကြောင့် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်နေဆဲ ဖြစ်သည့်ပြင် နိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကို နှောင့်နှေးစေသည့် သိမ်းဆည်းလယ်ယာမြေနှင့် တပ်သိမ်းမြေပြဿနာကို အစိုးရမှ အမြန်ဆုံး စိစစ်၍ နစ်နာသူ လယ်သမားများအတွက် တရား မျှတမှုကို ရှာဖွေပေးရန် အကြံပြုပါသည်။ ထို့ပြင် ဇွန်လ ၂ရ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအား ပြန်လည် စိစစ်ရာ၌ လိုအပ်သည်ထက် အချိန်ဆွဲ ဖြေရှင်းခြင်းမပြုလုပ်ရန်ဆိုသည့် ထုတ်ပြန်ချက်အတိုင်း သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ အစိုးရသည် ထိုအရေးကို ဖြေရှင်းရန် နှောင့်နှေးကြန့်ကြာနေသရွေ့   ပဋိပက္ခများသည် ဆက်လက်၍ မြင့်တက်လာနေဦးမည်ဖြစ်သည်။

ဇွန်လအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အခြေအနေများ ဆက်လက် ဆိုးရွားဆဲဖြစ်ခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဦးတိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး + ၉၅(၀) ၉၄၂၅၃ဝ ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက် ဒေါင်းလော့ရယူရန် June Burmese MiR (Edited)2018

တလအတွင်း သတင်းများစုစည်းမှု June Chronology Template bur

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 39 Remaining PP list Updated On June 30, 2018 Burmese

အမှုရင်ဆိုင်နေရဆဲစာရင်း 206 facing trial list updated on June 30, 2018 (Updated)

၆၆ (ဃ) အမှုနှင့်ပြုစုထားသည့်စာရင်း 66 (D) total list(new) Updated