စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် နှင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ အချက်အလက်များကို ယနေ့ (စက်တင်ဘာ ၂၉)တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင်ကျဆုံးခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၁၄၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၉၁၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၀၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
စက်တင်ဘာလ ၂ရ ရက်နေ့၊ ည ၁ဝ နာရီခန့်တွင် လောက်ကိုင်အခြေစိုက် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်၊ မန်ခါးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ သောကြောင့် အသက် ၉ နှစ်အရွယ် မောင်မာဘုံ နှင့် ၎င်း၏မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာ ပြင်းထန်သော မောင်မာဘုံမှာ ယမန်နေ့ (စက်တင်ဘာ ၂၈) ညနေပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အရပ်သား သုံးဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖမ်းဆီး၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအရပ်သားသုံးဦးမှာ ကမ်းလောင်းကျေးရွာမှ အသက် ၆ဝ အရွယ် ဦးလိန်းဟုန်း၊ အသက် ၃ဝ ဝန်းကျင်အရွယ် ကိုလိန်းအောင် နှင့် ကျော့တော်ကျေးရွာမှ အသက် ၃ဝ ဝန်းကျင်အရွယ် ကိုကွီးအွမ်တို့ဖြစ်ကြပြီး ၎င်းတို့သည် စစ်ဘေးရှောင်စခန်းမှ ကျေးရွာရှိ နေအိမ်ကို ရိက္ခာပစ္စည်းများ သွားရောက် ယူဆောင်စဉ် ကန်ပက်လက်လေယာဉ်ကွင်းသစ်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားကျေးရွာမှ ကိုစူးရယ် နှင့် ကိုကျော်လင်းပိုင်တို့သည် စားစရာများသွားရောက်ဝယ်ယူစဉ် ပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ယမန်နေ့ (စက်တင်ဘာ ၂၈) တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ကိုစူးရယ် နှင့် ကိုကျော်လင်းပိုင်တို့ ဒေါခလိုက်လင်း ဘောလုံးကွင်းနားအရောက်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for September 29, 2021 (English)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under-Detention-List-Last-Updated-on-29-September-2021
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release-Lists-Last-Updated-on-29-September-2021
အမိန့်ချမှတ်ခံထားရသူများစာရင်း Updated_Sentenced-List-Last-Updated-on-29-September-2021