၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးမှီ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုခြင်း

cover of joint statementရက်စွဲ။ ။ ၂၈ စက်တင်ဘာ ၂၀၁၅။
မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တို့သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအရေးနှင့်ပတ်သက်၍ စောင့်ကြည့်ခြင်း၊ အခွင့် အရေးများမှန်ကန်စွာရရှိရေးနှင့် လွတ်မြောက်ရေးတို့အတွက် အစဉ်တစိုက် ဆောင်ရွက်လျှက်ရှိပါသည်။
ယနေ့အချိန် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေချိန်ပင်ဖြစ်သည်။ ထို့အတူတိုင်းပြည်ငြိမ်းချမ်းရေးအတွက် ပဏာမ ကြိုးပမ်းချက်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့အကြားတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ် ရေးထိုးနိုင်ရန် လက်တကမ်းအလိုတွင် ရောက်ရှိနေသောအချိန်လည်း ဖြစ်ပေသည်။
ထိုသို့သောအချိန်ကာလတွင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်း အကျဉ်းချထားသူများအား လွှတ်မပေးခြင်း သည်တိုင်းပြည်၏ အနာဂတ်ခရီးချောမောရေးကို ဟန့်တားပိတ်ဆို့သည့်သဖွယ်ဖြစ်နေပါသည်။
တိုင်းပြည်ရေးကိစ္စများအတွက် တက်ကြွစွာဆောင်ရွက်နေကြသော နိုင်ငံသူ နိုင်ငံသားများသည် တိုင်းပြည် ၏ ခွန်အားပင်ဖြစ်သလို ၎င်းတို့အားအစိုးရနှင့်သဘောထားမတိုက်ဆိုင်ကွဲလွဲ၍ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးတရားစွဲဆိုထောင်ချနေခြင်းသည် တိုင်းပြည်၏ ရေသောက်မြစ်များအား ဖြတ်တောက်နေခြင်း ပင် ဖြစ်သည်။ အနာဂတ်ခရီးချောမောရေးကို ဟန့်တားပိတ်ဆို့ရာလည်းရောက်ပေသည်။
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန်၊ စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်၊ ဒီမိုကရေစီစနစ် ထွန်းကားစေရန်အတွက် နိုင်ငံရေးအရဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်မှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်ဟု မိမိတို့မှ အကြွင်းမဲ့ ယုံကြည်ပါသည်။
ထို့ကြောင့် အာဏာပိုင်များအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်မရေးထိုးမီ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအရ ဖမ်းဆီးထောင်ချထားသူများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားမှုများကြောင့် တရားရင်ဆိုင်နေရသူများ၏ အမှုများကိုလည်းပိတ်သိမ်းပေးရေးတို့ အတွက် ဆောင်ရွက်ပေးပါရန် မိမိတို့မှ အလေးအနက်တောင်းဆိုပါသည်။
နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အပစ်ရပ်လက်မှတ်ရေးထိုးကြမည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေး အရတရားရင်ဆိုင်နေရသူများလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်ဆိုပေးရန်လည်း မိမိတို့မှ အလေး အနက် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
ဆက်သွယ်ရန်
ကိုတိတ်နိုင် (AAPP) +၉၅ (၀)၉ ၄၂၈၀၂၃၈၂၈
ကိုတင်မောင်ဦး (FPPS) +၉၅(၀)၉ ၅၅၀၁၄၂၉

ဒေါင်းလော့ရယူရန် AAPP_FPPS statement on all PP release