စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့ (ဩဂုတ် ၁၉) တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့တွင်ပင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၁၀၀၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၄၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာမှ ကိုသက်နိုင်ဦးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ယမန်နေ့ (ဩဂုတ် ၁၈) ညပိုင်းတွင် ဖမ်းဆီးခဲ့ပြီး တစ်ညလုံး ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်သောကြောင့် ယနေ့ (ဩဂုတ် ၁၉) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုသက်နိုင်ဦးသည် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ တပ်စွဲထားသော ကျောက်ကန်ကျေးရွာ စာသင်ကျောင်း တောင်ဘက်မှ နေအိမ်ဘက်သို့ ပြန်လာစဉ် ဓာတ်မီးရောင်တွေ့သည်ဟုဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ်များကို ယမန်နေ့ (ဩဂုတ် ၁၈) နေ့လယ်ပိုင်း၌ ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုဝင်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ စိုင်ပြင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ်ကို စီးနင်းခဲ့ပြီး ဦးဝင်းမြင့်အောင်၏ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားတစ်ဦး၊ ညီဖြစ်သူ ဦးစန်းလင်းတို့ကို ဖမ်းဆီးသွားသည်ဟု သိရှိရသည်။ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းရာ၌ ၎င်း၏ အစ်ကိုဖြစ်သူ ဦးမှတ်ဆန်းနှင့် တူတော်စပ်သူတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒီပဲယင်းမြို့ပေါ်ရှိ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေါ်နှင်းခိုင်စိုး၏ ဖခင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရပြီး အောက်စီဂျင်ရှုနေရသည့်အတွက် ဖမ်းဆီးခံရခြင်း မရှိကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော နိုင်ငံရေးလေ့လာသုံးသပ်ချက်များရေးသားသည့် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အကြမ်းဖက်စစ်အုပ်စုမှ ၎င်းတိမ်းရှောင်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ တိုက်ခန်းတစ်ခုတွင် ဩဂုတ်လ ၁၅ ရက်နေ့ ညအချိန်က ဖမ်းဆီးခဲ့သည်။ ဦးစည်သူအောင်မြင့်သည် VOA၊ Frontier Myanmar Magazine တို့၏ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝေဖန်သည့်သည့် သတင်းဆောင်းပါးများ၊ သရော်စာများရေးသားသောကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 19, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Updated_Under Detention List (Last Updated on 19 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists ( Last Updated on 19 August 2021)