“ကိုမင်းကိုနိုင်နဲ့ ဒီမိုကရေစီ လှုပ်ရှားသူများကို ဝန်းရံကြ”

ကိုမင်းကိုနိုင်၏ ၄၈ နှစ်မြောက်မွေးနေ့ ထုတ်ပြန်ကြေညာချက်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ရက်စွဲ။  ။၂၀၁ဝ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့
ယနေ့သည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်၏ ၄၈ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် နိုင်ငံရေး အကျဉ်းသားများ ကူူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘဝ၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံ ခဲ့သည်၊ ယခုတဖန် ရင်းနှီးမြှပ်နှံဆဲ ဖြစ်သော် လည်းသူသည် နိုင်ငံရေးသတ္တဝါမျှသာမဟုတ်ပေ၊ အနုပညာကောင်းများကို ဖန်တီးသူ တစ်ဦးလည်းဖြစ်ခဲ့သည်။

ကိုမင်းကိုနိုင်သည် သူ၏၄၈နှစ်မြောက်မွေးနေ့ကို သံတိုင်ကြားတွင်တည်ကြည် လေးနက် ပျော်ရွှင်စွာခိုင်မာသော ယုံကြည်ချက်၊ တိကျပြတ်သားသော သံဓိဋ္ဌာန် များနှင့် ဖြတ်သန်းနေမည်ဟု ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့် ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ အကြွင်းမဲ့ယုံကြည်သည်။ ကျွန်ုပ်တို့အနေဖြင့်လည်း ကိုမင်းကိုနိုင်၏ သံတိုင်နောက်ကွယ်မှ မွေးနေ့ပွဲကို ဒီနေရာဌာနမှနေ၍ ဆုတောင်းဂါရဝ ပြုပေးလိုက်ပါသည်။

ကိုမင်းကိုနိုင်သည် ဩဂတ်လ ၂၈ ရက်၊ ၁၉၈၈ ခုနှစ် တွင် ၁၉၆၂ ခုနှစ်ကတည်း မှ စ၍ ဖြိုခွင်းခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ)ကို ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ်ရွေးချယ်ခံခဲ့ရပါသည်။ ကိုမင်းကိုနိုင်အား ဒီမိုကရေစီ နည်းစနစ်ဖြင့် ရွေးချယ်ခဲ့ကြခြင်းသည် ကျွန်ုပ်တို့ အတွက် မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်ပါတော့သည်။

ကျောင်းသား ခေါင်းဆောင် ဒီမိုကရေစီ လှုပ်ရှားမှု၏ ခေါင်းဆောင် ကိုမင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှ အစပြု၍ ၁၆ နှစ်ကြာအောင်ထောင်သွင်းအကျဉ်းချခံခဲ့ရ သည်။  အခန်းကျဉ်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်းပိတ်လှောင်ခံရသော် လည်း မင်းကိုနိုင်က မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချခဲ့သည်။

“ဘယ်လောက်ပဲ မှောင်မည်းပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါတယောက်တည်း မဟုတ်ဘူး၊ ငါ့ရဲ့ ရဲဘော်၊ ရဲဘက်တွေ ရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ နေခဲ့ပါတယ်” ဟု ၁၆ နှစ်ကြာ အကျဉ်းချခံထားရရာမှ ပြန်လည်လွတ်မြောက်လာစဉ် ပြောကြား ခဲ့ဖူးသည်။

ကိုမင်းကိုနိုင်သည် အသက်၂၆ နှစ်အရွယ်ဆိုသော အင်မတန် နုပျို၍ ဆန်းသစ် ကောင်းမွန်သော အတွေးအခေါ်များရှိသော ကျန်းမာတက်ကြွသော အင်အားကြီးမားသော သူ၏ ကိုယ်စွမ်း ဉာဏ်စွမ်းဟူသမျှကို သူ၏လူ့အဖွဲ့အစည်းအတွက် တိုင်းပြည်အတွက် အသုံးမချခဲ့ရပဲ အကျဉ်းထောင်ထဲတွင် ၁၆ နှစ်ကြာအောင် သူ၏ တန်ဖိုးရှိလှသော အချိန်များသည် စစ်အာဏာရှင် လူတစ်စုကြောင့် အချည်းနှီး ကုန်ဆုံးခဲ့ရသည်။ ထောင်မှ ပြန်လွတ်လွတ်ခြင်းပင် မလွတ်မြောက်သေးပဲ ကျန်ရှိသည့် မတရား အကျဉ်းစံနေရသူများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို အဆက်မပြတ် တက်ကြွစွာ လုပ်ဆောင်ခဲ့သည့်အတွက် စစ်အာဏာရှင်တို့ ၏ ကြီးစွာသော အညိုးထားခြင်းကိုခံခဲ့ရပါသည်။

မြန်မာပြည် အရေးအတွက် အလွန်အဖိုးတန်သည့် အချိန်ကာလများကို ပေးဆပ်ခဲ့သူ ဖြစ်သည်။ မင်းကိုနိုင်သည်မိသားစု၊လွတ်လပ်မှု၊ အနုပညာဖန်တီးမှုတို့ကို ချစ်ခင်သော်လည်း မြန်မာပြည်သားများ လိုလားသည့် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေးခဲ့သူ ဖြစ်သည်။

“နိုင်ငံတကာကလည်း မင်းကိုနိုင်၏ လှုပ်ရှားမှု၊ စွန့်လွှတ်ပေးဆပ်မှုများ အတွက် ဂုဏ်ပြုဆုများ ပေးအပ် ကြသည်။ မင်းကိုနိုင်သည် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်နေသူ များကို ကိုယ်စားပြုသူတဦး ဖြစ်လာသည်၊ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကို စတင်ခဲ့သူ ၁၉၈၈ မျိုးဆက် ကျောင်းသား များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက သူတို့ကို ထောင်သွင်း အကျဉ်းချခဲ့သည့် ဗိုလ်ချုပ်ကြီးများအား အာဃာတ စကား မပြောဘဲ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ကြရန်သာ ပြောခဲ့ကြသည်။ စစ်သားများ စစ်တန်းလျား ပြန်ပါဟု မပြောဘဲ တိုင်းပြည် ရှေ့ရေးအတွက် တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြသည်။

၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင် ထောင်မှ ပြန်လွတ်လာစဉ် စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် သူက “မျက်ရည်တွေသိမ်းနိုင်မှ ကျနော် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပာယ် ရှိပါလိမ့်မယ်ဗျာ။ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး” ဟု ပြောခဲ့သည်။

ဩဂတ်လ၊ ၂၀၀ရ ခုနှစ်တွင် ကိုမင်းကိုနိုင် ဦးဆောင်၍ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များသည် လောင်စာဆီဈေးနှုံး ရုတ်တရက် အဆမတန် မြှင့်တက်လိုက်ခြင်းနှင့်ပတ်သက်၍  ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ချမှတ်ခံရကာ သူတို့အားလုံးအား မိသားစုနှင့် အလွန်ဝေးကွာသော မြန်မာနိုင်ငံ အစွန်အဖျားရှိ အကျဉ်းထောင်များသို့ လူခွဲ၍ ပို့ဆောင်ခံခဲ့ရသလို ကိုမင်းကိုနိုင်သည်လည်း သူ၏ မိသားစုနှင့် အလွန်ဝေးကွာသော ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီး ကျိုင်းတုံ အကျဉ်းထောင်၏ တိုက်ခန်းကျဉ်းလေးထဲတွင် ယခုအချိန်ထိ တစ်ဦးတည်း အထီးကျန်စွာ အကျဉ်းစံနေရကာ သူ၏ တည်ငြိမ်ရင့်ကျက်ကာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည့် အသက် ၄ဝ ကျော် ကာလများကို  မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ပေးဆပ်နေ နေရပါသည်။

နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ထားကြသော မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၊ နိုင်ငံရေး အကျဉ်းသားများကို မိမိ တတ်စွန်းသည့်ဖက်မှ နည်းလမ်းပေါင်းစုံဖြင့် ဝန်းရံအားပေးကြရန် တိုက်တွန်းလိုက်သည်။

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃