နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် ကြေညာချက်

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် စတင်ခဲ့သော နွေဦးတော်လှန်ရေးကာလသည် ယခုဆိုလျှင် သုံးနှစ်တိုင်ရှိခဲ့ပြီဖြစ်၍ စစ်အုပ်စုနှင့် ၎င်းတို့၏ တပ်ဖွဲ့များ ကျူးလွန်ခဲ့သော ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို မီးမောင်းထိုးပြရန်အတွက် လွန်ခဲ့သော ၁၂ လတာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ချိုးဖောက်မှု၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ ဤကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အုပ်စု အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားပေါင်း (၂၅၉၃၁) ဦးရှိ၍ ၎င်းတို့အနက် (၁၉၉၉၁) ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားနေရဆဲဖြစ်သည်။ ထိုသို့ ထိန်းသိမ်းခံထားရဆဲသူများအနက် (၈၆၅၆) ဦးကို မတရားသော ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ထားသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖြိုခွင်းရာ၌ စစ်အုပ်စုနှင့် ၎င်းတို့၏ တပ်ဖွဲ့များက သတ်ဖြတ်ခဲ့သော အရပ်သားနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဦးရေမှာ (၄၄၇၄) ဦးရှိ၍ ၎င်းတို့အနက် (၁၅၈၈) ဦးမှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

နွေဦးတော်လှန်ရေး တတိယနှစ်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ

ညှင်းပန်းနှိပ်စက်မှုများသည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များနှင့် ထိန်းသိမ်းချုပ်နှောင်ရေးစခန်းများအတွင်း နေရာအနှံ့အပြားဖြစ်ပွားနေပြီး စစ်အုပ်စုကလည်း ထိုသို့ညှင်းပန်းနှိပ်စက်မှုကို လက်စွဲမူဝါဒတစ်ရပ်အနေနှင့် ကျင့်သုံးလျက်ရှိသည်။ နွေဦးတော်လှန်ရေး တတိယနှစ်တွင် စစ်ကြောရေးအတွင်း သေဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသားဦးရေ (၂၈) ဦးရှိပြီး နိုင်ငံရေးအကျဉ်းသား (၃၁) ဦးမှာ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယခုတော်လှန်ရေး တတိယနှစ်အတွင်း လူပေါင်း (၁၉၈၈) ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုသူများအပါအဝင် ရှေ့နှစ်နှစ်တာကာလအတွင်းဖမ်းဆီးခံထားရသူများထဲမှ (၁၆၉၇) ဦးမှာ ယခုတတိယနှစ်အတွင်း စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ထိုသို့ ဖမ်းဆီးအကျဉ်းချနေသော်လည်း တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း (၈၇၃) ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။ အေအေပီပီက မှတ်တမ်းတင်ထားသည့်အတိုင်း စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှု အများအပြားသည် ပြည်သူလူထု၏ ခုခံတော်လှန်မှု အားကောင်းသော စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားနေသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းအတွင်း လူ (၃၀၉) ဦး ဖမ်းဆီးခံရ၍ လူ (၇၇၀) ဦး အသတ်ခံခဲ့ရသည်။ ဤနေရာတွင် သတိပြုရန်အချက်မှာ အထက်ပါကိန်းဂဏန်းများသည် အေအေပီပီက ကောက်ယူအတည်ပြုထားနိုင်သည့် အရေအတွက်များသာဖြစ်ပြီး တိုင်းရင်းသားဒေသများအပါအဝင် လက်ရှိမြေပြင်ရှိ တကယ့်ကိန်းဂဏန်းများသည် များစွာပို၍ မြင့်မားနေနိုင်သည်ဟု မိမိတို့ ယုံကြည်ပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားသော ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများသည် စစ်အာဏာရှင်အုပ်စုနှင့် ၎င်းတို့၏အာဏာထိန်းချုပ်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။ နွေဦးတော်လှန်ရေးအလှည့်အပြောင်းသည် စစ်မြေပြင်တိုက်ပွဲများအပေါ်တွင် မူတည်နေသော်လည်း ယခုလို လူအများက လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေစဉ် အခြားတစ်ဖက်၌လည်း ဆန္ဒပြမှုများနှင့် အခြားသောငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် လှုပ်ရှားခြင်းတို့သည် နေ့စဥ်ရက်ဆက် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဤလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သူ တဦးတယောက်စီတိုင်းသည် စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသဖြင့် လုယုထားခြင်းအား လက်မခံငြင်းဆန်နေကြခြင်း ဖြစ်သည်။

စစ်အုပ်စုအတွက်မဟုတ်သည့် ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပေါ်ပေါက်လာစေရန်၊ နိုင်ငံတကာတွင် စစ်အုပ်စုအား အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခြင်းကို ငြင်းပယ်ရန်အတွက် ဤနွေဦးတော်လှန်ရေး စတုတ္ထနှစ်ကာလတာအတွင်း နိုင်ငံတကာ ထောက်ခံသူများအနေဖြင့် ဆက်လက် အားထုတ်ကြိုးပမ်းကြရန် ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဒေါင်းလော့ရယူရန် Burmese Version Statement on Third Year Anniversary of Spring Revolution (1-Feb-2024)

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း