စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၆၄) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၉၀) ဦးရှိပြီး ထိုအထဲမှ (၂၀၃၁၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၁၇၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်း မြင့်တက်လာပြီး အေအေပီပီမှ ကောက်ယူထားသော အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသူ (၂) ဦး နှင့် နိုင်ငံရေးအကျဉ်းသား (၈) ဦး စုစုပေါင်း (၁၀) ဦး သေဆုံးခဲ့ပြီး အများစုမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသောကြောင့် သေဆုံးခဲ့ကြသည်။

အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာလုယူပြီးနောက် နိုင်ငံတဝန်း စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားခုခံကာကွယ်ရေးတပ်များကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာသော လက်နက်ကိုင်တိုက်ပွဲများ အတွင်း ကျန်ရှိခဲ့သော မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် စစ်လက်နက်ခဲယမ်းများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက် များပြားလာပြီး ၂၀၂၄ ခုနှစ်၏ ပထမ သုံးလတာကာလအတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ (၇) ဦးကို အေအေပီပီမှ မှတ်တမ်းတင်ထားသည်။ 

ပြီးခဲ့သည့် သတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် နေအိမ်နှင့် ပစ္စည်းဥစ္စာများကို မီးရှို့ခဲ့ရာ ပြည်သူများမှာ အိုးမဲ့အိမ်မဲ့များ ဖြစ်ကြရသည်။ ဧပြီလ ၃ ရက်နေ့တွင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့သည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌လည်း မတ်လ ၁၇ ရက်နေ့မှ စတင်၍ စစ်အုပ်စုက သာယာဝတီကျေးရွာကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း