စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဩဂုတ်လ ၁ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဩဂုတ်လ ၁၆ ရက်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ အပြစ်မဲ့ပြည်သူ (၁) ဦး၏ အချက်အလက်များကို ယနေ့ (ဩဂုတ် ၁၇) တွင် ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၉၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်။
လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက် ၁ဝ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆောက်ကလေးကျေးရွာမှ ဒေသခံရွာသား ဦးသန်းစိန်သည် ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ဖုန်း lock ကို မဖွင့်ပေး၍ဟုဆိုကာ ထိုးကြိတ်ခြင်း၊ ဝါယာကြိုးများ၊ ဝါးများဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် ဦးသန်းစိန်မှာ သွားသုံးချောင်း ကျွတ်ထွက်သွားခဲ့သည်။ ယင်းကဲ့သို့ ညနေထိတိုင် ရိုက်နှက်ခံရမှု‌ကြောင့် ဦးသန်းစိန် အသက်သေဆုံးရခြင်း ဖြစ်သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။ ဦးသန်းစိန်သည် ရပ်ရွာအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများအား ဖမ်းဆီးနေသောကြောင့် တိမ်းရှောင်နေရာ မှ အိမ်ကို ပြန်ရောက်ချိန်တွင် အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှုးမှ သတင်းပေးသောကြောင့် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ (ဩဂုတ် ၁၆) ညနေ ၅ နာရီခန့်က မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်း၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်သီဟသည် ဆိုင်ကယ်မောင်းလာစဉ် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက အိမ်စီးကားနှင့်တိုက်ကာ ဝိုင်းဝန်းထိုးကြိတ်ပြီး သေနတ်များဖြင့် ချိန်ရွယ်၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုမှ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ တိမ်းရှောင်နေထိုင်ရာ နေအိမ်တချို့ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး သပိတ်စစ်ကြောင်းတွင်ပါဝင်သည့် မပီတိကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Recent Fatality List for August 17, 2021 (Burmese)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List (Last Updated on 17 August 2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists (Last Updated on 17 August 2021)