နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၅,၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားပါတယ်။ မြန်မာရဲ့ ရှည်လျားတဲ့ နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ချခံရသူ ဒီလောက်များတာ တခါမှ မရှိပါဘူး။

၁၉၆၀ ပြည့်နှစ်များကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအထိ ကျယ်ပြန့်တဲ့ ဒီမိုကရေစီတိုက်ပွဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၀,၀၀၀ ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ၂၀၁၀ ပြည့်နှစ်များကနေ စစ်အာဏာသိမ်းမှုက ကျနော်တို့ အားထုတ်မှုတွေကို မရပ်တန့်စေချိန်အထိ နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော်ကို AAPP က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးက ရခိုင်ကနေ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်အထိ စစ်ကောင်စီစခန်းတွေကို အောင်မြင်တဲ့ တိုက်ခိုက်မှုတွေ စတင်ပြီးနောက် ဒေသတွင်းက သံရုံးတွေဟာ ရပ်တည်ချက် ပြောင်းလာပုံရပါတယ်။ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှုကို လူတိုင်းက သံသယရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ပြည်သူတွေကြားမှာ မျှော်လင့်ချက်သစ်တွေ မြင့်မားလာပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တော်လှန်ရေး အင်အားစုတွေ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဝင်ရောက်ပြီး ကောလင်းထောင် အပါအဝင် စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖြုတ်ချတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အားထုတ်မှု မှတ်တိုင်တခု ဖြစ်လာပါတယ်။

ကျနော့်အဖွဲ့အစည်းဖြစ်တဲ့ AAPP ဟာ ကောလင်းမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၆၃ ဦးစာရင်းကို ဒေသခံ သတင်းရင်းမြစ်တွေဆီက ရရှိခဲ့ပြီး သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်တွေက ချက်ချင်း လွှတ်ပေးခဲ့ပါတယ်။ အဲဒီ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ အသက်မွေးဝမ်းကြောင်းနဲ့ လူ့အဖွဲ့အစည်းကို ဆက်လက် အကျိုးပြုပြီး အများစုက သူတို့ရဲ့လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်ကြပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေ ပြန်လည်ထိန်းချုပ်မှုထက် အိမ်မြေပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ဦးတည်ပြီး အဲဒီမြို့ကို ကျူးကျော်ဝင်ရောက် မီးရှို့လိုက်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ အညာတောင်ဘက် အဓိကမြို့ကြီးတွေမှာ တည်ငြိမ်နေပုံရပါတယ်။ ဒါပေမယ့် ရန်ကုန်က အင်းစိန်ထောင်လို နေရာတွေမှာ အလွန်များပြားလှတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဒုက္ခတွေက လွတ်မြောက်ရေးအတွက် တော်လှန်ရေး အင်အားစုတွေကို အားကိုးလို့ မရနိုင်ပါဘူး။

ပြန်လည် သိမ်းပိုက်ခံလိုက်ရတဲ့ ကောလင်းထောင် အပါအဝင် စစ်ကောင်စီထိန်းချုပ် ထောင်အားလုံးက အခြေအနေဟာ အရမ်းကို ဆိုးရွားပါတယ်။ သက်သေ အထောက်အထားတွေအရ စစ်ကောင်စီရဲ့ အကျဉ်းဦးစီဌာနဟာ အကျဉ်းသားတွေရဲ့ မလုံလောက်တဲ့ အစားအစာ၊ သောက်ရေနဲ့ ချိုးရေ၊ တကိုယ်ရည် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်တွေကို တမင် ကန့်သတ်ထားကြောင်း ပြသနေပါတယ်။

လွန်ခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေဟာ အစာငတ်ခံ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ကြုံသလို ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကို နေ့စဉ် ရင်ဆိုင်ရပါတယ်။ အကျင့်ပျက်ခြစားမှုက နေရာတိုင်းမှာ ရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဝါဒါတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေရဲ့ သွေးစုပ်အမြတ်ထုတ်ခံရတဲ့ ရက်စက်ကြမ်းကြုတ်မှု ကွင်းဆက်မှာ အောက်ဆုံးက ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဖို့ ရာဇဝတ်မှုဥပဒေကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ဦးသိန်းစိန် အရပ်သားအစိုးရအတုတောင်မှ ပြည်သူတွေကို နိုင်ငံရေး ပယောဂမကင်းတဲ့ စွပ်စွဲချက်တွေနဲ့ တရားလက်လွတ် ဖမ်းဆီးခဲ့ပါတယ်။

မြန်မာလူငယ်မျိုးဆက်ကို အတင်းအကျပ် စစ်သားစုဆောင်းဖို့ ၂၀၁၀ ပြည့်နှစ်က မကျင့်သုံးဘဲထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မကြာမီက အကောင်အထည် ဖော်လိုက်တာဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ ဥပဒေတွေ အသုံးပြုတဲ့ နောက်ထပ်ဥပမာတခုပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို တရားရုံး မထုတ်မီ စစ်တပ် စစ်ကြောရေးစခန်းမှာ ပိတ်လှောင်ထားကတည်းက သူတို့ အသက်ဆက်လက် ရှင်သန်ဖို့ အာမခံချက် မရှိတော့ပါဘူး။ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်သူ သို့မဟုတ် ဆက်စပ်တယ်လို့ ယူဆခံရသူတွေအတွက် စံလုပ်ထုံးလုပ်နည်းအဖြစ် ညှဉ်းပန်းနှိပ်စက်မှုကို အသုံးပြုပါတယ်။

တော်လှန်ရေး အင်အားစုတွေနဲ့ စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဇန်နဝါရီလက ထားဝယ်မှာ အဖမ်းခံရတဲ့ အရပ်သား ငါးဦးမှာ အသက် ၂၀ အရွယ် မောင်ကုလားလေးလည်း ပါဝင်ပါတယ်။ သူ့ကို ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်ပြီး နောက်ဆုံးမှာတော့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ လမှာတော့ ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူဟောင်း မနိုဘယ်အေးဟာ ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်တပ် စစ်ဆေးရေးစခန်းတခုမှာ ကိုအောင်ကိုဟိန်း (ခ) လေးခွင်းနဲ့အတူ အဖမ်းခံရပါတယ်။ မကြာမီမှာပဲ သူတို့ကို ပစ်သတ်လိုက်ပြီး စစ်ကောင်စီအရာရှိတွေက မီးသင်္ဂြိုဟ်လိုက်ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေက အထူးအဆန်း မဟုတ်ဘဲ နေ့စဉ်လို ဖြစ်ပျက်နေပါတယ်။

အကျဉ်းထောင်စနစ်မှာ ညှဉ်းပန်းနှိပ်စက်မှု များပြားပြီး ထောင်တွေထဲက ဆိုးရွားတဲ့အခြေအနေတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်စရာ ကျန်းမာရေးအခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ဖြစ်စေပါတယ်။ ကလေးထောင်က နိုင်ငံရေးအကျဉ်းသား ၂၈ ဦးဟာ နှစ်နှစ်နီးပါး ခြေကျင်းခတ်ခံခဲ့ရတယ်။ အခြားနေရာတွေက အလားတူ အခြေအနေတွေကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ သေဆုံးမှု အများအပြား လွှဲရှောင်မရအောင် ဖြစ်စေပါတယ်။

အဲဒီလို သေဆုံးသူတွေမှာ မကွေးထောင်က နှလုံးနဲ့ အသည်းရောဂါတွေအပြင် နမိုနီးယား အအေးမိရောဂါ ခံစားရပြီး ဆေးဝါးကုသမှု မခံရတဲ့ ကျောင်းသူ မစုမေအောင်လည်း ပါဝင်တယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သူ့ကို ဆေးရုံပို့တော့ အရမ်းကို နောက်ကျသွားပါပြီ။ နောက် သုံးရက်ကြာတော့ သူကွယ်လွန်သွားပါတယ်။

နောက် ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မန္တလေး အိုးဘိုအကျဉ်းထောင်က အရာရှိတွေဟာ ဆေးကုသမှု ပိတ်ပင်ထားလို့ နိုင်ငံရေးအကျဉ်းသား မယဉ်မိုး ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ သေဆုံးမှုတွေ တနိုင်ငံလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တာကာလက ကျနော်တို့ကို တခုခု သင်ကြားပေးခဲ့တယ်ဆိုရင် အဲဒီသင်ခန်းစာဟာ မြန်မာက နိုင်ငံရေးအပြောင်းအလဲဟာ နိုင်ငံတွင်းက ပြည်သူတွေဆီကပဲ လာမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ရှင်သန်ရေး မျှော်လင့်ချက်ပေးမယ်ဆိုရင် စစ်ကောင်စီအပေါ် ဖိအားနဲ့ ထောင်နံရံတွေ ပြင်ပက အကူအညီတွေ လိုအပ်ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ ပြင်ပလောကက အကူအညီဟာ နိုင်ငံရေးအကျဉ်းသားတွေကြားမှာ စိတ်ဓာတ်မြှင့်တင်ပေးပြီး ကျနော်တို့ကို မေ့လျှော့မထားကြဘူးလို့ ယုံကြည်စေပါတယ်။

နိုင်ငံတကာအလှူရှင်တွေရဲ့ တစုံတရာသော အကူအညီပေးရေး အစီအစဉ်တွေဟာ တက်ကြွလှုပ်ရှားမှုကြောင့် ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးရှုံးနိုင်မှုကိုတောင် ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြုနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာရင်တောင်မှ သူတို့ဘဝတွေဟာ ဝမ်းနည်းဝမ်းသာ ဖြစ်နေကြရတယ်။ ဒီ ပျောက်ဆုံးသွားတဲ့ မျိုးဆက်ဟာ စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုရောဂါ (PTSD) နဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ရောဂါတွေကို အမြဲတမ်း ခံစားရတယ်။ ပြည်တွင်း နှစ်သိမ့်ဆွေးနွေး ပညာပေးရေးအဖွဲ့တွေကို ထောက်ပံ့ဖို့ နိုင်ငံတကာအကူအညီတွေဟာ ဒါကြောင့်မို့လို့ အရေးပါပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် လူမှုအသိုက်အဝန်းကို အခြေခံသင့်တယ်။

ဒါ့အပြင် ဖမ်းဆီးခံရစဉ် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ခံရသူတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေးအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ ပြန်လည် လွတ်မြောက်လာသူတွေကို ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှုဟာ သူတို့ ဂုဏ်သိက္ခာ ပြန်လည်ရရှိရေးအတွက်လည်း အရေးပါတယ်။ သူတို့ရဲ့ ရာဇဝတ်မှု မှတ်တမ်းကိုလည်း ပယ်ဖျက်ရမယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးနောက် ဘယ်အချိန်ကထက်မဆို အင်အားချိနဲ့လာပုံရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တွေဟာ အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စစ်ကောင်စီရဲ့ လိမ်လည်လှည့်ဖြားတဲ့ နည်းပရိယာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။

သူတို့အနေနဲ့ အပေးအယူ မလုပ်နိုင်တဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးပဲဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကို အငြင်းပွားဖွယ် ဆက်လက် ဖမ်းဆီးထားခြင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက်မှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်တွေ သံတိုင်နောက်ကို ရောက်နေတာဟာ ဆိုးရွားတဲ့ တရားမမျှတမှုဖြစ်ပြီး ကျောင်းဆရာ ဆရာမတွေ၊ သူနာပြုတွေ၊ ကလေးတွေ၊ ရှေ့နေတွေ၊ ကျောင်းသားတွေနဲ့ လူတိုင်းလူတိုင်း အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်မပေးရင် လက်နက်ကိုင်တပ်တခုဟာ အာဏာသိမ်းခွင့် သို့မဟုတ် လူထောင်ပေါင်းများစွာကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုတွေ လုပ်ခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဆက်လက်ကျန်ရှိနေမယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ရွေးချယ်လွှတ်ပေးခြင်းက စစ်တပ်ဟာ သူ့ရဲ့ အာဏာချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ လက်တလုံးခြားနည်လမ်းကို ကျင့်သုံးနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတယ်။

သူတို့အားလုံးကို လွှတ်ပေးခြင်းဟာ စစ်တပ်က အဲဒီအာဏာချုပ်ကိုင်မှုကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်ကို ပြသဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသား ၂၅,၀၀၀ ကျော်ထဲက တချို့ကိုပဲ လွတ်မြောက်စေခြင်းက စစ်တပ်ဟာ မပြောင်းလဲသေးကြောင်း ပြသတာပဲဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွတ်ပေးတာဟာ စစ်တပ်က နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပါဝင်မှုကနေ နောက်ဆုတ်ဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် ပြည်သူ့ဆန္ဒအပေါ် လေးစားမှုအတွက် လမ်းခင်းပေးမှာ ဖြစ်ပါတယ်။

ဦးဘိုကြည်

တွဲဘက်အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
The Unconditional Release of All Myanmar Political Prisoners is Non-Negotiable

ဧရာဝတီ အင်္ဂလိပ်