ဇန်နဝါရီလအတွက်လစဉ်အစီရင်ခံစာထုတ်ပြန်ချက်နှင့်လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

cover jan bur

တစ်လအတွင်းသုံးသပ်ချက်

ဇန်နဝါရီလအတွင်းတွင် စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၁၅၃ တို့ဖြင့် နှစ်ဦး၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် ကိုးဦးတို့ဖြစ်ကြပြီး ထိုကိုးဦးထဲမှ တစ်ဦးသည် နိုင်ငံ တော် အလံ အက်ဥပဒေ ပုဒ်မ ၆ ဖြင့်ပါ အမှုဖွင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဇန်နဝါရီလအတွင်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေဖြင့် နှစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၁၅၃ တို့ဖြင့် ခြောက်ဦး၊ ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ငါးဦးတို့အပါအဝင် ၁၃ ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၃ ဦးထဲမှ တစ်ဦးသည် နိုင်ငံ တော်အလံ အက်ဥပဒေ ပုဒ်မ ၆ ဖြင့်လည်း တရားစွဲဆိုခြင်း ခံထားရသည်။ ဇန်နဝါရီလတွင်း  ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွ လှုပ်ရှားသူ ရှစ်ဦး  ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဇန်နဝါရီလအတွင်း စုစုပေါင်း ၁၃ ဦး လွတ်မြောက်ခဲ့သည်။ ၎င်းတို့မှာ မတရားအသင်း အက်ဥပဒေ၊ ၁၇(၁) ဖြင့်  ငါးဦးနှင့်  ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ရှစ်ဦးတို့ ဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသား ခုနှစ်ဦးဖြစ်သော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေး၊ ရှေ့နေတစ်ဦးဖြစ်သူ ဦးဇော်ဝင်းနှင့် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးတို့မှာ ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

လွတ်လပ်စွာ စုဝေးခွင့်ကို အသုံးပြု၍ ဆန္ဒထုတ်ဖော်သူ များအား အစိုးရမှ ဖြိုခွင်းမှုများ ပို၍ တိုးလာသည်ကို ဇန်နဝါရီလအတွင်းတွင် AAPP မှ မှတ်တမ်းပြုခဲ့ပါသည်။ လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန်၊ အကျင့်ပျက် ဝန်ထမ်းများကို ထိရောက်စွာ အရေးယူပေးရန် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဦးဆောင် ဆန္ဒပြခဲ့ခြင်းအတွက် ၈၈ ကရင် မျိုးဆက် ကျောင်းသားများ လူမှုဖွံ့ဖြိုးအသင်း ဥက္ကဌ ဦးစောမောင်ကြီးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခြင်း ခံခဲ့ရသည်။ ကရင်နီပြည် တိုးတက်ရေး ပါတီ (KNPP) ၏ တပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တစ်ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသည့်အတွက် ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်နီ လူငယ် ငါးဦးသည် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ကြသောကြောင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ၎င်းတို့သည် ချုပ်ရက်အပါအဝင် ထောင်ဒဏ် ရက် နှစ်ဆယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ကို ချိုးဖောက်ခြင်းဖြစ်သည်။ ပြစ်ဒဏ်များကို ထမ်းဆောင် ခဲ့ပြီးနောက် ၎င်းတို့သည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လွိုင်ကော် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဆန္ဒပြသူများ၏ ဖွင့်ဟ ပြောဆိုမှုများကို ပို၍ ရပ်တန့်သွားစေရန် နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ရန် ကြိုးပမ်းသောအားဖြင့် အာဏာပိုင်များမှ ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား၌ ကရင်နီ လူငယ် ငါးဦးကို ထောင်ဒဏ် ရက် ၂ဝ ချမှတ်ခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း   လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သူများအား တားမြစ်ခဲ့သည်။ ကယားပြည်နယ် တွင် ဆန္ဒပြသူများ၏ အခွင့်အရေးများကို ရုပ်သိမ်းရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ကရင်နီ လူငယ် ငါးဦးအား ဇန်နဝါရီလ ၅ ရက်နေ့ ရုံးထုတ်ရာ၌ လူ ၁၀၀ဝ ခန့်ကို ဦးဆောင်ကာ  ဝန်းရံခဲ့ကြသော ကရင်နီ လူငယ် သုံးဦးကို ဖမ်းဆီးခဲ့သည်။ ထိုကရင်နီ လူငယ် သုံးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ဖမ်းဆီး၊ထိန်းသိမ်းထားခြင်း ခဲ့ခဲ့ရသည်။ သို့သော်လည်း ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားသူကြီးမှ ၎င်းတို့အား စွဲဆိုထား သော စွဲချက်များကို ရုပ်သိမ်းပေးခဲ့သည်။ ထိုဖမ်းဆီးမှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသော လူတိုင်း သတင်းအချက်အလက်များကို ဖြန့်ဖြူးခွင့်၊ UDHR ပုဒ်မ ၂ဝ နှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCP)၊ ပုဒ်မ ၂၁ တို့တွင် ပြဋ္ဌာန်းထားသော ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိရမည်ကို ချိုးဖောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမာ္ဘ့ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သောကြောင့် နိုင်ငံတကာ စည်းမျဉ်းများကို လိုက်နာရန် တာဝန်ရှိသည်။ ထိုမျှသာမက စစ်တပ်နှင့် ဆက်နွယ်လျှက်ရှိသော အမှုများတွင် အာဏာပိုင်များမှ တက်ကြွ လှုပ်ရှားသူများကို မြန်ဆန်စွာ ဖမ်းဆီးခြင်း၊ ၎င်းတို့၏ ထုတ်ဖော်မှုများကို ဖိနှိပ်ခြင်းတို့သည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်သည်။ ထိုအခြင်းအရာသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားထုတ် ကြိုးပမ်းမှုကို ထိခိုက်မှု ဖြစ်စေသည်။ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး အတိုက်အခံများ၏ ထုတ်ဖော် ပြောဆိုမှုများ ကို ဖိနှိပ်ရန်နှင့် တရားစီရင်ရေးအပေါ် ယုံကြည်မှု လျော့နည်းလာစေရန် ထိုဥပဒေကို ဆက်လက် အသုံးပြုလျှက်ရှိသည်။ ထို့ကြောင့် ရှင်းလင်း တိကျမှုမရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများကို ရပ်တန့်ပါရန် AAPP မှ အာဏာပိုင်များအား တိုက်တွန်းပါသည်။ ထို့ပြင် ထိုဥပဒေဖြင့် များစွာသော ဖမ်းဆီးမှုများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် ထိုဥပဒေအား ပြန်လည်၍ သုံးသပ်ပေးပါရန် တိုက်တွန်းပါသည်။ ဒီမိုကရေ ဆီသို့ ရှေ့ဆက်နိုင်စေရန်အတွက် တရားစွဲဆိုမှုများကို ကြောက်ရွံ့ရန်မလိုသည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ကို ကာကွယ်ပေးမည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေကို ပြန်လည် ရေးဆွဲရမည်ဖြစ်သည်။

ကရင်နီပြည်တွင် ဆန္ဒပြသူများ၏ လွတ်လပ်စွာ စုဝေးခွင့်ကို ဖိနှိပ်ခြင်းအပြင် ရခိုင်ပြည်နယ်တွင်လည်း လွတ်လပ်စွာ စုဝေးခွင့်ကို ကန့်သတ်ထားဆဲဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြောက်ဦး နန်းတော်ရာကုန်းပေါ်တွင် ကျင်းပရန် စီစဉ်ထားသော ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းနားကို အာဏာပိုင်များမှ တားမြစ်ခဲ့ခြင်းအတွက် ဒေသခံများမှ လမ်းလျှောက်ဆန္ဒပြရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုကြောင့် အရပ်သား ခုနှစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ နှစ်ဘက်လုံး မှားယွင်းသည်ဟု ပြောကြားခဲ့သည်။ ထိုပဋိပက္ခနှင့် ဆက်နွယ်၍ ရခိုင် လူငယ် ငါးဦးသည် အာဏာပိုင်များထံမှ ခွင့်ပြုချက်မယူဘဲ ဇန်နဝါရီလ ၁ရ ရက်နေ့တွင် ဆန္ဒပြခဲ့ခြင်းအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ သုံးသောင်းကျပ် ပေးဆောင်စေရန် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းတို့အား တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေတွင်  အားနည်းချက်များရှိနေသည်ကို ပြသနေပြီး ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် နှောင့်နှေးမှုမရှိဘဲ အချိန်မီ ငြိမ်းချမ်းစွာ တုံ့ပြန်ရန် နိုင်ငံသားများကို ခွင့်ပြုရမည်ဖြစ်သည်။ ထိုဥပဒေတွင် တိကျသော ပြဋ္ဌာန်းမှုများသည် နိုင်ငံသားများအား အချိန်မီ တုံ့ပြန် ဆန္ဒပြရန် တားဆီးလျက်ရှိသည်။ နိုင်ငံတကာ စည်းမျဉ်းများ၊ သဘောတူ စာချုပ်များတွင် ပြဋ္ဌာန်းထားသော  အခွင့်အရေးများကို ကျင့်သုံးလျှက်ရှိသော နိုင်ငံသားများကို ထိခိုက်စေရန် ထိုဥပဒေကို အသုံးပြုနေခြင်းအား ရပ်တန့်စေရန်အတွက် ထိုဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။

ထိုကဲ့သို့ တရားစွဲဆိုနေမှုများအပြင် အာဏာပိုင်များမှ မြောက်ဦးပဋိပက္ခအတွင်း ဒဏ်ရာရရှိခဲ့သောကြောင့် စစ်တွေ ဆေးရုံတွင် တက် ရောက် ဆေးကုသမှုခံယူနေသော အမျိုးသား ရှစ်ဦးကို ဖမ်းဆီး၍ ဆေးရုံ၏ အချုပ်သားများ ထားရှိသော အဆောင်တွင် ချုပ်နှောင်ထားပြီး စစ်ဆေးလျှက်ရှိသည်။ ထိုအခြင်းအရာသည် လူတိုင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟူသော နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR)၊ ပုဒ်မ ၁၂ နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း၊ ပုဒ်မ ၁၃ တို့ကို ချိုးဖောက်ခြင်းဖြစ်ရှိပြီး တရားစွဲဆိုခံရခြင်းမပြုမီ ထိန်းသိမ်းထားခြင်းဖြစ်သည်။ ဆေးကုသမှု ခံယူနေစဉ်အတွင်း ထိုလူငယ်များကို လက်ထိတ်၊ ခြေထိတ်များ ခတ်ထားခြင်းသည် ကျန်းမာရေး စောင့်ရှောက်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သည်သာမက ၎င်းတို့၏ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ကိုလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ပြင် ကမာ္ဘ့ ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံပုံ အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMRs) တွင် ပြဋ္ဌာန်းထားသည်များကို ဆန့်ကျင်ခြင်းဖြစ်သည်။ AAPP မှ အစိုးရအား ဖမ်းဆီးမှုများကို နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ပါရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) ပုဒ်မ ၁၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR)၊ ပုဒ်မ ၁၀၊ ကမာ္ဘ့ ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှု ဆက်ဆံပုံ အနိမ့်ဆုံး စံချိန်၊ စံညွှန်းများ (SMRs)၊ ပုဒ်မ  ၆ဝ တို့တွင် ဖော်ပြထားသော လူတိုင်း တူညီသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိရမည်ကို လေးစား လိုက်နာပါရန် တိုက်တွန်းပါသည်။

အစိုးရသစ် စတင် တာဝန်ထမ်းဆောင်ကတည်းက ကျောင်းသားများ၏ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှုသည် ဇန်နဝါရီလ အတွင်းတွင် စတင် ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABFSU) မှ ထိုဆန္ဒထုတ်ဖော်မှုကို ဦးဆောင် ခဲ့ပြီး ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရန်၊ ကျောင်းတွင်းအဆောင်များ ဆောက်လုပ်ပေးရန်နှင့် ကျောင်းတွင်း သင်ထောက်ကူ ပစ္စည်း လုံလောက်စေရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။  ကာကွယ်ရေး အသုံးစရိတ်သည် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းထက် များပြားနေသောကြောင့် ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်။ ထိုတောင်းဆိုချက် များကို လိုက်လျောခြင်းမပြုပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကျောင်းသားများမှ ခြိမ်းခြောက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အာဏာပိုင်များမှ ကျောင်းသား ၇၂ ဦးကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့သည် ချက်ချင်း ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူ ၅၆ ဦးသည် ကျောင်း စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ခြင်း၊ စာသင်ခန်းအတွင်း ကောင်းစွာ ပြုမှု နေထိုင်မှု မရှိခြင်းနှင့် ဆရာ၊ ဆရာမများ၏ စကားကို လိုက်နာမှု မရှိခြင်းတို့ကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ကျောင်းသားများ ကျောင်းထုတ်ခြင်း ခံခဲ့ရသည်ကို တုံ့ပြန်သောအားဖြင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြခဲ့ကြသည်။ ကျောင်းသားများ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းအတွက် တက္ကသိုလ် အာဏာပိုင်များမှ ကျောင်းသားများ၏ ပညာရေးကို အဆုံးသတ်ခဲ့ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပါ။ နိုင်ငံတကာ ကျင့်ထုံးများ၊ စည်းမျဉ်း စည်းကမ်းများတွင် ဆန္ဒပြခွင့်ကို ကာကွယ်မှုပေးထားပြီး ကျောင်းသားများကို လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယူဆခွင့်နှင့် စုဝေးခွင့်များရှိသော ပို၍ အဆင့် မြင့်သည့် ပညာရေးကို ဖွဲ့စည်းရန်  ခွင့်ပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်များ နိုင်ငံတကာ အဆင့်နှင့် ယှဉ်နိုင်စေရန်အတွက် သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော ပစ္စည်းများကို ပံ့ပိုး နိုင်ရန် အစိုးရမှ ကျောင်းသားများနှင့် ညှိနှိုင်းရန် ဆန္ဒရှိရမည်ဖြစ်သည်။ ထိုဆန္ဒပြမှုအား ကိုင်တွယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ AAPP မှ ရှုတ်ချပါသည်။  NLD ပါတီဝင်များစွာသည် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ကြပြီး ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုဖြစ်သော သမိုင်းဝင် ၁၉၈၈ အရေးအခင်းကြောင့် NLD ပါတီ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အတွက်ကြောင့် NLD ပါတီ ဖြစ်ပေါ် တည်ရှိလာသည်ကို ဂရုပြုသင့်ပါသည်။ AAPP မှ ကျောင်းသားများ ၎င်းတို့၏ အခွင့်အရေးများကို ကျင့်သုံးခြင်းအတွက် ကြိုဆိုပြီး ကျောင်းသားများ၏ ရည်မှန်းချက်များ ရရှိစေရန် အထောက်အကူပြုမည့် သဘောတူညီချက်အတွက် အာဏာပိုင်များနှင့် ကျောင်းသားများကြား ညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းပါသည်။

ဇန်နဝါရီလအတွင်းတွင်လည်း AAPP မှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ် ကန့်သတ်ထားသော အမှုများကို ဆက်လက် မှတ်တမ်း ပြုလျှက် ရှိသည်။ ဇန်နဝါရီလ တစ်လျှောက်လုံးတွင် များစွာသော အမှုများမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်မှုများ မြင့်တက်ခဲ့သည်ကို ပြသခဲ့သည်။ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖြစ်ကြသော ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၁၉၂၃ နိုင်ငံတော် အစိုးရ လျှို့ ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရသည်။ AAPP အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ (CSOs)၊ နိုင်ငံတကာမှ အစိုးရများနှင့် ကမာ္ဘ့ကုလသမဂ္ဂတို့မှ ၎င်းတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ၎င်းတို့သည် ဆက်လက် ထိန်းသိမ်းထားခြင်း ခံနေကြရဆဲဖြစ်သည်။ ဒီဇင်ဘာလ အစီရင်ခံစာတွင် ဖော်ပြခဲ့သည့်အတိုင်း ၎င်းတို့အား ဖမ်းဆီးထားခြင်းနှင့် ထိန်းသိမ်းထား ခြင်းသည် မတရား ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းထားခြင်းမှ ကာကွယ်မှုပေးထားသော နိုင်ငံတကာ စည်းမျဉ်းများနှင့် ကွဲလွဲလျှက်ရှိပြီး နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် (ICCPR) ပုဒ်မ ၉၊ ပုဒ်မ ၁၉(၂) တို့နှင့်လည်း ဆန့်ကျင်လျှက် ရှိသည်။ ထိုမျှသာမက သတင်းထောက်များအား ဖမ်းဆီး ခြင်းနှင့် စနစ်ကျစွာ တရားစွဲဆိုခြင်းသည် နိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ပျက်စီးစေသည်။ ဒီမိုကရေစီတွင် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် တရားစီရင်ရေး၏ လွတ်လပ်မှုသည် အဓိကကျသော အခန်းကဏ္ဍ တစ်ခုဖြစ်သည့်အတွက် တရားရုံးများအပေါ် ယုံကြည်မှုကို ကျဆင်းစေပါသည်။ AAPP မှ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို စွဲဆိုထားသော စွဲချက်များကို အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် ၎င်းတို့အား အမြန်ဆုံး လွှတ်ပေးပါရန် တောင်းဆို ပါသည်။

ဇန်နဝါရီလအတွင်း ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးသာ ဖိနှိပ်မှု၊ကန့်သတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရ သည်မဟုတ်ပါ။ ထင်ရှားသော လက်နက်မှု တစ်မှုတွင် သတင်းထောက်များသည် တရားခွင် အတွင်းသို့ ဝင်ရောက် သတင်းယူရန် ငြင်းပယ်ခြင်းခံခဲ့ရသည်။ မီဒီယာများအတွက် ၂၀၁၄ ခုနှစ် သတင်း မီဒီယာ ဥပဒေ၊ ပုဒ်မ ၄(ဃ)၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ လက်စွဲ စာအုပ်တို့တွင် သတင်းထောက်များကို တရားရုံးများအတွင်းသို့ သတင်းယူရန် ခွင့်ပြုထားသည်။ ယခင်က ၎င်းတို့သည် တရားရုံးတွင် မှတ်ပုံတင်ခဲ့ရပြီး ဝင်ခွင့်ကတ်များ ရရှိခဲ့သော်လည်း သတင်းယူရန် တားဆီးခြင်းခံခဲ့ရသည်။ ထိုအခြင်းအရာမှ နိုင်ငံတကာ စည်းမျဉ်းများအပြင် ပြည်တွင်း ဥပဒေကို ချိုးဖောက်လျှက်ရှိသည်ကို ပြသလျှက်ရှိသည်။ ထို့ပြင် ကြီးမားသော ကန့်သတ်မှုများဖြစ်သည့် သတင်းသမားများ လွှတ်တော်အတွင်း သတင်း ရယူနိုင်မှု မရှိခြင်းနှင့် တရားရုံးများတွင် လွတ်လပ်စွာ သတင်း ယူခွင့်နည်းပါးခြင်း၊ ဖြေကြားပေးမည့် တာဝန်ရှိသူများ နည်းပါးခြင်းတို့ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်နေခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို သတင်းရေးသားရန် အခက် အခဲ ဖြစ်စေပါသည်။  ပြည်တွင်း ဥပဒေများနှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ စာချုုပ်၊ ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ သတင်းသမားများအား ကန့်သတ်မှုများမရှိဘဲ လွှတ်တော် အစည်းအဝေးများအတွင်း သတင်းယူခွင့်နှင့် တရားခွင်အတွင်း သတင်းယူခွင့် ပြုပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ နိုင်ငံတွင်း လွတ်လပ်စွာ သတင်း စီးဆင်းမှုကို အားပေး မြှင့်တင်ရန်အတွက် သတင်းသမားများကို မှန်ကန်သော သတင်းအချက် အလက်များ ရရှိရန် ခွင့်ပြုရမည်ဖြစ်သည်။ ၂၀၁ရ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် ရမှတ်တွင် မြန်မာနိုင်ငံသည် စာနယ်ဇင်း လွတ်လပ်ခွင့်မရှိဟု Freedom House မှ ဖော်ပြထားသည်။ AAPP မှ မြန်မာနိုင်ငံတွင်း စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသည်ကို လက်ခံပြီး စာနယ်ဇင်း လွတ်လပ်ခွင့်မရှိခြင်းသည် နိုင်ငံတွင်း သတင်းသမားများ ဖမ်းဆီး၊ တရားစွဲဆိုခံနေရခြင်းများ ဆက်လက် ရှိနေသောကြောင့် ဖြစ်သည်။

သတင်းသမားများ ဖိနှိပ်မှုများနှင့်ရင်ဆိုင်နေရသည့်အပြင် နိုင်ငံသားများသည်လည်း တင်းကျပ်သော သရေဖျက်မှု ဥပဒေများဖြင့် ဖိနှိပ်ခြင်း ခံနေကြရဆဲဖြစ်သည်။ သို့သော်လည်း  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေဖြင့် နိုင်ငံသားများအား တရားစွဲဆိုမှုများ စတင်လာခြင်းသည် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ ၂၀၁ရ ခုနှစ်၊ မတ်လတွင် ထိုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရန်ဖြစ်သည်။ သို့သော်လည်း ထိုဥပဒေ၏ ပုဒ်မ ၈(စ) သည် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ဆောင်ရွက်ခြင်း မပြုရ ဆိုသည်ကို ရာဇဝတ်မှုမြောက်စေပြီး ထိုဥပဒေသည် ဝေဖန် သူများကို ဖိနှိပ်ရန် လက်နယ်သဖွယ် ဖြစ်လာပါသည်။  ဇန်နဝါရီလအတွင်းတွင် ပုဒ်မ ၈(စ) ဖြင့် အမှုဖွင့် ခံထားရသူ နှစ် ဦးရှိပြီး တစ်ဦးသည် ထိုဥပဒေ၏ ပုဒ်မ ၈ ကို ရည်ညွန်းသော ပုဒ်မ ၁ဝ ဖြင့် အမှုဖွင့်ခြင်း ခံခဲ့ရသည်။ မွန်ပြည်နယ်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအေးဇော်ကို လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ခဲ့ခြင်းအတွက် ဦးအောင်ကိုကိုလွင်ကို မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများရေးရာ ကော်မတီ အဖွဲ့ဝင် ဦးစောကျော်မိုးမှ တရားစွဲဆို ခဲ့သည်။ စွဲချက်တင်ခံရလျှင် ဦးအောင်ကိုကိုလွင်သည် သုံးနှစ် အထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး ဒဏ်ငွေ ၁၅ သိန်းကျပ်အထိ ပေးဆောင် ရနိုင်သည်။ မကွေးတိုင်းအတွင်းတွင်လည်း မကွေးမြို့နယ် စည်ပင်သာသာယာ ကော်မတီတွင် မြေတိုင်း ၃ တာဝန် ထမ်းဆောင် နေသူ ဦးမျိုးအောင်သည် မြို့နယ် စည်ပင်သာယာ ရေးကော်မတီ အဖွဲ့ဝင်များကို လူမှုကွန်ရက် စာမျက်နှာ၌ ၂၀၁ရ ခုနှစ် ဇူလိုင်လနှင့် နိုဝင်ဘာလတို့တွင် ဝေဖန်ရေးသားခဲ့ခြင်း အတွက် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထို့ပြင် ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခြင်းခံရမှုအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်သော တရားခွင် ကြားနာ စစ်ဆေးမှု ပြီးဆုံးပြီးနောက် တရားခံများ မှ ပြောကြားသည်ဟူသော စကားနှင့် ပတ်သက်၍ တရားခံများမှ တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် သက်သေ ကိုအောင်စိုးတို့ကို ထိုဥပဒေဖြင့် တရားစွဲဆိုမည်ဟု ပြောကြားခဲ့သည်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ သို့မဟုတ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှုများ ရှိခဲ့ပြီး ရာနှုန်းပြည့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုများ ရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများဖြစ်ပွား နေခြင်းသည် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)အား နိုင်ငံတကာမှ ကန့်ကွက်မှုများရှိခြင်းကြောင့် အစိုးရမှ အသရေဖျက်ခြင်းကို ပြောင်းလဲ၍ တရားစွဲဆိုခြင်းဖြစ် သည်။ ထို့ကြောင့် AAPP မှ အစိုးရအား အသရေဖျက်မှုအား ရာဇဝတ်မှုမြောက်စေခြင်း မရှိစေရန်နှင့် အစိုးရအား ဝေဖန်ခြင်း အတွက် နိုင်ငံသားများကို တရားစွဲဆိုခြင်းမပြုရန် တိုက်တွန်းပါသည်။

ဇန်နဝါရီလအတွင်းတွင် အစိုးရမှ ထင်ရှားသော အမှုနှစ်မှုတွင် ပါဝင်သော ဥပဒေများနှင့်ပတ်သက်ပြီး လူထုအတွင်းသို့ သတင်း အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။ ရိုက်တာ သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို တရားစွဲဆိုပြီးနောက်၊ မြောက်ဦး ဆန္ဒပြမှုနှင့် ဆက်နွယ်သူများကို ဖမ်းဆီးခဲ့ပြီးနောက် The Global New Light of Myanmar သတင်းစာ မှ ၎င်းတို့၏ အာဘော်ကို ရေးသားခဲ့ပြီး နိုင်ငံအတွက် ထိုဥပဒေများ၏ အရေးပါပုံကို ရှင်းလင်းခဲ့သည်။ ထိုဥပဒေ များသည် ၁၉၂၃ ခုနှစ်၊ နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် များ အက်ဥပဒေ၊ နိုင်ငံတော် သစ္စာဖောက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ နှင့် မတရားအသင်းအက်ဥပဒေတို့ဖြစ်ကြသည်။ ထိုအာဘော်များမှ အစိုးရအား ဝေဖန်သူများ တရားစွဲဆိုခံရနိုင်သည်ကို ပြသနေပြီး အုပ်ချုပ်ရေးဌာန၏ အမှီအခိုကင်းသော တရားစီရင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ ၂၀၁၆ ခုနှစ်တွင် အစိုးရမှ အာဏာလွှဲပြောင်းရယူခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းတွင် ဒီမိုကရေစီလှိုင်းသစ်ဖြင့် ကဏ္ဍတစ်ရပ် ဖွင့်လှစ် ပေးသည်ဟု ထင်ရဟန် ရှိ၍ AAPP မှ အစိုးရအား တရားစီရင်ရေးသည် တစ်ခုတည်းသော ဥပဒေများကို ကျင့်သုံးနေသည့် ဌာနဖြစ် သည့်အတွက် အမှီအခိုကင်း၍ လွတ်လပ်သော တရားရုံးများဖြစ်စေရန် တိုက်တွန်းပါသည်။

ထို့အပြင် ဇန်နဝါရီလတွင် အစိုးရမှ လူငယ်ရေးရာ မူဝါဒကို တရားဝင် မိတ်ဆက် ဖြန့်ချီခဲ့သော်လည်း ဇန်နဝါရီလအတွင်းတွင်ပင် လူငယ်များသည် တရားစွဲဆိုခံနေရမှုများကို ရင်ဆိုင်နေကြရသည်ကို AAPP မှ လေ့လာ တွေ့ရှိခဲ့သည်။ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံသည် လူငယ် လူဦးရေဖြစ်ပြီး ထိုလူငယ်မူဝါဒသည် လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အလုပ် အကိုင် အခွင့် အလမ်းများ၊ စီးပွားရေး၊ နိုင်ငံရေး ဆိုင်ရာ သုတေသန၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု စသည့် အခန်းကဏ္ဍများကို အဓိကထားသည်။ လူငယ်မူဝါဒ ထွက်ရှိပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျောင်းသား၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်း၊ ကွန်ရက် ၁၁၃ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ထောက်ခံသူ ခြောက်ဦးတို့မှ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကရင်နီ လူငယ်များနှင့် ရိုက်တာ သတင်းထောက်များ ဖမ်းဆီး တရားစွဲဆိုခံနေရခြင်းများအပါအဝင် မြန်မာနိုင်ငံအတွင်း လူငယ်များ မတရား ဖမ်းဆီး၊ အကျဉ်းချ၊ တရားစွဲဆို ခံနေရမှုများအပေါ် ကန့်ကွက်ခဲ့ကြပြီး ၎င်းတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ထိုအမှုများအပြင် ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး၏ အမှုအား ရုပ်သိမ်းပေးရန် တောင်းဆိုလျှက် ရှိသော်လည်း ဇန်နဝါရီလအတွင်းတွင် ကိုအောင်ကိုထွေးသည် စွဲချက်တင်အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုမျှသာမက ဇန်နဝါရီလ အတွင်းတွင် တက္ကသိုလ်ကျောင်းသားများသည် ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ နိုင်ငံ၏ ဥပဒေရေးရာ စနစ်သည် လူငယ်များအပေါ်လွန်စွာ ထိခိုက်လျှက်ရှိသည်ကို ထိုအမှုများမှ ထင်ရှားစွာ ပြသလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်အတွက် တိုက်ပွဲဝင်လျှက်ရှိကြသော၊ နိုင်ငံရေး လှုပ်ရှားမှုနှင့် ယုံကြည်မှုတို့အတွက် ဖိနှိပ်ခြင်း ခံနေကြရသော လူငယ် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ ဘက်မှ AAPP မှ ရပ်တည် ပါသည်။  ထို့ပြင် အကျဉ်းကျခံနေရသော လူငယ်များအပါအဝင် လူငယ် အားလုံး၏ အခွင့်အရေးများကို ကာကွယ်ရန် ဆောင်ရွက်သောအားဖြင့် ပြဋ္ဌာန်းထားသော လူငယ်မှုဝါဒကို ပြန်လည်၍ သုံးသပ်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၆၆() ၈၁၂၈၇၈၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉၆၂၈၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသုံးသပ်ချက်အားဒါင်းလော့ရယူရန် January MIR (Burmese Template 

တလအတွင်းသတင်းစုစည်းမှုများအား ဒေါင်းလော့ရယူရန် January Chronology (Burmese Template)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 45 remainging PP list burmese version Updated on Jan 31, 17

အမှုရင်ဆိုဆဲစာရင်းအားဒေါင်းလော့ရယူရန် January 184 facing trial list (Bur) updated on Jan 31, 2018 (Updated)

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့်တရားစွဲခံထားရသူများစာရင်း ဒေါင်းလော့ရယူရန် 66 (D) total list(new) Updated