ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။       ။ ဇန်နဝါရီ ၈၊ ၂၀၂၃။

ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား  ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး  မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ ထုတ်ပြန်လိုက်သည်။  

၁။ မြန်မာနိုင်ငံတွင်  အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်း ဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များချမှတ်ခြင်း၊ အကျဉ်း ထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေပါသည်။

၂။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ မှစတင်ခဲ့သောပုသိမ်ထောင်ဖြစ်စဉ်တွင် အင်အားအလွန်အကျွံသုံး၍ အသက်သေဆုံးစေသည့် ညှဉ်းပန်းနှိပ်စက်မှု ပြုမူဆောင်ရွက်ခြင်းကြောင့် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသား အများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အကျဉ်းထောင်တွင်း မတရား ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းကို ကျူးလွန်လိုက် ကြောင်း ထင်ရှားနေပါသည်။ ထိုသို့ကျူးလွန်မှုသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) ကို အတိအလင်းချိုးဖောက်ရာရောက်သည်။

၃။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်မှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာထောင်အာဏာပိုင်များ၊ ကိုယ်တိုင်ကျူးလွန်သူများအားလုံးအနေဖြင့် တာဝန်ခံရမည်ဖြစ်သည်။

၄။ ထိုကဲ့သို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်အသင်း အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရ သည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။  

၅။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ပုသိမ်ထောင်ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့ နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်းနှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါကျူးလွန်မှုများကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေးယန္တရားတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။

 

ညှဉ်းပန်းနှိပ်စက်မှုနှင့်အခြားသောရက်စက်၍လူမဆန်သည့်(သို့)လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်ပြုမှုဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှုတို့ကိုတားမြစ်ဆန့်ကျင်သည့်သဘောတူစာချုပ် (UNCAT)
 အပိုဒ်(၂) (၂) စစ်မက်ဖြစ်ပွားသည့်ကာလ(သို့)စစ်ဘေးအန္တရာယ်ကျရောက်နိုင်သည့်ကာလ၊ ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှု(သို့) အခြားသောအများပြည်သူအပေါ် သက်ရောက်သည့် အရေးပေါ်အခြေအနေ တို့အပြင် မည်သည့် အခြေအနေမျိုးတွင်မဆို ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ကျူးလွန်ခွင့်မပြု။
အပိုဒ်(၂)(၃) အထက်အရာရှိ(သို့) အစိုးရအရာရှိများထံမှအမိန့်တစ်ရပ်ရပ်အား နှိပ်စက်မှုပြုလုပ်ကျူးလွန်ရန် အကြောင်းပြချက်အဖြစ် သုံးခွင့်မပြု။

 

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

ဆက်သွယ်ရန်- info@aappb.org

စတိတ်မန့်အပြည့်အစုံကိုဒေါင်းလော့ရယူရန် Statement on Pathein Prison case 2023